အာစရိယဂုဏော အနန္တော

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်ကိုစတင်ယူသည့်အချိန်မှစ၍ နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ တိုးတက်ကောင်းမွန်ရေးကို အားသွန်ကြိုးပမ်းလျက်ရှိသည်။ လူမှုရေးကဏ္ဍတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ဆောင်ရွက်ရန် ဦးတည်ချက်ချမှတ်ထားသည်နှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်း အကြောင်းရင်း အစစ်အမှန်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  ထိုစဉ်ကအာဏာရပါတီသည် တစ်ပါတီတည်းအာဏာ ဆက်လက်ချုပ်ကိုင် နိုင်ရေးအတွက် ရွေးကောက်ပွဲတွင် မဲမသမာမှုများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ မဲမသမာမှုများကို ဖြေရှင်းပေးရန် ရွေးကောက်ပွဲဝင်ပါတီများနှင့် တပ်မတော်ကတင်ပြ တောင်းဆိုခဲ့သော်လည်း အာဏာရအစိုးရအနေဖြင့် လုံးဝဖြေရှင်းပေးခြင်း မရှိဘဲ အစိုးရအသစ်ဖွဲ့ကာ နိုင်ငံတော်အာဏာကို အဓမ္မရယူရန်သာ ကြိုးစားခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလသတ်မှတ်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်၏အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာ များအပ်နှင်းခဲ့သည်။ ဖြစ်စဉ်အမှန်မှာ ဤအတိုင်းသာဖြစ်သည်။ သို့သော် NLD ပါတီဝင်များနှင့် ၎င်းတို့ကိုထောက်ခံသူများ၊ ပြည်ပအသံလွှင့်ဌာနများက စစ်တပ်ကအာဏာသိမ်းလိုက်ပြီ ဟူသောစကားရပ်ဖြင့် အများပြည်သူကိုလှည့်စားခဲ့သည်။ ကလေးငယ်တို့၏ အနာဂတ်ပျက်စီးသွားပြီဟူသောစကားရပ်ဖြင့် လူငယ်ထု၏နှလုံးသားကိုမီးတိုက်လိုက်ကြပြန်သည်။ ထို့ကြောင့် ဆရာ၊ ဆရာမအချို့ နိုင်ငံတော်အစိုးရကိုဆန့်ကျင်ကာ မိမိတို့လုပ်ငန်းခွင်မှ ထွက်ပြေးသွားကြသည်။

နိုင်ငံတော်အစိုးရက စာသင်ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့်ကာလနှင့် လက်ရှိသင်ကြားနေသည့် ကာလတွင် မိမိတစ်ပါတီကောင်းစားရေးကိုသာ ရှေးရှု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကိုထောက်ခံသူများ၊ NUG၊ CRPHနှင့် PDF စသည့် အဖွဲ့များသည် ပညာရေးဝန်ထမ်းများအား CDMလှုပ်ရှားမှုတွင် ပါဝင်လာစေရန် Social Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများအပြင် ကလေးငယ်များပညာသင်ကြားရေးကို အခက်အခဲဖြစ်စေရန် စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများအပြင် ဆရာ၊ ဆရာမများကို စာပေသင်ကြားမှု မပြုနိုင်စေရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိသောကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းများသာမက အချို့အသက်သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာကြား သိရသည်။ နိုင်ငံတော် အစိုးရအနေဖြင့် မိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲလျက်ရှိပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ဆရာ၊ ဆရာမတို့သည် အနန္တောအနန္တဂိုဏ်းဝင်ဆရာဟူသည့် မွန်မြတ်သည့်ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သည့် စိတ်ထားဖြင့် နိုင်ငံတော်အတွက် ပညာတတ်လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရေး ရှေးရှု၍ သင်ကြားရေးတာဝန်များကို မလစ်ဟင်းရအောင် အားကြိုးမာန်တက် ထမ်းဆောင်လျက်ရှိသည်။ အဖျက်သမားတို့၏ သွေးထိုးလှုံ့ဆော်ဖြားယောင်းမှုကို လုံးဝနားမယောင်ဘဲ ဆရာတို့၏ ဂုဏ်သိက္ခာကို ထိန်းထားခြင်းသည် တန်ဖိုးကြီးမားလှပေသည်။

မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှု ပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင် ကတည်းကပင်  ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ်ထားပါသည်။ အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော ဆရာများအပေါ် အလေးအနက်ပြုမှုမျိုးသည်  မြန်မာတို့၏ အစဉ်အလာတစ်ခု ဖြစ်သည်။

ဆရာ၊ ဆရာမများသည် စေတနာအရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ အတတ်ပညာသင်ကြားပေးနေခြင်း ဖြစ်သည်။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာထမ်းဆောင်နေကြသူများ ဖြစ်ကြသည်။

အနန္တော အနန္တဂိုဏ်းဝင်ဆရာ၊ ဆရာမများ၏ နာသုံးနာလက်ကိုင်ထား၍ ကျောင်းသား၊ ကျောင်းသူများအပေါ် မိဘသဖွယ်စိတ်ဓာတ်ဖြင့်  သင်ကြားရေး တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်ဟူ၍ သတင်းထုတ်ပြန် ထားပါသည်။ ယခုကဲ့သို့ အချိန်ကာလတွင် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ၊ ဆရာကောင်းပီသစွာ တာဝန်ထမ်းဆောင် နေကြသော ဆရာ၊ ဆရာများကို မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း လေးစားဂုဏ်ယူ၊ ကျေးဇူးတင်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။