လူသားတို့၏ ဘုံရန်သူကိုတိုက်ဖျက်ကြ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် နှစ်စဉ်ဇွန်လ ၂၆ ရက်နေ့ကို သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၁၉၈၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံမှ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့ကို ရွေးချယ်သတ်မှတ်ခြင်းမှာ သမိုင်းကြောင်း ဖြစ်ရပ်မှန်ရှိခဲ့သည်။ တရုတ်ပြည်တွင် ပထမဘိန်းစစ်ပွဲ မဖြစ်ပွားမီအချိန်က ဥရောပတိုက်သားများ ဖြစ်ကြသော ပေါ်တူဂီ၊ စပိန်နှင့် ဒတ်ချ်လူမျိုးကုန်သည်များသည် တရုတ်ပြည်တွင် ဘိန်းများရောင်းချ ရန် ဂွမ်ဒုန်းပြည်နယ် ဟူးမင်မြို့ကို ရောက်ရှိလာသည်။

ထိုသတင်းကို ဖူးကျန်ပြည်နယ်အုပ်ချုပ်ရေးမှူး Li Zexu ကြားသိလျှင် ဘိန်းကုန်သည်များ သယ်လာသော ဘိန်းများကို ဖမ်းဆီးကာ မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့မီးရှို့ဖျက်ဆီးခဲ့သော နေ့မှာ ဇွန်လ ၂၆ ရက်နေ့ဖြစ်သည်။

ထိုနေ့ကိုအမြဲတမ်းအမှတ်တရဖြစ်စေရန် ဂုဏ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ထိုနေ့ကို ခမ်းခမ်းနားနား ကျင်းပခဲ့သည်။ တစ်နှစ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို တောင်ကြီး၊ လားရှိုး၊ မန္တလေးနှင့် ရန်ကုန်တို့တွင် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများ တစ်ပြိုင်တည်း ကျင်းပပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ အတွင်းသို့ ဘိန်းများ ရောက်ရှိလာပုံကို လေ့လာကြည့်လျှင် မြန်မာတို့ ကိုလိုနီဖြစ်ခဲ့ရချိန်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာဘုရင်များလက်ထက်တွင် ဘိန်းဘင်း၊ ကစော်၊ လှော်စာ၊ အရက်တို့ကို လုံးဝမသုံးစွဲရန် အမိန့်ထုတ်ပြန်တားမြစ်ထားသည်။ မြန်မာတို့ စောင့်ထိန်းရမည့် ငါးပါးသီလတွင် အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့်အတိုင်း လိုက်နာကြရသည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်ခံဘဝတွင် ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းတို့ကို ခွင့်ပြုထားသည့်အတွက် ဘိန်းစိုက်ပျိုးမှု၊ ရောင်းဝယ်မှု၊ သုံးစွဲမှုတိုးပွားလာခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရ အဆက်ဆက်သည် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ် ဆောင်ခဲ့ကြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များကစ၍ ငရဲပန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်းစစ်ဆင်ရေး၊ တောင်ထိပ်ပန်းစစ်ဆင်ရေး၊ မဲလုံးစစ်ဆင်ရေးတို့ဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ နှစ်စဉ်ဘိန်းစိုက်ဧက ပေါင်းများစွာ ဖျက်ဆီးခဲ့ကြသည်။ လူသူအရောက်အပေါက် နည်းလှသည့် နယ်စပ်ဒေသ တောတောင်လျှိုမြောင်များတွင် သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့များ၏ ဘိန်းချက်စခန်း၊ ဘိန်းချက်စက်ရုံများကို ၁၉၇၆ ခုနှစ် ဧပြီ ၂၆ ရက်မှစတင်၍ တပ်မတော်က မိုးဟိန်းစစ်ဆင်ရေးအဆင့်(၁)မှ အဆင့်(၁၂)အထိ ဘိန်းစစ်ဆင်ရေးကြီးများ ပြုလုပ်ခဲ့သည်။

ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရန် နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးခဲ့သော်လည်း အဆိုပါ ဒေသများတွင် လက်နက်ကိုင်သောင်းကျန်းသူများ ရှိနေသည့်အတွက် ဘိန်းစိုက်ပျိုးမှုမှာ ပပျောက်ခြင်း အလျှင်းမရှိခဲ့သည်ကို တွေ့ရသည်။ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် မဟာဗျူဟာနှစ်ရပ်နှင့် နည်းဗျူဟာသုံးရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် (၁၅)နှစ်စီမံကိန်း၊ ထပ်တိုးငါးနှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ ထပ်တိုး ငါးနှစ်စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ လုံးဝပပျောက်သွားခြင်း မရှိသေးသော်လည်း မကြာမီကာလတစ်ခုတွင် ချုပ်ငြိမ်းတော့မည်မှာ အမှန်ဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံး မူးယစ်ဆေးဝါးအပေါ် ရွံရှာမုန်းတီးစက်ဆုပ်လာနေကြောင်း သတင်းပေးတိုင်ကြားမှု များက သက်သေခံလျက်ရှိသည်။

မူးယစ်ဆေးဝါးသည် လူငယ်တို့အတွက် သေမင်း၏စေတမန်ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် လူငယ်မောင်မယ် တို့ဘ၀ မူးယစ်ဆေးဝါးစွဲ သွားပြီဆိုလျှင် သေဖို့သာပြင်တော့ ဟူသော စကားလုံးသုံးရမည်ပင်။ သေမယ့်ရက်ကို မျှော်လင့်စောင့်စားရင်း ဘဝနိဂုံးချုပ်သွားကြသည်။ မူးယစ်ဆေးဝါးကြောင့် ကြီးပွားချမ်းသာ နေသူများမှာလည်း တစ်နေ့နေ့တွင် တရားဥပဒေလက်တွင်းသို့ သက်ဆင်းကြရသည်။ မူးယစ်ဆေးဝါးလုံးဝ ပပျောက်မည့် နည်းလမ်းမှာ သုံးစွဲသူလုံးဝမရှိလျှင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပပျောက်မည် ဖြစ်သည်။ ခက်နေသည်က သုံးစွဲသူများရှိနေခြင်းပင် ဖြစ်သည်။ မူးယစ်ဆေးဝါးကြောင့် လူငယ်များလမ်းမှားသို့ ရောက်ကြသည်။ မူးယစ်ဆေးဝါးသုံးစွဲထားလျှင် မိမိကိုယ်မိမိ လူစွမ်းကောင်းကြီးအလား၊ တိုက်ပွဲတိုင်းအောင်နိုင်သူ ကြီးအလား စိတ်အထင်ရောက်ကာ ရူးရူးမိုက်မိုက် လုပ်ဆောင်ကြသည်။ နောက်ဆုံးတွင် ယမမင်းလက်တွင်းသို့ သက်ဆင်းကြရသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းများအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူ ပပျောက်ရေးအတွက် မူးယစ်ဆေးဝါးကင်းစင်ဖို့ အသိပညာဖြန့်ဝေစို့ ဆောင်ပုဒ်နှင့်အညီ ဟောပြောပွဲများကျင်းပခြင်း၊ စာပေပြိုင်ပွဲများ ကျင်းပခြင်းများ ဆောင်ရွက်နေသည်မှာ အားရဖွယ်ကောင်းလှသည်။ လူသားအားလုံးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိပြီး မူးယစ်ဆေးဝါးသည် လူသားအားလုံး၏ ဘုံရန်သူပါလား ဟူသောအသိဖြင့် ညီညီညွတ်ညွတ်စည်းစည်းလုံးလုံး တိုက်ဖျက်ခြင်း၊ တောတွင်း လက်နက်ကိုင်များ အားလုံးလက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခြင်းများ ရှိမှသာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုများ ကင်းရှင်းမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။