ထာဝရငြိမ်းချမ်းရေးကို လိုလားသော တပ်မတော်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၂၇ ရက်)

တပ်မတော်သည် နိုင်ငံတော်အတွက် စတင်ပေါ်ပေါက်လာသည်မှ ယနေ့တိုင် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိသည်။

ရောင်စုံသောင်းကျန်းသူ ထူပြောလှသော အချိန်ကာလများတွင်   စစ်တိုက်ခြင်းဖြင့်   တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်သည်။ ပြည်တွင်း၊ ပြည်ပရန်များကို ချေမှုန်းရင်း နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဆောင်ရွက်သည်။ တပ်မတော်ကို ကမ္ဘာ့အဆင့်မီ တပ်မတော်ဖြစ်နေစေဖို့ လေ့ကျင့်ရေးကိုလည်း  အခါမလပ် လုပ်ဆောင်သည်။ ပြည်သူ့အကျိုးပြု လုပ်ငန်းများအဖြစ် ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုဘဝမြင့်မားရေး စသော လုပ်ငန်းရပ်များကို ကျယ်ပြန့်စွာ လုပ်ဆောင်ပေးလျက် ရှိသည်။

ထို့ပြင် တပ်မတော်သည် နိုင်ငံတော်၏ စည်းလုံးမှု၊ အမျိုးသားရေး ကိုယ်ခံစွမ်းအားနှင့် ကာကွယ်ရေးစွမ်းအားများကို ယုတ်လျော့စေမည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထာဝရငြိမ်းချမ်းရေး အတွက် ခေတ်အဆက်ဆက် တိုင်းပြည်ခေါင်းဆောင်များ ဆောင်ရွက်လျက်ရှိသည်မှာ ယနေ့အချိန်အခါအထိပင်ဖြစ်သည်။ လက်နက်ကိုင် တိုက်ခိုက်မှုများသည် နိုင်ငံရေး ပဋိပက္ခကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း လွတ်လပ်ရေး ခေတ်ဦးသမိုင်းတွင် လေ့လာပါကတွေ့နိုင်သည်။ တပ်မတော် ဆိုသည်မှာ နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသည်။

ငြိမ်းချမ်းရေး အောင်မြင်မှုအတွက် လိုက်လျောနိုင်သမျှ လိုက်လျောဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၄ ရက်က ထုတ်ပြန်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်တွင် တွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံတွင် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ  ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂ဝ၂ဝ ပြည့်နှစ် မေ ၁ဝ ရက်မှ သြဂုတ် ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားခဲ့သည်။ ယခုအခါ ထပ်မံ၍ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှ ၃ဝ ရက်အထိ အကြမ်းဖက် အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို တိုးမြှင့် ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။

တပ်မတော်အနေဖြင့် COVID-19  ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေး တာဝန်အဖြစ် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းခြင်းကို ရက်တိုးမြှင့်ပေးခြင်း ဖြစ်ပေသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အရေးနှင့် ပတ်သက်လာလျှင် စကားလုံး အသုံးအနှုန်းကအစ ဂရုတစိုက်ရှိခဲ့ကြသည်။ ဥပမာအားဖြင့် - တော်လှန်ရေးကောင်စီ လက်ထက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုတွင်တော်လှန်ရေးကောင်စီသည် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို ရေးသားရာ၌ အချက်အလက် အကြောင်းအရာများကိုသာ ဂရုစိုက်သည်မဟုတ်။ စကားလုံးကိုပင် ရွေးချယ်သုံးခဲ့လေသည်။ သူပုန်များကို ဖိတ်ခေါ်ခြင်း ဖြစ်သော်လည်း တစ်ဖက်မှ နာသာခံခက်မဖြစ်အောင် ''သူပုန်'' ''သောင်းကျန်းသူ'' စသော စကားများကို ရှောင်ခဲ့သည်။ သူပုန်များ မကြိုက်သော အခေါ်အဝေါ်လည်းမဖြစ်ရန်၊ တိကျမှန်ကန်မှုလည်း ရှိရန် စကား ရွေးချယ်ရသည်မှာ မလွယ်ချေ။ အချိန်အတော်ယူ၍ ရွေးချယ်ကြရသည်။ နောက်ဆုံးတွင် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ ဟူ၍ သုံးနှုန်းကာ ဖိတ်ခေါ်လိုက်ရလေသည်...ဟူ၍ သိန်းဖေမြင့်၏ တွေ့ဆုံဆွေးနွေးရေး၏ အတွင်းရေး၊ အပြင်ရေးများ စာအုပ်တွင် ရေးသားထားသည်။ ငြိမ်းချမ်းရေးရချင်လွန်း၍ စကားလုံး အသုံးအနှုန်းကိုပင် အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ထင်ရှားလှသည်။

တပ်မတော်အနေဖြင့် ၂ဝ၁၉ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့သည့် အတွက် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သမိုင်းတွင် တစ်ခါမျှမရှိသော ''ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များ'' ကို ထုတ်ပြန်နိုင်ခဲ့သည်။ ဤသည်မှာ တပ်မတော်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေး ရသည်အထိ လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။