၀န်ထမ်းနှင့်ပါတီနိုင်ငံရေးကင်းရှင်းရေး

နိုင်ငံတစ်နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်ဖြင့် ဘက်ပေါင်းစုံ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးတွင် ဝန်ထမ်းတို့၏ အခန်းကဏ္ဍသည် အရေးကြီးလှပေသည်။ နိုင်ငံရေး၊ စီးပွားရေးစနစ်များ၊ အစိုးရအဖွဲ့များမည်သို့ပင် ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ်သက်ဝင် လှုပ်ရှားစေရန် ဆောင်ရွက်ကြရပေမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာငွေမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်းများသည် ဝန်ထမ်းများလိုက်နာရမည့် ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကြရပေမည်။

တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်းများ ဖြစ်ကြသော်လည်း ယင်းတို့၏ လုပ်ငန်းသဘောနှင့် တာဝန်အရ ဝန်ထမ်းကျင့်ဝတ်ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိပေ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အဓိကလိုအပ်ချက်သည် စည်းကမ်းဖြစ်သည်။ စည်းကမ်းရှိမှ တိုးတက်မည် ဟူသောဆောင်ပုဒ်သည်  လူတိုင်းနှင့် သက်ဆိုင်သော ဆောင်ပုဒ်ဖြစ်ပေသည်။ ဝန်ထမ်းများနှင့်ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေသော ဝန်ထမ်းကျင့်ဝတ်တွင် ဖော်ပြထားသည်။

ဝန်ထမ်းစည်းကမ်းများတွင် အလုပ်ချိန်နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ လုပ်ငန်းခွင်အတွင်းပြုမူ ဆက်ဆံမှုဆိုင်ရာ စည်းကမ်းများ၊ ပါတီနိုင်ငံရေး ကင်းရှင်းရန် စည်းကမ်းများဟူ၍ ဖော်ပြထားသည်။ ပါတီနိုင်ငံရေး ကင်းရှင်းရန် စည်းကမ်းများတွင် ဝန်ထမ်းသည် ပါတီနိုင်ငံရေး ကင်းရှင်းရေးနှင့် စပ်လျဉ်း၍ အောက်ပါတို့ကို ရှောင်ကြဉ်ရမည်-

(က)    ပါတီနိုင်ငံရေးပြုလုပ်ခြင်း၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေးအကူအညီပေးခြင်း၊           အခြားနည်းထောက်ပံ့ကူညီခြင်း၊

(ခ)     ပါတီနိုင်ငံရေးအဖွဲ့အစည်းတွင် ပါဝင်ခြင်း၊

(ဂ)     နိုင်ငံတော်အစိုးရက အခါအားလျော်စွာ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ဖွဲ့စည်း

          ထားခြင်းမဟုတ်သည့် အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂစသည်တို့တွင်ပါဝင်ခြင်း၊

(ဃ)    မည်သည့်ရွေးကောက်ပွဲတွင်မျှ ကိုယ်စားလှယ်လောင်းအဖြစ်ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း၏

          ကိုယ်စားလှယ်အဖြစ်ဖြစ်စေ ပါဝင်ခြင်း၊

(င)     မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲဆွယ်ခြင်း၊ အကူအညီပေးခြင်း၊

(စ)     ရုံးတွင်းရုံးပြင်၌ ပါတီနိုင်ငံရေးနှင့်စပ်လျဉ်း၍ စည်းရုံးခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်းနှင့်ပါဝင်ခြင်း။

