မိမိကိုယ်မိမိ ကြိုတင်ကာကွယ်ပါ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မျိုးရိုးဗီဇကွဲ COVID-19 ရောဂါပိုးများနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် မျိုးရိုးဗီဇကွဲ COVID-19 ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုလည်း အားဖြည့်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ၃-၆-၂၀၂၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန Defence Service Medical Research Center မှ စစ်ဆေးသည့် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ COVID-19 မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူ ၁၁ ဦးရှိကြောင်း သိရှိရသည်။ ကလေးမြို့တွင် တစ်ဦး၊ မြိတ်မြို့တွင် သုံးဦး၊ မန္တလေးမြို့တွင် လေးဦး၊ တမူးမြို့တွင် နှစ်ဦး၊ ရန်ကုန်မြို့တွင် ပြည်ပပြန် တစ်ဦးတွေ့ရှိထားသည်။

စစ်ဆေးတွေ့ရှိချက်များအရ မျိုးရိုးဗီဇပြောင်းလဲသည့် Strain Variants of Concern ဖြစ်သည့် Alpha နှစ်ဦး၊ Delta ငါးဦး၊ Variants of Interest ဖြစ်သည့် Kappa လေးဦးဖြစ်ကြောင်း တွေ့ရှိရပြီး အဆိုပါ ပိုးများအား အဓိက မူလတွေ့ရှိသည့် နိုင်ငံများမှာ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် တွေ့ရှိရကြောင်း သိရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ Variants of Concernဖြစ်သည့် Alpha နှင့် Delta တို့သည် ရောဂါကူးစက်နိုင်မှုနှင့် ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားကြောင်းတွေ့ရှိရပြီး ရောဂါပြင်းထန်မှု အနေဖြင့် ဆေးရုံတက်ရောက်နိုင် ခြေနှင့်သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှု ရှိကြောင်း သုံးသပ်ထားပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မိမိကိုယ်တိုင်၊ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်အား COVID-19 ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်း  တိကျစွာလိုက်နာ ဆောင်ရွက်သွားရန် အထူးအရေးကြီးကြောင်း တိုက်တွန်းထားပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်ပေးလျက် ရှိသော်လည်း မိမိကိုယ်မိမိ ရောဂါကူးစက်မှုမှ ကင်းဝေးစေရန် ကျန်းမာရေးစည်းကမ်း နည်းလမ်းများနှင့်အညီ သတိပြုနေထိုင်ခြင်းသာ စိတ်အချရဆုံးဖြစ်ပါသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို အစဉ်အမြဲအား ဖြည့်ဆောင်ရွက်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ကျန်းမာရေး ဝန်ထမ်းအင်အား ဖြည့်ဆည်းနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၏ အကူအညီဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် COVID-19 ရောဂါကူးစက်ခံရသူများ စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်ခြင်း၊ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူများ၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူများအား သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ အသွားအလာ ကန့်သတ်ထားခြင်း စသည့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို သက်ဆိုင်ရာ နှီးနွှယ်ဌာနများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်ဆေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသည်။

လိုအပ်သော ဆေးပစ္စည်းများဖြစ်သည့် COVID-19 Antigen Test (RDT)၊  Kits များ၊ အောက်ဆီဂျင် ဆလင်ဒါများ၊ အောက်ဆီဂျင်စက်များ၊ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ(PPE)၊ သွေးတွင်းအောက်ဆီဂျင် တိုင်းကိရိယာများ(Pulse Oxymeter)၊ ပဋိဇီဝဆေးများ အပါအဝင် အခြားဆေးနှင့် ဆေးပစ္စည်းများ၊ လူနာခုတင်များကို သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်လျက်ရှိရာ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော အဖွဲ့က (၁၈)ကြိမ်မြောက်အဖြစ် တာဝန်လဲလှယ်ထမ်းဆောင်ကြမည့်သူများသည် ဇွန် ၁၂ ရက်နံနက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ်မှ ဖောင်ကြီးသို့ ထွက်ခွာသွားခဲ့ကြသည်။ မေ့ဆေးပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ခွဲစိတ်ပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ဆေးကုသမှုပါရဂူ၊ ဆေးမှူးဆရာဝန်၊ သူနာပြုအရာရှိ၊ အထက်တန်းသူနာပြု၊ ဓာတ်ခွဲကျွမ်းကျင်၊ ဓာတ်မှန်ကျွမ်းကျင် စုစုပေါင်း ၄၀ ဦးပါဝင်သည်။ အဆိုပါဆေးကုသမှုအဖွဲ့ဝင်များမှာ ပြည်သူများကိုကာကွယ်ကုသရန် ၎င်းတို့ကိုယ်တိုင် ဆန္ဒပြုခဲ့ကြသူများ ဖြစ်သည်။

ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားရောက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါသည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်များအတိုင်း လိုက်နာ ဆောင်ရွက်ကြမည် ဆိုပါက ရောဂါကူးစက်ခံရခြင်းမှ ကင်းဝေးမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိကိုယ်မိမိကာကွယ်ခြင်းဖြင့် ရန်သူနှင့် တူသောရောဂါအပေါ် အနိုင်ယူကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။   ။