ချီးကျူးဂုဏ်ပြုထိုက်သော သမားကောင်းဇာနည်များ

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၂၆ ရက်)

လူတစ်ဦးသည် မွေးဖွားသည်မှ အသက်ရှင်သန်နေထိုင်စဉ်အတွင်း မရှိမဖြစ် လိုအပ်ချက်မှာ ကျန်းမာရေးဖြစ်ပေသည်။ ကျန်းမာရေး ကောင်းမွန်နေမှသာ ကောင်းမွန်စွာ ပညာသင်ကြားနိုင်မည်။ ကောင်းစွာ အလုပ်လုပ်ကိုင်နိုင်မည်။ နိုင်ငံတော် တာဝန်ကို ကျရာအခန်းကဏ္ဍမှ ထမ်းဆောင်လိုလျှင်လည်း ကျန်းမာရေးသည် အဓိကဖြစ်သည်။ တပ်မတော်သည် ပြည်သူများ ကျန်းမာရေးကို အလေးထားသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများမှ ပြည်သူများအတွက်  ခေတ်မီရွေ့လျား ခွဲစိတ်ကုသရေး ယာဉ်များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိသည့်အပြင်   နယ်လှည့် အထူးဆေးကုသရေးအဖွဲ့များ စေလွှတ်၍ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ အထူးဆေးကုသရေး အဖွဲ့များ စေလွှတ်၍ လည်းကောင်း၊ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် လည်းကောင်း ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ အချို့ဒေသများသည် ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်မှု ခက်ခဲသည်။ ရာသီဥတု အနေအထားမှာလည်း နွေရာသီထက် မိုးနှင့်ဆောင်းရာသီက ပိုမိုများပြားသည်။ အခက်အခဲ အမျိုးမျိုးရှိနေသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ မြှင့်တင်ပေးရန် လိုအပ်လာသည်။ အဆိုပါဒေသသို့ သွားရောက်တာဝန် ထမ်းဆောင်ရန် ကိုယ်တိုင်ဆန္ဒပြုသူ များပြားလွန်းသဖြင့်  စိစစ်၍ ရွေးချယ်စေလွှတ်ခဲ့ပြီး နှစ်နှစ်တစ်ကြိမ် တာဝန်လဲလှယ် ထမ်းဆောင်စေခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်  နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများရှိ ဆေးရုံများတွင်  တပ်မတော်သား ဆရာဝန်များတာဝန်ထမ်းဆောင်မှုမှာ ပထမအကြိမ်အဖြစ် ၂ဝ၁၆ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂ဝ၁၈ ခုနှစ်တွင် တပ်မတော်သား ဆရာဝန် ၄၄ ဦးဖြင့် လည်းကောင်း၊ ယခု ၂ဝ၂ဝ ပြည့်နှစ်တွင်လည်း တပ်မတော်သားဆရာဝန် ၄၄ ဦးသည် တတိယအကြိမ်အဖြစ် လည်းကောင်း သွားရောက်တာဝန် ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်မှု ခက်ခဲသောဒေသများတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေး ကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန် လိုအပ်ချက်ရှိသော ဆေးရုံများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သား ဆရာဝန်များအား ဂုဏ်ပြုပွဲကို ၂ဝ၂ဝ ပြည့်နှစ် သြဂုတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ''နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူနိုင်ငံသားများ ကျန်းမာကြံ့ခိုင်မှုသည် အဓိကနေရာ၌ ပါဝင်ကြောင်း၊ ''အာရောဂျံ၊ ပရမံ၊ လာဘံ''ဟူသည့် စကားနှင့်အညီ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး လူတိုင်းသည် သက်ရှည်ကျန်းမာခြင်းကို လိုလားကြပါကြောင်း'' ပြောကြားသည်။

ထို့ပြင် ''ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြရာ၌ ကျောင်းနေအရွယ် ကလေးငယ်များကို စာပေပညာများ ကူညီသင်ကြားပေးခဲ့ကြသည်ဟု သိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် အခြေခံ လိုအပ်ချက်များကိုလည်း တင်ပြ၍ လိုအပ်သည်များကို ကူညီပေးကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်များ အနေဖြင့် ကျန်းမာရေး ကောင်းမွန်မှုရှိရမည်၊ ပညာရေး ကောင်းမွန်ရမည်၊ ပို့ဆောင်ဆက်သွယ်မှု ကောင်းမွန်ရမည်၊ လျှပ်စစ်စွမ်းအား ရှိရမည်ဖြစ်ကြောင်း'' ပြောကြားခဲ့သည်။

၂ဝ၁၆ ခုနှစ် မတ်လမှ ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လအထိ တပ်မတော်သား ဆရာဝန်များ သွားရောက်တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသမှုဆိုင်ရာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် အထွေထွေရောဂါများ အတွက် ကုသပေးခဲ့သူ အရေအတွက်မှာ ၃၇၃၄၁၆ ဦးဖြစ်ကြောင်း သိရသည်။ တပ်မတော်သား ဆရာဝန်များပီပီ သူတို့သည် တာဝန်ကျရာဒေသတွင် နေ့စဉ်နှင့်အမျှ ပြင်ပလူနာဌာနတွင် လူနာများကြည့်ပေးခြင်း၊ အရေးပေါ် ခွဲစိတ်ကုသပေးခြင်း၊ ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းအပြင် အလှမ်းဝေးကွာလှသည့် ကျေးရွာများအထိ နယ်လှည့်ကွင်းဆင်း ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်မှာလည်း ဂုဏ်ပြုထိုက်လှပေသည်။ ချီးကျူးဂုဏ်ပြုထိုက်သော သမားကောင်း ဇာနည်များကို ဂုဏ်ပြုခြင်းသည် မင်္ဂလာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။