၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၁၂၅ ပုဒ်မခွဲ(၁) ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ သြဂုတ် - ၂၆

၁။    ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၁၂၅ ပုဒ်မခွဲ(၁)၌ " ပုဒ်မခွဲ(၂)တွင် ပြဋ္ဌာန်းသည့် အတိုင်းမှတစ်ပါး ဤအက်ဥပဒေကို လိုက်နာရသူ တစ်ဦးဦးအား ပြစ်မှုကျူးလွန် သည့် နေ့ရက်မှ ၃ နှစ်ကုန်ဆုံးသည့်အခါ၊ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်း ကို စတင်မပြုလုပ်ရ။ " ဟု ပြဋ္ဌာန်းဖော်ပြခဲ့သည်။ ယင်းမူလပြဋ္ဌာန်းမှုကို ပြင်ဆင်လိုသည့် ဥပဒေကြမ်းတစ်ခုအား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ပေးပို့ခဲ့သဖြင့် ၎င်းဥပဒေကြမ်းကော်မတီက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်တွင်  အမျိုးသားလွှတ်တော်၌ တင်သွင်းဆွေးနွေးခဲ့ပြီး ဇူလိုင်လ ၃၀ ရက်တွင်  အတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့တင်ပြခဲ့ပါသည်။ ၎င်းပြင်ဆင်ချက်မူကြမ်းကို ပြည်သူ့လွှတ်တော်က ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၂၀ ရက်တွင် ပြင်ဆင်ချက်မရှိကြောင်း အတည်ပြုဆုံးဖြတ်ခဲ့ပြီး အမျိုးသားလွှတ်တော်သို့  ပြန်လည်ပေးပို့ ခဲ့သဖြင့် အမျိုးသား လွှတ်တော်၌ သြဂုတ် ၂၅ ရက်တွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ခြင်းမပြုဘဲ သဘောတူ ကြောင်း ဆုံးဖြတ်ချက်ပေးပို့လာခြင်းကို အသိပေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ သြဂုတ် ၂၆ ရက်(ယနေ့)တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၁၂ အဖြစ် အောက်ပါအတိုင်း ပြဋ္ဌာန်းခဲ့ပါသည်-

"(၁)    ပုဒ်မခွဲ(၂)တွင် ပြဋ္ဌာန်းသည့်အတိုင်းမှတစ်ပါး အောက်ပါနေ့ရက်တစ်ခုခုမှ သုံးနှစ်ကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဤအက်ဥပဒေကို လိုက်နာရသူ တစ်ဦးဦးအား စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းကို စတင်မပြုလုပ်ရ-

            (က)    ပြစ်မှုကျူးလွန်သည့်နေ့ရက်၊

            (ခ)    နစ်နာသူ သို့မဟုတ်အရေးယူပိုင်ခွင့်ရှိသူက ပြစ်မှုကျူးလွန်ကြောင်း မသိရှိရာမှ ပြစ်မှုကျူးလွန်ကြောင်းကို သိရှိလာသည့်အခါ ၎င်းင်းတို့သိရှိသည့် နေ့ရက်များအနက် စောရာနေ့ရက်၊

            (ဂ)    နစ်နာသူသို့မဟုတ် အရေးယူပိုင်ခွင့်ရှိသူက ပြစ်မှုကျူးလွန်သူ မည်သူဖြစ်ကြောင်း မသိရှိရာမှ ယင်းပြစ်မှုကျူးလွန်သူ မည်သူဖြစ် ကြောင်းကို ၎င်းင်းတို့ သိရှိသည့်နေ့ရက်များအနက် စောရာနေ့ရက်။"

