စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  ဇွန်  ၁၂  ရက်)

ဆရာဝန်များ CDM လုပ်ခြင်းသည် နိုင်ငံတကာမှလက်ခံထားသောဆရာဝန်တို့၏ ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်တို့ကို ဖောက်ဖျက် ခြင်းဖြစ်သည်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) သည် ထိုကျင့်ဝတ်ကို ရှင်းလင်းစွာဖော်ပြထားသည်။ စစ်မြေပြင်၌ပင်လျှင် ဆရာဝန်များသည် ဘက်မလိုက်ဘဲ ရန်သူစစ်သည်များအပါအဝင် ဒဏ်ရာရလူနာများနှင့် ရောဂါဝေဒနာရှင်များအားလုံးကို ကုသ အသက်ကယ်ရန်တာဝန်ရှိသည်။

နိုင်ငံတိုင်းနီးပါးတွင် ဤကျင့်ဝတ်ကိုဖောက်ဖျက်သောဆရာဝန်များကို ရှုတ်ချကြသည်။ နိုင်ငံ့ဝန်ထမ်းတိုင်းသည် နိုင်ငံရေးတွင် ပါဝင် ပတ်သက်ရန် အကြောင်းမရှိပေ။ တက်လာသော အစိုးရတိုင်း၏သစ္စာကိုသာ စောင့်သိ၍ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရပေမည်။ ဆရာဝန်များသည် သာမန်လူတို့ထက် Óဏ်ရည်မြင့်မားသူများဖြစ်သည်ဟုဆိုနိုင်သည်။ အသိဉာဏ် အတွေးအခေါ်မှာ သာမန်အများသူငါတို့ထက် မြင့်မားနေမည်ဟု ယုံကြည်သည်။ သို့သော် CDM လုပ်နေသူများတွင် သာမန်ဆေး ဝန်ထမ်းထက် ဆေးဘက်ဆိုင်ရာမြင့်မြင့်မားမား တာဝန်ယူထားသူများ ပါဝင်နေသည်မှာ အံ့သြဖွယ်ဖြစ်သည်။ ပို၍အံ့သြဖွယ် ကောင်းသည်မှာ သူတို့သည် နိုင်ငံရေးအခြေအနေအမှန်ကို လေ့လာမှုမရှိဘဲ မိမိတို့စိတ်ထင်ရာကို တစ်ဇွတ်ထိုး လုပ်ဆောင် နေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဘယ်ကြောင့်ပေါ်ပေါက်လာရသနည်း။ အကြောင်းရင်းကို ထဲထဲဝင်ဝင်လေ့လာသင့်သည်။ ပေါ်ပေါက်လာရသောအကြောင်းရင်းများမှန်ကန်မှုရှိ၊ မရှိလေ့လာသင့်သည်။ စိစစ်သင့်သည်။ ထိုသို့လေ့လာစိစစ်ပြီးမှသာ ဆုံးဖြတ် ချက်ချမှတ်သင့်သည်။ ယခုသော် ထိုသို့မဟုတ်ပေ။ ၎င်းင်းတို့ကိုယ်တိုင် ငွေကြေး၊ လူမှုရေး၊ စီးပွားရေး၊ အဂတိလိုက်စားမှု မကင်းသောအခါ CDM လုပ်ခြင်းကို အကြောင်းပြ၍ လုပ်ငန်းခွင်ကိုစွန့်ခွာထွက်ပြေးကြသည်။ ဆရာဝန်များ ထားရှိရမည့် စိတ်ဓာတ်များ လုံးဝထားရှိခြင်းမရှိဘဲ ဆေးရုံများပိတ်ကာ ဆေးမကုဘဲနေတော့သည်။ ထိုအခါဒုက္ခရောက်ရသည်မှာ ပြည်သူများ သာဖြစ်သည်။

သူတို့၏လုပ်ရပ်သည် ကမ္ဘာကပင် လက်မခံနိုင်သောလုပ်ရပ်၊ လူစိတ်မရှိသောလုပ်ရပ်ဖြစ်သည်။ ရဟန်းရှင်လူအများပြည်သူအတွက် တပ်မတော်သည် မယိမ်းမယိုင်ရှိနေ၍သာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ရပ်ဆိုင်းမသွားခြင်းဖြစ်သည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဆေးဘက်ဆိုင်ရာ ပညာရှင်များကြောင့် ပြည်သူများအသက်ဆုံးရှုံးမှုလျော့နည်းခဲ့ခြင်းဖြစ်သည်။ ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍမြင့်မားရေးအတွက် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများက ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်း တိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက် ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်း မြို့နယ် ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်း တောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့်လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ စေလွှတ်ကုသပေးလျက်ရှိသည်။

တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများအနေဖြင့် ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြော ရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သော ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ခွဲစိတ် ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

ထို့ပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ကုသမှုများဆောင်ရွက်ပေးရန် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ဇွန် ၁၀ ရက်အထိ ပြင်ပလူနာပေါင်း ၂၄၀၆၀၇ ဦးနှင့် အတွင်းလူနာပေါင်း ၇၁၄၀၄ ဦးတို့ကို ကုသပေးခဲ့ပြီးဖြစ်သည်။ ကလေးမီးဖွားလူနာ ၅၇၀၂ ဦးကိုခွဲစိတ်၍လည်းကောင်း၊ ၈၂၇၃ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ဇွန် ၈ ရက်နေ့အထိ ကလေးငယ် ၁၃၉၇၅ ဦးကိုအောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့သည်။ တပ်မတော်သည် ပြည်သူ့အတွက်ဖြစ်ပေရာ ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍမြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။  ။