COVID-19  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား   စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊  စက်တင်ဘာ - ၂

Coronavirus Disease 2019 (COVID-19)  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတို့၌ လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများသို့ ထပ်မံရောက်ရှိ လာသူ မရှိကြောင်း သိရသည်။

စောင့်ကြပ်ကြည့်ရှုထားသူမျာ းအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှ ၁၆ ဦး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၁၃ ဦးကို ယနေ့တွင် ကျန်းမာရေး ဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ် များနှင့် COVID-19  ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။

ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၃၈၁ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၂၃၆ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်းနှင့် အဆိုပါသီး သန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် ဆောင်ရွက်ပေးလျက် ရှိသည်။

ယနေ့တွင် လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ သီးသန့်စောင့်ကြည့် ရမည့်သူများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။