နိုင်ငံ့ဝန်ထမ်းတိုင်းသည် ပါတီနိုင်ငံရေးကင်းရှင်းရေးနှင့်စပ်လျဉ်းသည့် ရှောင်ကြဉ်ရမည့်အချက်များ အတိုင်းလိုက်နာကြရမည်ဖြစ်သည်။ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်ဖြစ်ပေရာ ထိုသို့ရှောင်ကြဉ် ရမည့်အချက်များကို မလိုက်နာသောအခါ ကာယကံရှင်ဝန်ထမ်းတို့ ဘဝသည် ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်ကြရသည်။ အထူးဝမ်းနည်းဖွယ်ကောင်းသည်မှာ CDM လှုပ်ရှားမှုတွင် ပါဝင်သွားကြသော ဝန်ထမ်းများ၏ ဘဝအခြေအနေဖြစ်သည်။ အများစုသည် စားဝတ်နေရေး အခက်အခဲများနှင့် ကြီးမားစွာ ကြုံတွေ့နေရသည်။ သွေးဆောင်ဖြားယောင်းသူတို့၏ အဖျက်စကားများကို နားယောင်ကာ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြသည်။

တချို့သော ဝန်ထမ်းများက သတင်းဖြစ်ရပ်မှန်များကို မလေ့လာ၊ မသိရှိ။ ကောလာဟလသတင်းနှင့် သွေးထိုးစကားကို ယုံလွယ်လိုက်ကြသည်။ ဝန်ထမ်းတွေ အလုပ်မဆင်းလျှင် နိုင်ငံတော် ယန္တရားကြီး ရပ်တန့်သွားမည်ဟူ၍ အတွေးမှားခဲ့ကြသည်။ သွေးထိုးလှုံ့ဆော်သူတို့က ငွေကျပ်သန်းပေါင်း သောင်းနှင့်ချီ ကြီးပွားချမ်းသာ သွားကြသည်။ CDM လုပ်သူများကို ဟန်ပြထောက်ပံ့မှုပေးကာ ဆွဲဆောင်ကြသည်။ ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်စဉ်းစားမည်ဆိုလျှင် CDM လုပ်သူဝန်ထမ်းသည် မိမိ၏လုပ်ငန်းခွင်ကို စွန့်ခွာခဲ့သည်ကပင် ပြစ်မှုတစ်ခုကို ကျူးလွန်မိပြီး ဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းနှင့် ပညာရေးဝန်ထမ်း၏ အလုပ်မှာ ကုသိုလ်လည်းရ ဝမ်းလည်းဝသော အလုပ်ဖြစ်သည်။ စေတနာ၊ မေတ္တာ၊ အကြင်နာ၊ ဝါသနာ၊ အနစ်နာခံကာလုပ်ရသောလုပ်ငန်းမို့ မွန်မြတ်လှသည်။ သူတစ်ပါး အသက်ကယ်ရသောအလုပ်၊ သူတစ်ပါးအသိပညာ မြင့်မားအောင် ဆောင်ရွက်ရသော အလုပ်များမို့ ကုသိုလ်လည်းရ ဝမ်းလည်းဝဟု ဆိုလိုက်ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းများမှ ဝန်ထမ်းများ လုပ်ငန်းခွင်ကို စွန့်လွှတ်လိုက်ကြသောအခါ လူနာများဒုက္ခနှင့် ရင်ဆိုင်ရသည် ဆိုသော်လည်း တပ်မတော်ဆေးရုံများ၊ တပ်မတော်မှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများရှိနေကြသေးသည်။ ဆိုလိုချင်သည်မှာ လူနာများဒုက္ခမရောက်ကြပါ။

ဒုက္ခရောက်သွားကြသည်မှာ CDM လုပ်သူများ ကိုယ်တိုင်သာဖြစ်သည်။ ငွေကြေးထောက်ပံ့မှု မရ၍ အချင်းချင်း ဆဲဆိုရန်ဖြစ်နေခြင်း၊ စားဝတ်နေရေး အခက်အခဲရှိနေ၍ ငွေကြေးလိုအပ်နေခြင်း စသော သတင်းများကြားသိ နေရသည်။ အနှစ်ချုပ်ဆိုရသော် ယခုအခါ CDM လုပ်သူတို့သည်ကား မိမိတို့ပြုလုပ်လိုက်သော ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှုဒဏ်ကို ခံနေကြရသည်မှာ စိတ်မကောင်းဖွယ် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။