တပ်မတော်ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူးငှက်ပျော

လူတိုင်းအလွယ်တကူ အချိန်အခါမရွေး စားနိုင်သော အသီးအမျိုးအစားများတွင် ငှက်ပျောသီးလည်း ပါဝင်သည်။ ငှက်ပျောသီး၏ အားသာချက်မှာ အခြားသောသစ်သီးများနှင့်ယှဉ်ကြည့်လျှင် ကရိကထမများဘဲ အလွယ်တကူအခွံနွှာ၍စားသုံးနိုင်သည်။ ရေခဲသေတ္တာများတွင် အထူးတလည်ထည့်ထားရန် မလိုအပ်ဘဲ အချိန်မရွေး ဗိုက်ဆာသည့်အချိန်တိုင်း အခွံနွှာစားရုံမျှဖြင့် ဆာလောင်မှုကိုဖြေရှင်းနိုင်သည်။ အစာကြေညက် လွယ်သောကြောင့် အရွယ်သုံးပါးမရွေးစားသုံးနိုင်သည်။ ငှက်ပျောသီးနှင့် ဓာတ်မတည့်သောကလေးမှာလည်း အလွန်ရှားလှသည်။

ကျန်းမာရေးရှုထောင့်က ကြည့်မည်ဆိုပါက ငှက်ပျောသီးတစ်နေ့တစ်လုံးစားပါက မည်သည့်ရောဂါမျှ မကပ်ရောက်နိုင်သည့်အတွက် ငှက်ပျောသီးတစ်နေ့တစ်လုံးစား ဒေါက်တာတွေနဲ့ဝေးဝေးသွားဟူ၍ စာဖွဲ့ထား ကြသည်။ ထို့ပြင် လူတိုင်းကျန်းမာရေးအတွက် နံနက်သင်္ဘော ညငှက်ပျောဟူ၍ဆိုထားသည့်အတွက် ညအိပ်ရာဝင်ခါနီးတိုင်း ငှက်ပျောသီးကို စားသုံးသင့်လှပေသည်။ မြန်မာနိုင်ငံတွင် ငှက်ပျောသီးအမျိုးအမည် စုံလင်လှသည်။ ဖီးကြမ်း၊ သီးမွှေး၊ ဆင်အံ၊ နံ့သာပု၊ ငှက်ပျောချဉ်၊ ရွှေနီငှက်ပျော၊ ရခိုင်ငှက်ပျော၊ ဝက်မလွတ် ငှက်ပျောစသည်တို့ဖြစ်သည်။ ထိုအမျိုးအစားများစွာတွင် လူကြိုက်အများဆုံးမှာ ဖီးကြမ်းနှင့် သီးမွှေးငှက်ပျော တို့ဖြစ်သည်။

မြန်မာမှုနယ်ပယ်တွင် ငှက်ပျောအသုံးပြုမှုအခန်းကဏ္ဍမှာ ကျယ်ဝန်းလှသည်။ ငှက်ပျောသည် ရှေးနှစ်ပေါင်း များစွာကတည်းက လူသားတို့၏ အာဟာရစားသုံးသီးနှံ အကျိုးပြုသီးနှံဖြစ်သည်။ ငှက်ပျောစိုက်ပျိုးသူများ အနေဖြင့် ပြည်တွင်းဘုရားပွဲများ၊ ရိုးရာပွဲများ၊ ပွဲလမ်းသဘင်များတွင် ပွဲထိုးရန်၊ ရိုးရာအစားအသောက်ပြုလုပ်

ရာတွင် အသုံးပြုရန်အတွက် ရောင်းချရသည်။ ယခုအခါ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ပင် တင်ပို့နိုင်သည်အထိ ငှက်ပျောရောင်းဝယ်မှုက တွင်ကျယ်လာသည်။

ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းသည့် သက်တမ်းတူ၊ အရွယ်တူငှက်ပျောပင်များထွက်ရှိရေးအတွက် တပ်မတော်မှ ပညာရှင်များက သုတေသနများပြုလုပ်ကာ ကျောက်စိမ်းဖီးကြမ်းတစ်သျှူးငှက်ပျောနှင့် သီးမွှေး တစ်သျှူးငှက်ပျောပင်များကို မျိုးပွားထုတ်လုပ်လျက်ရှိသည်။ အထွက်နှုန်းကောင်းမွန်၍ အရည်အသွေးပြည့်၀ သော  ငှက်ပျောသီးများအဖြစ် လူကြိုက်များသည့်အတွက် ဈေးကွက်မှာလည်း ကျယ်ပြန့်လာသည်။ ၂၀၁၉ ခုနှစ်ကစတင်၍ တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် Tissue Culture ဓာတ်ခွဲခန်းမှ ပျိုးပင်များ မျိုးပွားထုတ်လုပ်ပေးပြီး တိုင်းစစ်ဌာနချုပ်များသို့ ဖြန့်ဖြူးစိုက်ပျိုးစေခဲ့သည်။ ယခုအခါ အောင်မြင်မှုများစွာ ရရှိပြီး တပ်တွင်းမိသားစုဖူလုံရုံသာမက ဒေသခံပြည်သူများသို့ပါ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ပြီ ဖြစ်သည်။

တပ်မတော်တွင် ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူး ငှက်ပျောစိုက်ပျိုးအောင်မြင်မှုနည်းတူ မိဘပြည်သူများ အနေဖြင့်လည်း မိမိတို့ ရေမြေဒေသနှင့် ကိုက်ညီမှုရှိပါက အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်ရေးအတွက် ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူး ငှက်ပျောပျိုးပင်များကို တစ်ပင်လျှင် ငွေကျပ် ၄၀၀ နှုန်းဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ပျိုးပင်များဝယ်ယူလိုပါက ဖုန်း-၀၉-၆၉၅၉၁၁၄၅၅ နှင့် ၀၉-၂၅၆၇၄၄၉၈၁ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဇွန် ၁၇ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၉/၂၀၂၁)တွင် အမှာစကားပြောကြားရာ၌ “စားသောက်ကုန်နှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် တစ်သျှူးနည်းဖြင့် ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောများ ထုတ်လုပ်လျက်ရှိကြောင်း၊ ငှက်ပျောသီးသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာ ရရှိကြောင်း၊   သို့ဖြစ်၍ ဝန်ကြီးဌာနများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများတွင် စိုက်ပျိုးလိုပါက ပျိုးပင်များကို သင့်လျော်သည့် နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ပါက တိုင်းပြည်အတွက် အကျိုးများစွာ ရရှိမည် ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူလူထု၏ စာရေရိက္ခာဖူလုံရေးနှင့် ဈေးနှုန်း သက်သက်သာသာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားလျက် ရှိသည်နှင့်အညီ တပ်မတော် ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူးငှက်ပျောပျိုးပင်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း ဖြစ်သည်။ တပ်ရင်း/တပ်ဖွဲ့များတွင် အောင်မြင် ဖြစ်ထွန်းသည့်နည်းတူ ဝန်ကြီးဌာနများ၊ အခြားသော အဖွဲ့အစည်းများ၊ မိသားစုများ အနေဖြင့်လည်း စိုက်ပျိုးဖြစ်ထွန်း အောင်မြင်စေချင်ပါကြောင်း ရေးသားဖော်ပြ လိုက်ရပေသည်။  ။