မြန်မာပီပီ နောက်မဆုတ်တမ်း ကြံပါလေ

မြန်မာနိုင်ငံ သမိုင်းတွင် ကြာသပတေးမင်းခေါ် မဟာဓမ္မရာဇာ အဓိပတိမင်း (သို့မဟုတ်) ဟံသာဝတီ ရောက် မင်းမရှိသည့်နောက် အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားခဲ့သည်။ သူတစ်လူငါတစ်မင်းနှင့် ကျီးလန့်စာစား အခြေအနေသို့ ရောက်ရှိသွားသည်။ ခေါင်းဆောင်မဲ့နေသော အခြေအနေတွင် မုဆိုးဘိုရွာမှ ဦးအောင်ဇေယျသည် ပတ်ဝန်းကျင်ရွာများကို စုစည်းကာ ခိုင်ခိုင်မာမာ ထန်းလုံးတပ်ကာရံထားပြီး လူအင်အား၊ စိတ်ဓာတ်အင် အားများ စုစည်းထားသည်။ ထိုသောအခါ ဦးအောင်ဇေယျ၏ ပုံရိပ်သည် ထင်ထင်ရှားရှား မြင်သာလာသည်။ တစ်ဖက်ရန်သူများဖြစ်သော ပဲခူးသားတို့နှင့် ကွေ့မင်း ပုဏ္ဏအိမ် အုပ်စုနှစ်စုက ဦးအောင်ဇေယျကို တိုက်ခိုက် လာသည်။ သက္ကရာဇ် ၁၁၁၄ ခုနှစ် ကဆုန်လဆန်း ရက်နေ့၌ မုဆိုးဘိုမြို့သို့ ပဲခူးဥပရာဇာ စေလွှတ်သောလူ ၃ဝ ရောက်လာသည်။ ထိုနေ့၌ပင် ကွေ့မင်းပုဏ္ဏအိမ်က စေလွှတ်သော လူ ၂ဝ လည်းရောက်လာကြသည်။ အကြောင်းကား ထိုမင်းနှစ်ဦးတွင် တစ်ဦးဦးကို ဦးအောင်ဇေယျက လက်အောက်ခံအဖြစ် သစ္စာ ခံစေလိုခြင်းဖြစ်သည်။ ဦးအောင်ဇေယျသည် ပရိယာယ်၌ လိမ္မာတော်မူသည့်အတိုင်း ပျူငှာချေငံစွာ ကြိုဆို၍ သင့်တင့် လျောက်ပတ်သော နေရာတွင် ထိုနှစ်ဖွဲ့အားထားလိုက်သည်။ ယခုရောက်လာသော မင်းမှူးမတ်တို့မှာ ကျွန်ုပ်တို့အား သစ္စာရေတိုက်ရန် တစ်နေ့တည်း ဆုံစည်း ရောက်လာသောကြောင့် အရေးအခွင့်အသင့် ဖြစ်နေသည်။ သစ္စာတော် ခံယူခြင်းကိစ္စများသည် ပေါ့ဆ သောအရာ မဟုတ်ဘဲ လေးနက်စွာ နှလုံးသွင်းရမည်ဖြစ်သည်။ ယခုမင်းနှစ်ပါးဆိုင်လျက်ရှိရာ နှစ်ပါး စလုံးကိုပင် ပြိုင်တူသစ္စာမခံကောင်းပါ။ ညီသားဆွေမျိုးတို့နှင့် ယခုညတိုင်ပင် ပါရစေဦး။ နံနက်မိုး သောက်လျှင် သင်တို့အလိုနှင့် သစ္စာခံရမည့်အရာကို အပြီးအစီး ရွက်ဆောင်ပါမည်ဟူ၍ နှစ်ဖက်စလုံးသို့ ပြန်ကြားထားသည်။ ထိုည၌ ဦးအောင်ဇေယျသည် ဖခင်မင်းညိုစံနှင့် မိခင်စောငြိမ်းဦးတို့နှင့် တွေ့ဆုံသည်။ ဖခင်ဖြစ်သူက အထက်အောက်နိုင်ငံအားလုံး ပဲခူးမင်းသစ္စာကို ခံကြရကုန်ပြီ။ သူတို့မှာလည်း မရေမတွက်နိုင်သော လက်နက် ကိရိယာ၊ ဆင်မြင်း၊ သူရဲသူခက်အင်အား များလှသည်။ ငါတို့မိသားစုမှာရှိသော ဥစ္စာရွှေငွေကို တစ်ဝက်ခွဲပေးပြီး ပဲခူးမင်း၏ သစ္စာတော်ကိုခံယူလျှင် သင့်မည်ထင်သည်ဟူ၍ပြောသည်။ ဦးအောင်ဇေယျက မည်သည်ကိုမျှ စိုးရိမ်တော်မမူပါနှင့်၊ ယောက်ျားကောင်းတို့မည်သည်မှာ လုံ့လဝီရိယအကြံအစည်ကို လျှော့မြဲမဟုတ်ပါ။ တစ်တိုင်းပြည်လုံး ခံသော်လည်း ကျွန်တော်တို့ ကြောက်ရွံ့ ဖွယ်မရှိပါ။ လူနည်းသည်၊ များသည်မှာ ပဓာနမဟုတ်၊ လုပ်ရည်ကြံရည်သာ ပဓာနဖြစ်သည်။ ပြည်သူ ပြည်သားများအကျိုး၊ သာသနာတော်၏အကျိုး၊ ဆွေတော်မျိုးတော်တို့၏ အကျိုးကို ရွက်ဆောင်ပြီး မင်းဧကရာဇ်အဖြစ်နှင့် ခမည်းတော်တို့ကို