စိတ်ကျမှုအတွက် ကုထုံးတစ်လက် နိုက်ထရပ်အောက်ဆိုက်

ယနေ့ကမ္ဘာပေါ်မှာ အသက်အရွယ်ကြီးငယ်မဟူ လူဦးရေစုစုပေါင်း ၂၆၄ သန်းကျော်ဟာ စိတ်ကျရောဂါကို ခံစားနေရသူတွေ ဖြစ်ပါတယ်။

အဲဒီလို   စိတ်ကျရောဂါတွေအတွက်လည်း ထိရောက်မှုရှိတဲ့ ကုထုံးတွေများစွာ ရှိပါတယ်။ ဒါပေမဲ့လည်း  အဲဒီစိတ်ကျဝေဒနာရှင်တွေထဲကမှ ၁၅ ရာခိုင်နှုန်းလောက်ဟာ ဘယ်လိုကုထုံးကိုမှ တုံ့ပြန်ခြင်း မရှိတဲ့အတွက် သိပ္ပံပညာရှင်များက သူတို့နဲ့သင့်လျော်မယ့် ကုထုံးကို ရှာဖွေနေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

အခုတော့ သူတို့လိုအပ်နေတဲ့ ကုထုံးတစ်မျိုးကို သိပ္ပံပညာရှင်တွေက  ရှာဖွေတွေ့ရှိသွားပါပြီ။ အဲဒီလိုတွေ့ရှိသူတွေက ချီကာဂိုဆေးတက္ကသိုလ်နဲ့   ဝါရှင်တန်တက္ကသိုလ်တို့မှ သုတေသနပညာရှင်တွေပဲ ဖြစ်ပါတယ်။

သူတို့တွေ့ရှိတဲ့ ကုထုံးကတော့ နိုက်ထရပ်အောက်ဆိုက်ပဲ ဖြစ်ပါတယ်။ နိုက်ထရပ်အောက်ဆိုက်ကို ရယ်မောစေတဲ့ ဓာတ်ငွေ့လို့လည်း ခေါ်ပါတယ်။

အဲဒီလို   နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့ပမာဏ အနည်းကိုသာ အသုံးပြုခြင်းက   ရှိနှင့်ပြီးသား ဆေးဝါးတွေ မတိုးတော့တဲ့ စိတ်ကျရောဂါတွေရဲ့ လက္ခဏာတွေကို လျော့ပါးသက်သာစေတယ်ဆိုပြီး သူတို့ကတွေ့ရှိ ထားတာပါ။

နိုက်ထရပ်အောက်ဆိုက်ကို သွားရောဂါတွေကုသမှုနဲ့ တချို့သောခွဲစိတ်မှုတွေမှာ နာကျင်မှုတွေကို  ခဏတာသက်သာစေဖို့အတွက် မေ့ဆေးအဖြစ် အသုံးပြုလေ့ရှိပါတယ်။

စိတ်ကျရောဂါကို သတ်သေစေဖို့ အတွက်ဆိုရင်တော့ နိုက်ထရပ်အောက်ဆိုက် ၂၅ ရာခိုင်နှုန်းပါတဲ့ လေကို ၁ နာရီစာရှူခြင်းက ဆေးမတိုးတဲ့စိတ်ကျ ရောဂါဝေဒနာရှင်တွေရဲ့ ရောဂါလက္ခဏာ တွေကို သိသာစွာ လျော့ကျစေတယ်လို့   သုတေသီတွေက တွေ့ရှိထားပါတယ်။

သုတေသီတွေဟာ  မေ့ဆေးတစ်မျိုးဖြစ်တဲ့ ကီတာမင်းနဲ့ စိတ်ကျရောဂါတို့ရဲ့ ဆက်စပ်မှုကို အခြေခံပြီး နိုက်ထရပ်အောက် ဆိုက်နဲ့စိတ်ကျရောဂါကို ကုသနိုင်ဖို့ စဉ်းစားမိတာပါ။

ပထမစမ်းသပ်မှုမှာ  သုတေသီတွေက လူနာအယောက် ၂၀ ကို   နိုက်ထရပ်အောက်ဆိုက် ၅၀ ရာခိုင်နှုန်းပါတဲ့လေကို ၁ နာရီစာရှူခိုင်းပါတယ်။

အဲဒီလိုရှူပြီးတဲ့အခါ ထွက်လာတဲ့ရလဒ်က လူနာတွေဟာ ၂၄ နာရီလောက် စိတ်ခံစားချက် ကောင်းမွန်နေတာကို တွေ့ရခြင်းပါပဲ။ ဒီနေရာမှာ အစမ်းသပ်ခံလူနာ အများအပြားက မအီမသာဖြစ်ပြီး မူးဝေအော့အန်တာမျိုး၊ ခေါင်းကိုက်တာမျိုးစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရပါတယ်။

ဒါကြောင့် သုတေသီတွေက သူတို့ရဲ့စမ်းသပ်မှုမှာ နိုက်ထရပ်အောက်ဆိုက် ပမာဏကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချပြီး စမ်းသပ်ပြန်ပါတယ်။

ဒီတစ်ခါမှာတော့ လူနာတွေရဲ့စိတ်ခံစားချက်အခြေအနေက ပထမတစ်ခါတုန်းကလိုပဲ   ကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါပေမဲ့   အာနိသင်ကြာမြင့်ချိန်ကတော့ လုံးဝကို ကွဲပြားခြားနား သွားပါတယ်။

အရင်တစ်ခါက ၂၄ နာရီသာ အာနိသင်ရှိပေမယ့် အခုတစ်ခါမှာတော့ သီတင်းပတ် နှစ်ပတ်အထိကို    ကြာရှည်ခံတာဟာ ကောင်းမွန်တဲ့ရလဒ်ပါပဲ။

တကယ်လို့သာ ဒီကုထုံးကအလုပ်ဖြစ်တယ်ဆိုရင်  ဆေးမတိုးတော့တဲ စိတ်ကျရောဂါ ဝေဒနာရှင်အတွက် သတင်းကောင်းဖြစ်လာပါလိမ့်မယ်။ ဒီလိုမျိုးဆေးမတိုးတဲ့   စိတ်ကျရောဂါ ဝေဒနာရှင် အများစုဟာ သူတို့ရဲ့ဘဝကို   ကိုယ်တိုင် အဆုံးစီရင်ခြင်းဖြင့် အဆုံးသတ်လေ့ ရှိပါတယ်။

ဒါပေမဲ့ နိုက်ထရပ်အောက်ဆိုက်ကုထုံးနဲ့သာ ဆိုရင်တော့ သူတို့ကိုယ်သူတို့ အဆုံးစီရင်ဖို့ဆိုတာ တွေးတောင် မတွေးတော့မယ့် အခြေအနေအဖြစ်ကို  ရောက်လာ နိုင်ပါတယ်။                            

နွေဦး