ပြင်းထန်စွာကန့်ကွက်ပယ်ချလိုက်ကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အချုပ်အခြာအာဏာပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက တိုင်းပြည်ကိုတရားဝင် အုပ်ချုပ်လျက်ရှိသည်။ ထိုအစိုးရ ပေါ်ပေါက်လာပုံအကြောင်းကို အပ်ကြောင်းထပ်မျှဖော်ပြထားပြီးဖြစ်သည်။ ကမ္ဘာတွင်မည်သည့် နိုင်ငံတွင်မျှ လက်ခံနိုင်ခြင်း မရှိသော ရွေးကောက်ပွဲ မဲမသမာမှုကို မြန်မာနိုင်ငံ အနေဖြင့်လည်း လက်ခံနိုင်ခြင်း မရှိပါ။ မဲမသမာမှုဆိုသော စကားရပ်မှာ ယဉ်ကျေးစွာ သုံးစွဲခြင်း ဖြစ်သည်။ အမှန်တော့ မဲလိမ်မဲခိုးခြင်းသာ ဖြစ်သည်။ မှတ်ပုံတင်မရှိဘဲ မဲထည့်ခိုင်းခြင်း၊ မှတ်ပုံတင်တစ်ခုတည်းနှင့် ၂ ကြိမ် ၃ ကြိမ်အထက်ပါဝင်နေခြင်း၊ အဆိုးရွားဆုံးမှာ ဒိုင်လူကြီးသဖွယ်ဖြစ်သော ဦးလှသိန်း UEC ကို NLD အစိုးရက စိတ်တိုင်းကျစေခိုင်းခဲ့ခြင်းမျိုး ဖြစ်သည်။

ဤအကြောင်းအချက်များမှာ ခိုင်လုံသော အကြောင်းအချက်များ ဖြစ်ကြောင်း လက်ရှိ UEC ၏ စစ်ဆေး တွေ့ရှိချက်များကို ပြည်သူလူထုထံ တင်ပြခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး စနစ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သည်။ ထိုစနစ်ကို ပျက်စီးယိုယွင်းအောင် လုပ်ဆောင်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်လမ်းကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ထိုစနစ်ကို ဆက်လက်ရှင်သန်စေရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ရှေ့ခရီးအတွက် လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို သတ်မှတ် ဆောင်ရွက်နေသည်။ ထို့အတူ နိုင်ငံတော်နှင့် ပြည်သူများကောင်းကျိုးအတွက် ဆောင် ရွက်မည့်ဦးတည်ချက်(၉)ရပ်ကိုလည်း ချမှတ်ကာ ထိုလမ်းကြောင်းများအတိုင်း လုပ်ဆောင်နေပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အနေဖြင့်လည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက် နိုင်ငံများအကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို ဆက်လက်လိုက်နာ ကျင့်သုံးနေပါသည်။ ပြည်ပနိုင်ငံအချို့ အနေဖြင့်လည်း မြန်မာနိုင်ငံရေးကို လေ့လာမည်ဆိုပါက ထဲထဲဝင်ဝင် သိရှိအောင် လေ့လာသင့်ပါသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဇွန် ၁၉ ရက်နေ့ သတင်းထုတ်ပြန်ချက်ကို ဇွန် ၂၀ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားပါသည်။ ၁၈-၆-၂၀၂၁ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အဆိုမူကြမ်းတစ်ခု မဲခွဲဆုံးဖြတ်ခဲ့သည်။ ထိုအဆိုမူကြမ်းသည် တစ်ဖက်သတ်ပုံဖော်စွပ်စွဲချက်များနှင့် မှားယွင်းသည့် ယူဆချက်များကို အဓိကအခြေခံထားပြီး မြန်မာနိုင်ငံအပေါ် ကြိမ်ဖန်များစွာ ထပ်တလဲလဲ အရေးယူသည့် လုပ်ရပ်ဖြစ်ခြင်း၊ နိုင်ငံတစ်နိုင်ငံအပေါ် မျှတမှုမရှိဘဲ ဦးတည်အရေးယူသည့် အဆိုဖြစ်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းအဆိုတစ်ခုလုံးနှင့် ယင်းအပေါ် ဆွေးနွေးအရေးယူမှုများကို ကန့်ကွက်ပယ်ချသည်။ ယင်းသို့ကန့်ကွက်ပယ်ချကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိတို့ထံ ကန့်ကွက်စာများ ပေးပို့ခဲ့ပါသည်။

ကုလသမဂ္ဂအစည်းအဝေးတွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုထားသော ကျော်မိုးထွန်းမှ မြန်မာနိုင်ငံအမည်ခံဖြင့် ပါဝင်မိန့်ခွန်း ပြောကြားခဲ့ခြင်းနှင့် ပါဝင်မဲပေးခြင်းများသည် မြန်မာနိုင်ငံအား ကိုယ်စားမပြုသကဲ့သို့ တရားဝင်မှုလည်းမရှိပါ။ သို့ဖြစ်ရာ ၎င်း၏ဆွေးနွေးပြောကြားမှုများ အပါအဝင် မဲပေးဆောင်ရွက်ခြင်းများအား မြန်မာနိုင်ငံအနေဖြင့် လက်မခံပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချ လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် မိမိချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒနှင့်အညီ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ထိန်းသိမ်းဆောင်ရွက်ပြီး မိမိနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအတွက် ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆက်လက်ဆောင်ရွက်သွားမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ ပြည်သူလူထုများအနေဖြင့် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမျိုးကို လုံးဝလက်ခံမည် မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ပြည်ပအားကိုးပုဆိန်ရိုးများ၊ အဆိုးမြင် ဝါဒီများကိုလည်း အားပေးမည် မဟုတ်ပါ။

လွန်ခဲ့သော ငါးနှစ်တာကာလတွင် ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှု လက်ခံခဲ့သည့်အတွက် နိုင်ငံတကာရေးရာ ကိစ္စများတွင် မိမိနိုင်ငံနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုခြင်းမျိုး မရှိခဲ့ပေ။ လက်ရှိအစိုးရအနေဖြင့် ပြည်ပက မြန်မာနိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်ရန် ကြိုးစားသူ မည်သူကို မဆိုလက်ခံမည်မဟုတ်ပါ။ နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘော အကြံပြုချက်များကို အလေးထားသော်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း အပါအဝင်မည်သည့် ကြိုးပမ်းမှုမျိုးမဆို လက်ခံလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ယခုကဲ့သို့ ပြင်းထန်စွာကန့်ကွက် ပယ်ချလိုက်ကြောင်း သတင်းထုတ်ပြန်မှုကို ပြည်သူတစ်ရပ်လုံးက နှစ်ထောင်းအားရ ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။