ကျေးဇူးဆပ်ပါမည်ဟူ၍ ပြန်လည်ပြောကြားခဲ့သည်။ ဖခင်ဖြစ်သူမင်းညိုစံသည် သား၏ပြောစကားကို လွန်စွာသဘောကျသွားသည်။ ငါ့သားပြောပုံမှာ ယောက်ျားပီသလှသည်။ လက်ရုံးတော်လည်း မီးတောက်ဖူးသည်။ ဇာတာစန်းလဂ် အိပ်မက်တော်များ တွင်လည်း မင်းဖြစ်အံ့သော နိမိတ်ထင်ရှားလှသည်။ ငါလည်းငါ့သားခြင်္သေ့စီး၍ ကောင်းကင်ယံသို့ တက်သည်ကို ပြည်သူအပေါင်းတို့ကြည့်ကြစဉ် ကောင်းကင်မှတက်၍ ရွှေတန်ဆာ ဘုရားရင်ပြင်တော် တွင် ဘုရားသခင်အား ရှိခိုးပူဇော်သည်ကို မြင်မက်တော်မူဖူးသည်။ မချွတ်ဧကန်မင်းအဖြစ်ဖြင့် သာသနာတော်ကို ချီးမြှင့်ရမည့်သူ ဖြစ်ပေသည်။ မြန်မာပီပီ နောက်မဆုတ်တမ်း ကြံပါလေဟူ၍ ပြောခဲ့သည်။ ဦးအောင်ဇေယျ၏ ပြောစကားကို သူ၏မိဘနှစ်ပါးက အားရဝမ်းသာ ဖြစ်သွားသည်။ ထိုကိစ္စကိုရဲဘော် ရဲဘက်တို့နှင့် လျှို့ဝှက်စွာ ဆွေးနွေးပြန်သည်။ အလောင်းမင်းတရားကြီး၏ သားတော်ကြီးက ''ပဲခူးသားတို့ အင်းဝကိုရသည်မှာ လူရည်ကောင်း၍ မဟုတ်ပါ။ အင်းဝရွှေနန်းရှင်ကလည်း ကံမကောင်း၊ မြန်မာအပေါင်းတို့ကလည်း ပေါ့လျော့နေခိုက်မို့ ရန်သူ့လက်သို့ရောက်ရခြင်း ဖြစ်ပါသည်။ သူတို့အများ ချီလာသော်လည်း ကျွန်တော်ခံနိုင်အောင်ခံမည်။ မည်သူ့သစ္စာကိုမျှမခံလိုပါ။ ရန်သူကို အညံ့ခံမည့်အ စား အသက်အသေခံ မည်ဟူ၍ ရဲဝံ့ပြတ်သားစွာ လျှောက်တင်ခဲ့သည်။ ညီတော်ဖြစ်သူက တစ်ဖက်ဖက်နှင့်ပေါင်း၍ အခြားတစ်ဖက်အား တိုက်ထုတ်ရန် အကြံပြုသည်။ ထိုအခါ ဦးအောင်ဇေယျက သစ္စာခံပြီးမှ ဖီဆန်လျှင် ကမ္ဘာတစ်လျှောက်လုံး သစ္စာမဲ့ဟု ပြောထုံး ဖြစ်ရစ်တော့မည်။ ဘယ်သူ့သစ္စာကိုမျှ ခံယူဖွယ်မရှိ။ ယခုမုဆိုးဘိုရွာလည်း အသင့်အတင့် ကျုံး၊ မြောင်း၊ ကတုတ် စသောမြို့၏ အင်္ဂါရပ်များနှင့်အညီ တည်ပြီးဖြစ်လျက် တစ်ဦးဦး၏သစ္စာကို ခံချေသော် နောင်အရေးကို မမြင်ရာရောက် ခြိမ့်မည်။ သို့ဖြစ်၍ နှစ်ဦးစလုံး၏သစ္စာကိုမခံရအောင် ဥပါယ်တံမျဉ်ဖြင့် ငါပြောဆိုမည်ဟု ဦးအောင်ဇေယျကပြောခဲ့သည်။ ပြောသည့်အတိုင်းပင် လုပ်ဆောင်ခဲ့သည်။ နောက်တစ်နေ့နံနက်တွင် သံတမန်နှစ်ဦးကို အစုံအညီ ခေါ်တော်မူ၍ ''ပဲခူးမင်းနှင့် ကွေ့မင်းနှစ်ပါး စလုံးမှာ ဘုန်းလက်ရုံးကြီးသော အရှင်ချည်းဖြစ်၍ မုဆိုးဘိုက သစ္စာမခံ၊ တင်းမာခုခံ၊ ခြားနားနေနိုင်မည်မဟုတ်ပါ။ တစ်ဦးဦး၏ သစ္စာကိုခံမှသာ မုဆိုးဘိုရွာမှာ ရေလည်းမနောက် ကြာမပျောက် ဆိုသကဲ့သို့ အေးငြိမ်း ချမ်းသာစွာ နေနိုင်မည်ဖြစ်သည်။ ယင်းသို့ဖြစ်သောကြောင့် ဘုန်းလက်ရုံးကြီးမားသော မင်းနှစ်ပါးတို့ ယှဉ်ပြိုင်ရာတွင် တစ်ဦးကိုတစ်ဦး နှိမ်နင်းနိုင်သည့်အခါ ရောက်မှသာလျှင် သစ္စာကိုခံပါရစေဟူ၍ လိမ္မာပါးနပ်စွာ သံခင်းတမန်ခင်း ပြန်ကြားခဲ့သည်။ အလောင်းမင်းတရားကြီး၏ မြန်မာပီပီ နောက်မ ဆုတ်တမ်း ကြံစည်လုပ်ဆောင်ပုံမှာ စံနမူနာယူထိုက်ပါကြောင်း ရေးသားလိုက်ရပေသည်။