SJ WorldNews - шаблон joomla Авто

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို လာမည့်နှစ်မှစ၍ ၁၁ မျိုးမြောက် ကာကွယ်ဆေးသစ် အဖြစ် ထိုးနှံပေးမည်

Thursday, 19 October 2017 10:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    အောက်တိုဘာ   ၁၈

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို လာမည့်နှစ်မှ စ၍ ၁၁ မျိုးမြောက် ကာကွယ်ဆေးသစ်အဖြစ် တစ်နိုင်ငံလုံးတွင် အစီအစဉ်နှစ်ရပ်ဖြင့် တစ်ပြိုင်တည်း ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းထံမှ သိရသည်။

နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းအစီအစဉ် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်က ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့ ဟိုတယ်၌  ကျင်းပသည်။

''ဂျပန်ဦးနှောက်ရောင်ရောဂါက ခြင်ကနေတစ်ဆင့် ကူးစက်တဲ့ရောဂါလည်း ဖြစ်ပါတယ်။ ခြင်နှိမ်နင်းဖို့  အကျိုးမရှိလို့  ကာကွယ်ဆေးက အကျိုးရှိတဲ့အတွက်  တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားမှာပါ'' ဟု ဒေါက်တာထားထားလင်းက ပြောသည်။

အဆိုပါလုပ်ငန်းကို နိုင်ငံတစ်ဝန်း၌ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ အခြေခံပညာကျောင်း အခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်အဖြစ် လည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက်မှ ၂ဝ ရက်အထိ ပြည်သူလူထု ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်အဖြစ် လည်းကောင်း အသက် ကိုးလမှ ၁၅ နှစ်အတွင်းရှိ ကလေးငယ် စုစုပေါင်း ၁၄ သန်းခန့်ကို ကာကွယ်ဆေး စတင်ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းကာကွယ်ဆေးကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှ စ၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ၁၁ မျိုးမြောက် ကာကွယ်ဆေးအဖြစ် အသက် ကိုးလအရွယ် ကလေးများကို ထည့်သွင်း ထိုးနှံပေးမည်ဖြစ်သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ Gavi ၊ Path ၊ WHO နှင့် ယူနီဆက်တို့မှ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပြီး Gavi အဖွဲ့က ယင်းအစီအစဉ်အတွက် ကလေးတစ်ဦးလျှင် အမေရိကန် ၁ ဒေါ်လာနှုန်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။ 

Read 505 times Last modified on Thursday, 19 October 2017 10:07