စိတ်ရင်းစေတနာကောင်းရှိမှ လုပ်ငန်းအောင်မြင်မည်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၂၅ ရက်)

ယနေ့နိုင်ငံတော်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိသည်။

အချို့သော ကိစ္စရပ်များကို နှစ်ရှည်ကြာ ဆောင်ရွက်နေသော်လည်း အောင်မြင်မှုနှင့် အလှမ်းကွာနေဆဲဖြစ်သည်။

ထိုသို့ဖြစ်ရသည့်အကြောင်း အချက်များတွင် ရိုးသားမှုမရှိခြင်းကြောင့် ဆိုသော အချက်လည်း ပါဝင်ပေသည်။

စိတ်ရင်းစိတ်ထားအမှန်ဖြင့် မှန်သည်ကို မှန်သည့်အတိုင်း၊ မမှန်သည်ကိုမမှန်သည့်အတိုင်း ပြောဆိုလုပ်ကိုင်မှု မရှိခြင်းနှင့် မိမိတို့၏ လိုချင်တပ်မက်မှု လောဘများနေခြင်းတို့ကြောင့် ရိုးသားမှုတို့ ပျောက်ကွယ်နေလေသည်။

ရိုးသားမှု ကိုယ်စီရှိကြမည်ဆိုလျှင် အောင်မြင်မှုသည် မိမိထံသို့ အလိုလိုရောက်လာမည်သာဖြစ်ပေသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက  ကျောင်းသင်ခန်းစာတွင် ပြဋ္ဌာန်းခဲ့သော  သစ်ခုတ်သမား နှစ်ယောက်အကြောင်း ပြန်ပြောင်းပြောချင်သည်။ ပထမသစ်ခုတ်သမားက တောထဲတွင် သစ်ခုတ်သွားရင်း သူ၏သံပုဆိန် ရေထဲသို့ကျသွားသည်။ မြစ်ကမ်းပါးစပ်တွင် ခုတ်နေခြင်းဖြစ်၍ သံပုဆိန်က မြစ်ထဲသို့ကျသွားခြင်းဖြစ်သည်။

မြစ်ထဲသို့ ဆင်းဆယ်ရန် အခက်အခဲရှိနေသည်။ စိတ်ညစ်ညစ်နှင့် ထိုင်ကာငိုကြွေးနေလိုက်သည်။ ပုဆိန်နှင့် မိသားစုကို လုပ်ကျွေးနေရသူ သူ့အတွက် ပုဆိန်ဆုံးရှုံးသွားခြင်းသည် သူ၏အနာဂတ်ကို ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထိုမြစ်တွင် စောင့်နေသောမြစ်စောင့်နတ်က ငိုကြွေးနေသောသစ်ခုတ်သမားကို ဘာကြောင့်ငိုကြွေးနေတာလဲ အကျိုးအကြောင်းမေးလိုက်သည်။ သစ်ခုတ်သမားက အဖြစ်မှန်ကိုပြောပြလိုက်သည်။

ထိုအခါ မြစ်စောင့်နတ်က ရေထဲသို့ငုပ်၍ ရွှေပုဆိန်ယူလာကာ ဒါသင့်ပုဆိန်လားဟု မေးသည်။ သစ်ခုတ်သမားက မဟုတ်ပါဟုဖြေသည်။ မြစ်စောင့်နတ်သည် ဒုတိယအကြိမ် ရေထဲဆင်းလိုက်ကာ ငွေပုဆိန်ကိုယူလာ၍ ဒါသင့်ပုဆိန်လား မေးပြန်သည်။ သစ်ခုတ်သမားက သူ့ပုဆိန်မဟုတ်ကြောင်း ဖြေလိုက်ပြန်သည်။ မြစ်စောင့်နတ်လည်း ရေထဲသို့ငုပ်ပြန်ကာ သံပုဆိန်ကို ယူလာခဲ့သည်။ ဒါသင့်ပုဆိန်လားဟု မေးလျှင် သစ်ခုတ်သမားက မှန်ပါတယ် ဒါကျွန်တော့် ပုဆိန်ဖြစ်ပါတယ်ခင်ဗျာဟု ဖြေလိုက်သည်။ မြစ်စောင့်နတ်က ဤသစ်ခုတ်သမားသည် ရိုးသားသော စကားကိုပြောဆို၏။ ရိုးသားစိတ်ထားရှိသူ အတွက် ရွှေပုဆိန်၊ ငွေပုဆိန်နှင့် သံပုဆိန် သုံးခုစလုံးကို ပေးလိုက်လေသည်။

