အမည်မှန် သတင်းမှန် ရေးသားကြရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက် နေပါသည်။ နိုင်ငံတော်၏ အာဏာကို သိမ်းထားခြင်း မဟုတ်ဘဲ ထိန်းထားခြင်း ဖြစ်ကြောင်း အတိအလင်း ရှင်းလင်းပြောကြားထားပြီးလည်း ဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများကလည်း နိုင်ငံတော်စီမံအုပ်ချုပ်

ရေးကောင်စီအား မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်ပါသည်။

မည်သည့်သတင်းမီဒီယာမဆို တရားဝင်အစိုးရတစ်ရပ်၏ အမည်အား တိတိကျကျ မှန်မှန်ကန်ကန် သုံးစွဲရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းထောက်အချို့က လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအား  military council သို့မဟုတ် military junta သို့မဟုတ်  junta ဟု သတင်းများတွင် သုံးနှုန်း ရေးသားဖော်ပြခြင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သော အခြေအမြစ် မရှိသည့် သတင်းမှားများကို ကိုးကားချဲ့ကား ရေးသား ဖော်ပြခြင်းများ ပြုလုပ်လျက်ရှိသည်။ အထူးသဖြင့် အဆိုးရွားဆုံးမှာ သတင်းမှားများကို အရှက်ကင်းမဲ့စွာ ရေးသားဖော်ပြခြင်းမှာ လူသားတို့ကို သတင်းအဆိပ်သင့်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

သတင်းအမှားကို ယုံကြည်မိ၍ တောတွင်းရောက်သွားသောလူငယ်လူရွယ်များ၊ ဘုရား၊ တရား၊ သံဃာရတနာသုံးပါးအပြင် မိဘနှင့်ဆရာသမားများကိုပင် ကိုယ်ထိလက်ရောက်စော်ကားနေသော လူငယ်လူရွယ်များ၊ လူသတ်မှုကျူးလွန်ခြင်းကို ဂုဏ်ယူဝင့်ကြွားနေသော လူငယ်လူရွယ်များ ပေါ်ပေါက်လာနေသည်။ ငါနှင့်မတူငါ့ရန်သူစိတ်ဖြင့် ရက်ရက်စက်စက်သတ်ဖြတ်နေသူများသည် သတင်းအမှားအဆိပ်များကြောင့် ဖြစ်သည်။

လူငယ်တို့၏ မခံချင်စိတ်ကို လမ်းမှားအောင် ထိုသတင်းအမှားများက တွန်းပို့လိုက်သည်။ တောထဲမှာ ပင်ပန်းကြီးစွာ စစ်ပညာသွားရောက်သင်ကြသည်။ ပြည့်ပြည့်၀၀ တတ်မြောက်ကြသည်မဟုတ်။ သူတစ်ပါးအသက်ကို သတ်ရန်အတွက် ဗုံးခွဲဖို့ပြင်ဆင်နေစဉ် ဗုံးပေါက်ကွဲ၍ သေဆုံးသူများ၊ လူစဉ်မမီဖြစ်သွားသူများ သတင်းမှန်ကို ကြားသိနေရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ဖြစ်ရပ်မှန်များကို တင်ပြပေးသည်။ နောင်တရသူများ၏ စကားသံများကို ရုပ်သံလွှင့်ပြသသည်။ ထိုမျှတိတိကျကျ ပြနေပါလျက် သတင်းအတုတွေ၊ လုပ်ကြံဇာတ်လမ်းတွေဟူ၍ ဝါဒဖြန့်ကြပြန်သည်။ တောတွင်းရောက် ကလေးများကို သောင်းကျန်းသူများက ရက်ရက်စက်စက် သတ်ဖြတ်နေသည်များ လူမှုကွန်ရက်တွင် မြင်နေရသည်။ သားသမီးရှိသော မိဘတိုင်းက စိတ်မကောင်းဖြစ်ရသည်။ မိဘချင်း ကိုယ်ချင်းစာသည်။ ထိုသို့သော သတင်းများကိုလည်း အတုဟူ၍ သတင်းမှားကို လွှင့်ကြပြန်သည်။  အမှားဝဲဂယက်ထဲမှ လူငယ်များ ထွက်သွားမည်ကို ထိုသတင်းအမှားလွှင့်သူမီဒီယာတို့ စိုးရိမ်နေပုံပေါ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် နေ့စဉ်နေ့တိုင်း သတင်းမီဒီယာများတွင် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ပြန်လာကြရန် ဖိတ်ခေါ်လျက်ရှိသည်။ ထိုဖိတ်ခေါ်မှု သတင်းမျိုးကိုမူ သတင်းအဆိပ်ခတ်သူများက ဖော်ပြခြင်း မပြုကြပေ။

