ကျန်းမာ ချမ်းသာ ဘေးကင်းကွာ

ကမ္ဘာတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးများ ကူးစက်မှုအရှိန်အဟုန်မြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံသည်လည်း ဂရုစိုက်ရမည့် အနေအထားဖြစ်လာသည်။ ရောဂါပိုးကူးစက်မှုမှာ လူ့ခန္ဓာကိုယ်အတွင်း

သို့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှဝင်ရောက်ခြင်းဖြစ်သည်။ ရောဂါပိုးသည် လေထဲတွင်ပျံ့လွင့်ရာမှ ထိုရောဂါပိုးပါသည့် လေကိုရှူရှိုက်မိခြင်း၊ ရောဂါပိုးတွယ်ကပ်နေသည့် အရာဝတ္ထုကို လက်ဖြင့်ကိုင်တွယ်မိပြီး ထိုလက်ဖြင့် မိမိ၏မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုကိုင်တွယ်မိခြင်းတို့ကြောင့် ရောဂါဖြစ်ပွားရခြင်း ဖြစ်ပေသည်။

ရောဂါပိုးကူးစက်ခံရခြင်းမှကာကွယ်ရာတွင် အခြေခံအကျဆုံးနှင့် အကောင်းဆုံးနည်းလမ်းမှာ ပါးစပ်နှင့် နှာခေါင်းစည်း(Surgical Mask)တပ်ဆင်ထားခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်၍ ရောဂါကွင်းဆက်များဖြတ်တောက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask)အရေအတွက် ၁၂၀၅၀၀၀၀ ခုကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများထံသို့ ဇွန်လအတွင်းက ဖြန့်ဝေထားရှိခဲ့ပြီး ဖြစ်သည်။

အဆိုပါပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask)များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသည် ရောဂါကူးစက်နိုင်ခြေမြင့်မားသော လူစည်ကားရာနေရာများ ဖြစ်သည့် မြို့နယ်အသီးသီးရှိ ဈေး၊ ဘဏ်၊ လမ်းဆုံ၊ ကားဂိတ်၊ မြို့အဝင်အထွက်ဂိတ် စသည့်နေရာများတွင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ရောဂါကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း(ြေျု ဃောစငေါည)များ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး၊ ပါးစပ်နှာခေါင်းတပ်ဆင်ရေး ပညာပေး ပြုလုပ်ခြင်းများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ လူစည်ကားရာနေရာတွင် ဆောင်ရွက်လျက်ရှိပြီး နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိသည့်ပြည်သူများအား နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ တပ်ဆင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဤသတင်းများမှာ သာမန်အားဖြင့်ကြည့်လျှင် အရေးမကြီးဟု ထင်မြင်နိုင်သော်လည်း နက်နက်နဲနဲ တွေးကြည့်လျှင် လူသားတို့ အသက်ရှင် ကျန်းမာရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်၍ လွန်စွာ မွန်မြတ်လှပေသည်။ အရေးတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ကြသည်။ တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် ကျန်းမာရေး စောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ဗီဇပြောင်းရောဂါပိုးများ ကူးစက်ဝင်ရောက်လာမှုတွင် ဒယ်လ်တာဗီဇပြောင်းပိုး ပါဝင်လာသည်။ ထိုရောဂါပိုးသည် ကူးစက်မှုနှုန်းမြင့်တက်လာကာ သေဆုံးမှုလည်း များပြားကြောင်း သိရသည်။

အာရှ၊ ဥရောပ၊ အမေရိကန်နိုင်ငံပေါင်း ၁၀၀ ခန့်တို့တွင် ဒယ်လ်တာပိုးကူးစက်ပျံ့နှံ့မှု မြင့်တက်လာခြင်းအပေါ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လွန်စွာအန္တရာယ်ကြီးမားသည့် အခြေအနေအဖြစ် သတိပေးထားပါသည်။

ဒယ်လ်တာ၏ ရောဂါလက္ခဏာများတွင် အသက်ရှူကျပ်ခြင်း၊ အဆုတ်တွင် ရောဂါဖြစ်ခြင်းတို့အပြင် နှာခေါင်းပိတ်ခြင်း၊ နှာရည်ကျခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖျားဝင်ခြင်းတို့ ပါဝင်သည်။ အချို့သူများမှာ ဒယ်လ်တာပိုး ကူးစက်ခံရသော်လည်း အနံ့ပျောက်ခြင်း၊ အရသာပျောက်ခြင်းလက္ခဏာများ မဖြစ်ပေါ်သည့်အတွက် သာမန်အအေးမိခြင်းနှင့် မှားယွင်းတတ်ကြသည်။ မည်သည့်အခြေအနေတွင် ဖြစ်စေ လူတိုင်းတွင် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိနေရန် လိုအပ်ပေသည်။

နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့နယ်အချို့အား နေအိမ်တွင်နေထိုင်ရေး (Stay at Home)အစီအစဉ်တွင်အကျုံးဝင်ကြောင်း ကြေညာပေးထားသည်။ အစိုးရဌာနများ၊ ကုမ္ပဏီများနှင့် ပတ်သက်၍ လိုက်နာလုပ်ဆောင်ရန်ကို ထုတ်ပြန်ပေးထားသလို တစ်ဦးချင်းလိုက်နာရန်လည်း အသိပေးထားသည်။ မဖြစ်မနေဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာသွားရောက်ရန်၊ နေအိမ်မှပြင်ပသို့ သွားလာလျှင် ပါးစပ်၊ နှာခေါင်းစည်း(Mask)များတပ်ရန်၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းများသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွားရောက်ရန် စသည်ဖြင့် အသေးစိတ်အချက်အလက်များအထိ အသိပေးထားသည်။ ပြည်သူတစ်ဦးချင်း အနေဖြင့်လည်း ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှုများအတိုင်း အထူးဂရုပြုလိုက်နာ နေထိုင်သင့်လှသည်။

အထူးသဖြင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို နှာခေါင်းစည်း၊ မျက်နှာကာတို့ဖြင့်ကာကွယ်ထားရန်၊ အိပ်ရေး၀၀ အိပ်ကြရန်၊ အာဟာရပြည့်သော အစားအစာများ စားကြရန်၊ ပေါ့ပါးသော ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ဆောင်ရန်၊ လူစုလူဝေးရှောင်ရန်၊ လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးရန်တို့ကို လိုက်နာလုပ်ဆောင်ကြမည် ဆိုလျှင် ကျန်းမာချမ်းသာ ဘေးကင်းကွာမည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။   ။