မြို့ရွာများအေးချမ်းတည်ငြိမ်ရေးပါဝင်ကြိုးပမ်း

ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများဖွင့်လှစ်ကာ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက်နေသည့် ခင်ကျော် (UNRA)နှင့် ကိုကိုနိုင်(ခ)ဒေါနအပါအဝင် ဆက်စပ်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သတင်းကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါသတင်းတွင် KNU နယ်မြေအတွင်း ဖောက်ခွဲရေး သင်တန်းဖွင့်လှစ်နေသော ခင်ကျော်(UNRA)နှင့် ပတ်သက်ဆက်နွှယ်သူများ ဖြစ်သည့် ရည်မွန်၊ ထွန်းအောင်ကျော်၊ ကိုကိုနိုင်(ခ)ဒေါန၊ အေးမင်းနှင့်ခင်ကျော်တို့၏ ချိတ်ဆက်မှု၊ ဖမ်းဆီးရမိ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊NLD ပါတီမှ ရည်မွန်၊ သိန်းနိုင်၊ ညီညီ၊ မျိုးဇော်အောင်၊ ကျော်စိုးလင်း၊ ခင်မောင်မြင့်၊ မောင်ဒီ၊ ခင်စိုး၊ ရဲရင့်အောင်၊ ဒေါ်နှင်းကြည်တို့၏ ဓာတ်ပုံများ ဖော်ပြထားသည်။

ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံအားပေးသူများ အနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ အပါအဝင် အစိုးရပိုင် အဆောက်အအုံများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဖောက်ခွဲရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိသည့်အတွက် အေးချမ်းစွာ နေထိုင်လိုကြသော ပြည်သူများအနေဖြင့် ရွံရှာစက်ဆုပ်လာကြပြီ ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကူအညီပေးလာသည့် အတွက် ဖမ်းဆီးရမိမှု များပြားလာသည်။

ဇူလိုင် ၃ ရက်နေ့ထုတ် အဆိုပါသတင်းတွင် ခင်ကျော်(UNRA)နှင့် ကိုကိုနိုင်(ခ) ဒေါန အပါအဝင် အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ပတ်သက်သူတရားခံ ၁၇၃ ဦးကို လက်နက်မျိုးစုံ ၁၃၁ လက်၊ လက်လုပ်သေနတ် ၃၇ လက်၊ လက်ပစ်ဗုံး ၅၅၉ လုံး၊ လက်လုပ်ဗုံး ၂၂၅၁ လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံး၊ RPG ဒုံးသီး ၁၄ လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ကျည်အိမ် ၂၆၉ ခု၊ ကျည်မျိုးစုံ ၁၀၅၁၅ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ အကြမ်းဖက် အဖျက်သမားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသည့် သတင်းများ ကြားရတိုင်း ပြည်သူတို့ လွန်စွာပျော်ကြသည်။

KIA နယ်မြေတွင် စစ်သင်တန်း တက်ရောက်ရန်နှင့်လက်နက်ခဲယမ်းများ ရရှိရန် ချိတ်ဆက်ပေးခဲ့သည့် သူများမှာ NLD ပါတီမှ ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း(၂၀၁၅)မျိုးဇော်အောင်နှင့် NLD ပါတီမှ တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း (၂၀၁၅)ညီညီတို့ ဖြစ်သည်။ ထို့ပြင် NLD ပါတီမှ ကချင်ပြည်နယ် ဖားကန့်မြို့(၂၀၁၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ခင်မောင်မြင့်၊ ချမ်းမြသာစည်မြို့နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်းနှင့် ကောလင်းမြို့နယ်(၂၀၁၅)လွှတ်တော်ကိုယ်စားလှယ်ဟောင်း မျိုးဇော်အောင်တို့ သည်လည်း လူငယ်များကို ကေအိုင်အေဌာနချုပ်လိုင်ဇာ၌ စစ်သင်တန်းတက်ရန် ချိတ်ဆက် ပို့ဆောင်ပေးခဲ့ကြသည်။

တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အနေဖြင့် နိုင်ငံတော်အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် သင်တန်းဆင်း အဖွဲ့များမှ နေရပ်သို့ ပြန်လည်ရောက်ရှိပါက စက်ရုံ/အလုပ်ရုံများအား မီးရှို့/ဖောက်ခွဲဖျက်ဆီးခြင်း များအပြင် အုပ်ချုပ်ရေးမှူးများကို  အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း၊ ဒေသအလိုက် PDF အဖွဲ့များသည် EAOs အဖွဲ့များနှင့် ပူးပေါင်း၍ တပ်ဌာနချုပ်များကို စီးနင်းတိုက်ခိုက်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ငွေကြေးနှင့် လက်နက်များ လက်ခံရယူ၍ အင်အားပိုမိုကြီးမားအောင် လုပ်ဆောင်ခြင်း စသည်ဖြင့် အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်ရန် ဖြစ်သည်။

အကြမ်းဖက် လုပ်ရပ်များကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂ ရက်အထိ နိုင်ငံတော်အတွင်း အပြစ်မဲ့ပြည်သူ ၁၈၉ ဦးသေဆုံးကာ မီးလောင်မီးရှို့ခံရသော စာသင်ကျောင်း ၆၀၊ အုပ်ချုပ်ရေးမှူးရုံး ၇၄ ရုံး၊ ရဲကင်း၊ ရဲစခန်း ၃၅ ခုရှိသည်။ စာသင်ကျောင်းများတွင် ဗုံးပေါက်ကွဲမှု ၂၃၂ ကြိမ်၊ အုပ်ချုပ်ရေးမှူးရုံးများတွင် ဗုံးပေါက်ကွဲမှု ၁၈၂ ကြိမ်၊ ရဲကင်း၊ ရဲစခန်းများတွင် ဗုံးပေါက်ကွဲမှု ၆၆ ကြိမ် စုစုပေါင်းဗုံးပေါက်ကွဲမှု အကြိမ် ၄၈၀ ရှိခဲ့သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတကာသို့ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတင်းထုတ်ပြန် ကြေညာထားသော PDF၊ CRPH နှင့် NUG အဖွဲ့တို့နှင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဆက်သွယ်ထောက်ခံ အားပေးအားမြှောက် ပြုခြင်းများသည် ရာဇသတ်ကြီးပုဒ်မ ၁၂၃ နှင့်ငြိစွန်း၍ ပြစ်မှုမြောက်သဖြင့် ထောင်ဒဏ်အနှစ် ၂၀ အထိ ပြစ်ဒဏ် ကျခံရနိုင်ကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းမှ ရည်မွန်အပါအဝင် ၎င်းတို့၏ အဖွဲ့ဝင်များနှင့် အကြမ်းဖက် အဖျက်သမားများအား ဆက်လက်ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိသည်။

အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်မှုအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။ သို့ဖြစ်ပါ၍ မြို့ရွာများ အေးချမ်းတည်ငြိမ်ရေး၊ အဖျက်သမားများ ကင်းစင်ရေးအတွက် မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်းက လုံခြုံရေး တပ်ဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။  ။