လူတစ်ဦးစီ၊ တစ်ဦးစီတွင် တရားဝင်မှည့်ခေါ်ထားသော နာမည်ကိုယ်စီရှိကြသည်။ လူ့သဘာဝအရ လူတိုင်းသည် မိမိနာမည်ကို ခေါ်ဆိုသုံးနှုန်းလျှင် နာမည်မှန်ကို သုံးစေချင်သည်မှာ လူတိုင်းဆန္ဒဖြစ်သည်။ ချစ်ခင်ကျီစယ်လို၍ နောက်ပြောင်ခေါ်ဆိုခြင်းမှာ ရင်းနှီးခြင်းသဘော သက်ရောက်သော်လည်း ရှိရင်းစွဲနာမည်အစား အခြားနာမည်ကို ခေါ်ဆိုခြင်းမှာ ရန်လိုခြင်း သဘောသက်ရောက်သည်။ ဥပမာအားဖြင့် သတင်းဌာနတစ်ခုသည် သူ့တွင် တရားဝင်မှတ်ပုံတင်ထားသော သတင်းဌာနအမည်ရှိနေပါလျက် ထိုသတင်းဌာနအမည်ကို လွဲမှားခေါ်ဆိုနေမည် ဆိုပါလျှင် လက်ခံနိုင်ပါမည်လား။ ကိုယ်ချင်းစာစိတ်ဖြင့် စဉ်းစားစေချင်ပါသည်။ လူတိုင်းတွင် ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်။ သူ့ဂုဏ်ကိုမြှင့်မှ ကိုယ့်ဂုဏ်မြင့်ပါလိမ့်မည်။ လက်ရှိအနေအထားတွင် မြန်မာနိုင်ငံတော် အစိုးရ၏ အမည်နာမကိုပင် မှန်ကန်စွာ အသုံးမပြုသော မီဒီယာသည် မည်ကဲ့သို့သော မီဒီယာဖြစ်မည်နည်း။ မြန်မာနိုင်ငံပျက်စီးရေးကိုသာ ရှေးရှုလုပ်ဆောင်နေသော သတင်းမီဒီယာများသာ ဖြစ်သည်။

နိုင်ငံသာမဟုတ် နိုင်ငံတွင်း မှီတင်းနေထိုင်သော လူငယ်လူရွယ်တို့၏ ဘဝပျက်စီးရေးကို အလေးထား လုပ်ဆောင်နေသည်ဟုဆိုလျှင် မှားဖွယ်မရှိပါ။ ထိုလူငယ်လူရွယ်များသည် သတင်းအမှန်ကို မသိကြသောအခါ ၎င်းတို့ လုပ်ဆောင်နေသမျှကို အမှန်တရား၊ ဓမ္မဘက်တော်သားဟူ၍ ထင်မှတ်မှားလာကြသည်။ နိုင်ငံတော် အစိုးရအနေဖြင့် သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းမေးမြန်းမှုများအား မှန်ကန်မြန်ဆန်စွာ ဖြေကြားခြင်းများ အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

အနှစ်ချုပ်ဆိုရသော် သတင်းမီဒီယာ များအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တရားဝင်အစိုးရ ဖြစ်သည့်အတွက် ထိုအစိုးရ၏ တရားဝင်အမည်ကိုသာ သုံးစွဲကြရန်နှင့် သတင်းမှားများ ဖြန့်ဝေနေခြင်းကို ရပ်တန်းက ရပ်သင့်ပြီ ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။