ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော်  သြဂုတ်  ၂၄

နိုင်ငံတော်၏    အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ သို့ တရားဝင်ခရီး ရောက်ရှိနေသည့် ဂျပန်နိုင်ငံ   နိုင်ငံခြားရေးဝန်ကြီး  H.E.  Mr.Toshimitsu  MOTEGI အား ယနေ့မွန်းလွဲ ၂   နာရီတွင်  နိုင်ငံခြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍   နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသည်။

နှစ်နိုင်ငံတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် နှင့်  တာဝန်ရှိပုဂ္ဂိုလ်များ  မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr.Ichiro MARUYAMA နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ   တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ တားဆီး ရေးနှင့်  ကုသရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆက်လက်ကူညီပံ့ပိုး သွားမည့်အခြေအနေ၊ ကိုဗစ်-၁၉ ကာလ အတွင်း  နှစ်နိုင်ငံ  နိုင်ငံသားများအတွက် ကယ်ဆယ်ရေး လေယာဉ်များ ဆက်လက် ပျံသန်းပြေးဆွဲပေးရေးနှင့် အပြန်အလှန် သွားလာမှုများ တစ်ဆင့်ချင်း ပြန်လည်ဖွင့်လှစ်သွားရေး၊ မြန်မာနိုင်ငံ၌ နိုဝင်ဘာလအတွင်း ကျင်းပမည့်  အထွေထွေရွေးကောက်ပွဲ အတွက် ဂျပန်နိုင်ငံမှ အကူအညီပေးအပ်ရေးနှင့် လေ့လာသူအဖွဲ့ စေလွှတ်သွားရေး ကိစ္စ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ဂျပန် အစိုးရမှ ကူညီပံ့ပိုးမှုများ ဆက်လက်ပေးအပ်သွားမည့် ကိစ္စ၊ ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးချဲ့သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြ သည်။

ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင် ဂျပန်နိုင်ငံအနေဖြင့် သိမ်မွေ့နက်နဲသည့် အခြေအနေကို နားလည်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း များအကြား သဟဇာတဖြစ်ရေးနှင့် တည်ငြိမ်ရေးအပါအဝင်  မြန်မာအစိုးရ ကိုယ်တိုင် စီမံ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို  ဆက်လက်ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့၏ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ကူညီပံ့ပိုးပေးခြင်းသည် တန်ဖိုးအရှိဆုံး ဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် စွမ်းဆောင်ရည်မြှင့်တင်ရန် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူး တင်ကြောင်း ပြောကြားသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စရပ်များအပေါ် နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ၍ အမြင်ချင်း ဖလှယ်ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မည့် အခြေအနေပေါ်မူတည်၍ နှစ်နိုင်ငံအကြား ကာလရှည် နေထိုင်ခွင့်ရရှိ ထားသူများအား အပြန်အလှန် ဝင်ရောက်နိုင် ရေးနှင့် ပတ်သက်၍ တစ်ဆင့်ချင်း ဖြေလျှော့သွားရေး ကိစ္စရပ်များကို  စက်တင်ဘာလ လယ်တွင် ဆက်လက်ဆွေးနွေးရန် နှစ်ဖက် သဘောတူခဲ့ကြသည်။

ထို့ပြင် ဂျပန်နိုင်ငံသို့ ကာလတိုလာ ရောက်လိုသည့် အတတ်ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် ဂျပန် နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ဖြေလျှော့ပေးမည့် business track  အစီအစဉ်နှင့် ဂျပန်အစိုးရမှ ပေးအပ်သည့် ပညာသင်ဆု ရရှိထားသည့် မြန်မာပညာတော်သင်များကို ဂျပန်နိုင်ငံသို့ မကြာမီ ဝင်ရောက်ခွင့်ပြုရေး ကိစ္စတို့ကိုလည်း ဆက်လက်ညှိနှိုင်းသွားရန်  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။