၂။    ၎င်း ဥပဒေကြမ်းနှင့်ပတ်သက်၍ အာဆီယံဒေသတွင်း နိုင်ငံများရှိ တော်ဝင်ဘရူနိုင်း တပ်မတော်အက်ဥပဒေ( Royal  Brunei  Armed  Forces  Act) ၏ ပုဒ်မ ၁၁၉ တွင် " စစ်ဘက်ဥပဒေအရ ပြစ်မှုများအတွက် ကာလ စည်းကမ်းသတ် "( Limitation   of   time  for  trial of offences  under  military  law)  ဟု လည်းကောင်း၊ မလေးရှား တပ်မတော်အက်ဥပဒေ ( Malaysia  Armed  Forces  Act) ပုဒ်မ ၁၄၄ တွင် " စစ်ဘက် ဥပဒေအရ ပြစ်မှုများအတွက် ကာလစည်းကမ်းသတ် "( Limitation   of   time  for  trial of offences  under  Service  law)  ဟုလည်းကောင်း၊ စင်ကာပူတပ်မတော်အက် ဥပဒေ ( Singapore  Armed  Forces  Act)   ပုဒ်မ ၁၁၁ တွင် " ပြစ်မှုများအတွက် ကာလစည်းကမ်းသတ် "( Limitation   of   time  for  trial of offences)   ဟု လည်းကောင်း အသီးသီးထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။ ထို့အတူ အခြားကမ္ဘာ့နိုင်ငံများ၌ အက်ဥပဒေ အသီးသီးကို ပြဋ္ဌာန်းထားရှိပြီး ခေတ်ကာလနှင့် လျော်ညီအောင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

၃။    တပ်မတော်သားများသည် နယ်ဘက်ဥပဒေများအပြင် စစ်ဘက်ဆိုင်ရာ ဥပဒေများ ကိုပါ လိုက်နာရပြီး တာဝန်ထမ်းဆောင်ရမူမှာလည်း ထူးခြားသည့် သဘောသဘာဝရှိသည့် အတွက်ကြောင့် လည်းကောင်း၊ ဥပဒေလိုက်နာရသည့်အပြင် စစ်စည်းကမ်းထိန်းသိမ်းမှုကိုပါ  ခံယူကြရသူများဖြစ်သည့်အတွက်ကြောင့် လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် နောက်ကြောင်း အေးစွာ ထမ်းဆောင်နိုင်ရန်အတွက် လည်းကောင်း၊ တပ်မတော် သားများအပေါ် စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်ပြဋ္ဌာန်းချက်ကို တပ်မတော် ဆိုင်ရာ ဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းရခြင်း ဖြစ်ပါသည်။

၄။    ယနေ့ခေတ်ကာလတွင် တပ်မတော်သားများ ပြစ်မှုကျူးလွန်မှုများအပေါ် လေ့လာ သုံးသပ်တွေ့ရှိချက်များ အရ အချို့သော တပ်မတော်သားများ ကျူးလွန်သည့် ပြစ်မှုများသည်  ခွင့်မလွှတ်ထိုက်ဘဲ မလွဲမသွေ အရေး ယူရမည်ဖြစ်သော်လည်း ကာလစည်းကမ်းသတ်ကာလ သုံးနှစ်ကျော်မှသာ သိရှိရပြီး နယ်ဘက်သို့ လွှဲပြောင်းပေး ရမည့် ပြစ်မှုများတွင် အကျုံးမဝင် သည့်အတွက်ကြောင့် အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ပေးရမည့် အခြေအနေများ ဖြစ်ပေါ် လာပါသည်။ ထို့ကြောင့် အရေးယူထိုက်သူကို အရေးယူခံရခြင်းမှ ကင်းလွတ်ခြင်း မရှိစေရန် အတွက် လည်းကောင်း၊ တပ်မတော်သားများ ခံစားထိုက်ခွင့်ရှိသည့် စစ်ဆေးစီရင်ခြင်းဆိုင်ရာ  ကာလစည်းကမ်းသတ် အခွင့်အရေးကို မဆုံးရှုံးစေရန် အတွက် လည်းကောင်း စဉ်းစားသုံးသပ် လျက် အကောင်းဆုံး နည်းလမ်းရရှိရန် ကြိုးစားရှာဖွေခဲ့ပြီး ဥပဒေကို ခေတ်နှင့်အညီ ပြင်ဆင် ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့