တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်

နေပြည်တော်၊ သြဂုတ် - ၂၇
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၂၆ ရက်နှင့်ယနေ့တို့တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၃) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာ သင်တန်းကာလ တစ်လျှောက်စည်းကမ်းလိုက်နာမှု၊ ဘာသာရပ်အလိုက်ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများအပေါ် မူတည်၍ သင့်လျော်သည့်(ကြည်း၊ ရေ၊ လေ)စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။ 

ထို့နောက် နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အနော်ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများ နှင့်အတူ နေ့လယ်စာကိုအတူတကွသုံးဆောင်ကြပြီး စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။