တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ကျင်းပ ၊ မြန်မာနိုင်ငံက လာအိုနိုင်ငံထံမှ ပူးတွဲဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူ

နေပြည်တော်  သြဂုတ်  ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တတိယအကြိမ် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မှ ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာထောင်လွန်းဆီဆုလစ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် ဝန်ကြီးချုပ် မစ္စတာလီခချန်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်သည်။ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဟွန်ဆင်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်  မစ္စတာပရာယုဒ်ချန်အိုချာနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုတို့လည်း တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးကို  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှု မှတ်တမ်းဗီဒီယိုပြသ၍ ဖွင့်လှစ်သည်။ အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များသည်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် သုံးသပ်မှုပြုခဲ့ကြပြီး၊ ပူးပေါင်းဆောင်ရွက်မှု မူဘောင်၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ချစ်ကြည် ရင်းနှီးစွာ အမြင်ချင်ဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆွေးနွေးရာတွင် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင်  အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ခံစားခဲ့ရသူများအတွက် ဝမ်းနည်းပါကြောင်းနှင့် COVID-19 ကပ်ရောဂါကို မှန်ကန်သော စီမံခန့်ခွဲမှုများဖြင့် အောင်မြင်

စွာ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းအတွက် မဲခေါင်-လန်ချန်းနိုင်ငံများ၏ အစိုးရအဖွဲ့များကို ချီးကျူးကြောင်း၊ မြန်မာနိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွက်  တရုတ်နိုင်ငံမှ အကူအညီများ ပေးအပ်ခဲ့ခြင်းကိုလည်း  ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပေါ် တိုးတက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဆွေးနွေးရာ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုပြီး၊ အာဆီယံ

အသိုက်အဝန်း တည်ထောင်ရေးနှင့် ၂ဝ၃ဝ ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုလျက်ရှိကြောင်း၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ တိုးမြှင့်ရရှိ

ရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များ၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှုနှင့် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းဝယ်မှုစသည့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေး လုပ်ငန်းစဉ်များတွင် မဲခေါင်-လန်ချန်းနိုင်ငံများ၏ ပေါင်းစည်းမှုအင်အားသည် များစွာအရေးကြီးပါကြောင်း ပြောကြားသည်။

ထို့ပြင် အနာဂတ် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် အနာဂတ်ကာလ၏ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေးကို မျှော်မှန်း၍  ကျန်းမာရေးကဏ္ဍ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များအား အချိန်ကိုက်တိုးချဲ့နိုင်ခဲ့ခြင်း အတွက် ချီးကျူးကြောင်း၊  ကူးစက်ရောဂါများ အထူးသဖြင့်COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေး သုတေသနပြုမှုနှင့် ကာကွယ်ဆေး ထုတ်လုပ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်လိုကြောင်း၊  ထို့ပြင်အဆိုပါ ကာကွယ်ဆေးများကို လူတိုင်းလက်လှမ်းမီ သုံးစွဲခွင့်ရရှိနိုင်ရေး အတွက် လုပ်ငန်းအစီအစဉ်တစ်ရပ်အား ထူထောင်သွားရန် လိုအပ်ကြောင်း၊  ဒေသတွင်း ပေါင်းစည်း ဆက်နွှယ်မှုမြှင့်တင်ရေးနှင့် စီးပွားရေး ပေါင်းစည်းမှုတို့သည်   ကုန်စည်လွတ်လပ်စွာစီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးနှင့် အခြားသော ပူးပေါင်းဆောင်ရွက်မှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် များစွာအရေးကြီးကြောင်း ထည့်သွင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက မဲခေါင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံအလိုက် အမျိုးသား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများအား ချိတ်ဆက်အထောက်အကူပြုရန် အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေထူထောင်ပေးပြီး ရန်ပုံငွေများထောက်ပံ့ကူညီပေးလျက်ရှိသည့် တရုတ်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ယင်းအစည်းဝေးက အနာဂတ်လုပ်ငန်း အစီအစဉ်များအတွက် မူဝါဒလမ်းညွှန် တစ်ရပ်အဖြစ် ''ဗီယင်ကျန်းကြေညာစာတမ်း'' နှင့် ''မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ကုန်း-ရေနှစ်သွယ် ကုန်သွယ်ရေး စင်္ကြံသစ်အကြား ချိတ်ဆက် ဆောင်ရွက်ရေး ပူးတွဲဥက္ကဋ္ဌ ကြေညာချက်'' တို့အား အတည်ပြုထုတ်ပြန်ခဲ့သည်။ ဗီယင်ကျန်းကြေညာစာတမ်း၌ COVID-19 အလွန်ကာလ စီးပွားရေး ပြန်လည်ထူထောင်ရေး၊ ဒေသတွင်း ပေါင်းစည်းဆက်နွှယ်မှု မြှင့်တင်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရရှိရန်အတွက် အခြေအနေကောင်းများ ဖန်တီးပေးရေး၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများ ဖြေရှင်းရေးတို့ကို အနာဂတ်ဦးစားပေး လုပ်ငန်းများအဖြစ် ဖော်ပြထားသည်။

ဆွေးနွေးမှုများအပြီးတွင် မြန်မာနိုင်ငံသို့ လာအိုနိုင်ငံမှ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်း လက်ခံရယူသည့် အစီအစဉ်ကိုကျင်းပရာ၊နိုင်ငံတော်သမ္မတက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ ပူးတွဲ ဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံ ဝန်ကြီးချုပ်ထံမှ လွှဲပြောင်းရယူပြီးနောက် မိန့်ခွန်းတစ်ရပ်ပြောကြားသည်။ မြန်မာနိုင်ငံအနေဖြင့် အမြဲတမ်း ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ လာမည့် နှစ်နှစ်တာကာလအတွက် ပူးတွဲဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်သွားရမည်ဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရန်နှင့် နိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန်ရည်ရွယ်၍ ၂ဝ၁၆ ခုနှစ်တွင် တရားဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာအား အထောက်အကူပြုနိုင်စေရန်အတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း ၅၁ ခုအတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ သန်းအား မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။

တတိယအကြိမ်   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခေါင်းဆောင်များ အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနနှင့်  နိုင်ငံခြားရေး

ဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများ  ပါဝင်တက်ရောက်ခဲ့ကြသည်။