ထိုအကြောင်းကိုကြားသိသော အခြားသော သစ်ခုတ်သမားတစ်ဦးသည်  သစ်ခုတ်ဟန်ဆောင်ရင်း ပုဆိန်ကိုမြစ်ထဲသို့ ပစ်ချလိုက်သည်။ မြစ်ထဲသို့ချလိုက်သော ပုဆိန်အတွက် လွန်စွာဝမ်းနည်းပူဆွေးကာ ငိုကြွေးနေလိုက်သည်။ ထိုအခါ မြစ်စောင့်နတ်ပေါ်လာပြီး ယခင်အတိုင်းမေးမြန်းသည်။ ဟန်ဆောင်သော သစ်ခုတ်သမားက မိမိပုဆိန်ရေထဲသို့ကျသွား၍ ငိုရပါသည်ဟုဆိုသည်။ မြစ်စောင့်နတ်က ရေတွင်ငုပ်ကာ ရွှေပုဆိန်ကို ယူ၍ ပြန်ပေါ်လာလေသည်။ ရွှေပုဆိန်ကိုပြ၍ ဤပုဆိန်သည် သင့်ပုဆိန်လားဟု မေးလေသည်။ ဟန်ဆောင်သော သစ်ခုတ်သမားသည် ရွှေပုဆိန်ကို တွေ့ကာမျှနှင့် မိမိလောဘရမ္မက်ကို မတားဆီးနိုင်ဘဲ ဟုတ်ပါတယ် ဒါကျွန်တော့်ပုဆိန်ပါဟု ဖြေလေသည်။ ထိုအခါ မြစ်စောင့်နတ်က ဤသူသည် ရိုးသားမှုမရှိ၊ လိမ်ညာပြောဆိုတတ်သည်ဟုဆိုကာ ရွှေပုဆိန်ကိုကိုင်လျက် ကွယ်ပျောက်သွားလေသည်။

ထိုမရိုးသားသော သစ်ခုတ်သမားသည်  ရွှေပုဆိန်ကို မရရုံသာမက  သူပိုင်ဆိုင်သော သံပုဆိန်လေးပင် ဆုံးရှုံးသွားခဲ့သည်။  ပေးချင်သော သင်ခန်းစာမှာ  လူငယ်တိုင်း၊  ဤစာကိုဖတ်မိသူတိုင်း  ရိုးသားမှုရှိခြင်းသည်အကောင်းဆုံးဖြစ်ကြောင်း ပြောလိုရင်းဖြစ်သည်။ တစ်နည်းအားဖြင့် သူတစ်ပါးလုပ်သလို မိမိအတုယူ လုပ်ဆောင်တိုင်း အောင်မြင်မှု ရသည်မျိုးမဟုတ်ပါ။ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွင် စေတနာနှင့် မေတ္တာတရားသည် အရေးကြီးသလို စိတ်ဓာတ်ကြံ့ခိုင်မှု၊ အားထုတ်ကြံစည်မှု၊ လုံ့လ၊ ဝီရိယတို့သည်လည်း အရေးကြီးလှပေသည်။

စိတ်ထားမကောင်းသူ၊ ရိုးသားမှုမရှိသူအတွက် အောင်မြင်မှုသည် အလှမ်းဝေးကွာနေမည်သာဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီးတွင် စိတ်ရင်းစေတနာကောင်း မရှိသူသည် ကြီးပွားတိုးတက်လျှင်သော်မှ ရေရှည်တည်မြဲခြင်း ရှိမည်မဟုတ်ပေ။ ရိုးသားမှုရှိမည်၊ ကြိုးစားမှုရှိမည် ဆိုသူများအတွက် အခွင့်အရေးသည် မဖိတ်ခေါ်ဘဲနှင့်လည်း ရောက်လာပါလိမ့်မည်။ လောဘစိတ်များပြီး ရိုးသားမှုမရှိသူများ အတွက်မူကား ရွှေပုဆိန်ကိုမြင်တွေ့လျက် ရွှေပုဆိန်နှင့် ဝေးကွာရသည့်ပမာ ဖြစ်နေပေလိမ့်မည်။

စိတ်ရင်းစိတ်ထားသည် လူတစ်ဦးအတွက် အကောင်းဆုံးသော မှတ်ကျောက်ဖြစ်သည်။ ရိုးသားကြိုးစား လုပ်အားဖြင့်နိုင်ငံတည်ဟူသော ဆောင်ပုဒ်ကလေးသည် တန်ဖိုးရှိလှသည်။ ရိုးသားသော သစ်ခုတ်သမားကဲ့သို့ ရွှေပုဆိန်မြင်ပါလျက် မိမိပစ္စည်းမဟုတ်က မဟုတ်ကြောင်း ရိုးသားစွာပြောဆိုရမည်။ လိုချင်တပ်မက်စိတ်ကိုထိန်းထားနိုင်ခြင်းကြောင့် ရွှေပုဆိန်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ စိတ်ရင်းစေတနာကောင်း ဆိုသည်မှာ ဟုတ်မှန်သည်ကို ဟုတ်မှန်သည့်အတိုင်း၊ မှားနေသည်ကို မှားနေသည့်အတိုင်း ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲရှိသူဖြစ်ပြီး အများအကျိုးက သယ်ပိုးဆောင်ရွက်အောင်မြင်လိုသူများတွင်ရှိသော အရည်အချင်းတစ်ရပ်ဖြစ်ပေရာစိတ်ရင်း စေတနာကောင်းရှိမှ လုပ်ငန်းအောင်မြင်မည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။     ။