ပြည်သူ့အကျိုး ဆောင်သယ်ပိုး ကောင်းကျိုးရည်မျှော် တပ်မတော်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာ ၄ ရက်)

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် အပြင် နိုင်ငံတော်တွင် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က  ကူညီဆောင်ရွက်ရမည်ဟူ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)အခန်း (၇)တွင် ပြဋ္ဌာန်း ထားသည့်အတိုင်း တပ်မတော်ကလုပ်ဆောင်လျက်ရှိသည်။

COVID-19  ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ဆက်လက်လက်ခံပေးလျက်ရှိခြင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ အထောက်အကူဖြစ်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း ခြင်း၊ ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့်လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးနေ ခြင်းနှင့် အရေးပေါ်ဖြစ်ပွားတတ်သော ရေကြီးရေလျှံ၊ တာတမံကျိုးပေါက်မှုများတွင်လည်း အချိန်မီ ရောက်ကာ ကူညီ ကယ်ဆယ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ထင်ထင်ရှားရှားလုပ်ဆောင်နေသော်လည်း တချို့သူများက ဝေဖန် ကဲ့ရဲ့ပြစ် တင်ကာ အမြင်မှုန်ဝါးလျက်ရှိသည်။ ကဲ့ရဲ့ပြစ်တင်ပြောဆိုတတ်သူအဖို့ ကဲ့ရဲ့ပြစ်တင်ခြင်းသာ လုပ်ဆောင် နေပါလိမ့်မည်။ ထိုသို့ကဲ့ရဲ့ခြင်းသည်   ဘုရားရှင်လက်ထက်ကပင်ရှိခဲ့ကြောင်း သိရှိရသည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ်ဖြစ်သည်။   အတုလျခေါ်သော ပုဂ္ဂိုလ် တစ်ဦး သည် မိတ်ဆွေငါးရာနှင့်အတူ ရှင်ရေဝတ မထေရ်ထံ တရားနာရန် ရောက်ရှိသွားခဲ့ကြသည်။

ရှင်ရေဝတထံရောက်သည့်အခါ ရှင်ရေဝတကို ရှိခိုးပြီး သင့်တင့်သောနေရာမှာထိုင်နေကြသည်။ ရှင်ရေဝတ မထေရ်မှာ တစ်ပါးတည်း နေတတ်ပြီး စကားအလွန်နည်းလှသည်။ ထိုင်နေသော အတုလျနှင့် သူ့မိတ်ဆွေများကို  တရားဟောဖို့နေနေသာသာ ဧည့်ဝတ်စကားပင်မပြောပေ။ ဒီမထေရ်ဟာ စကားမပြောတတ်သူကျနေတာပဲ၊ ဧည့်ဝတ် စကား တောင်ပြောဖော်မရဘူး ဆိုပြီး အတုလျနှင့် သူ့မိတ်ဆွေတွေက ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး ထံဆက်ပြီးသွားခဲ့သည်။

ရှင်သာရိပုတ္တရာမထေရ်မြတ်ထံရောက်သည့်အခါ အတုလျနှင့် သူ့မိတ်ဆွေတွေက ရှင်ရေဝတထံ တရားနာဖို့ သွားခဲ့ ရာ ရှင်ရေဝတက တရားလည်းမဟော၊ စကားလည်းမပြောကြောင်း လျှောက်ထားကြသည်။ ထို့ကြောင့်ရှင်သာရိ ပုတ္တရာမထေရ်မြတ်မှ တရားချီးမြှင့်ပေးပါရန် လျှောက်ထားတောင်းပန်ကြလေသည်။ ရှင်သာရိပုတ္တရာ မထေရ်မြတ် ကြီးက အင်မတန်လေးနက်သိမ်မွေ့သည့် အဘိဓမ္မာတရားတော်ကို ရှည်လျားစွာဟောကြားတော် မူလေ သည်။ ရှင်သာရိပုတ္တရာ ဟောကြားသော အဘိဓမ္မာတရားက သိမ်မွေ့နက်နဲလွန်းသောအခါ အတုလျ နှင့် မိတ်ဆွေများ နားလည်ခြင်းမရှိပါ။ တရားက သိမ်မွေ့ပြီး ရှည်လျားနေသည့်အတွက် အတုလျနှင့် မိတ်ဆွေ များက ''တရားကရှည်လိုက်တာ၊ မပြီးမပြီးနိုင်တော့ဘူး၊ ဒီလောက်တောင်ပဲ ဟောနေရသလား''လို့ ပြစ်တင် ကဲ့ရဲ့ကြပြန်သည်။ ထို့နောက် ရှင်အာနန္ဒာထံ သွားရောက်ကြပြန်သည်။ ရှင်အာနန္ဒာက အတုလျနဲ့ သူ့မိတ်ဆွေ များကို ဘယ်လိုအကြောင်းနဲ့ ရောက်လာကြပါသလဲ ဟုမေးလေသည်။ ထို့နောက် ရှင်အာနန္ဒာက နက်နဲသိမ်မွေ့ သည့်တရားကို အတုလျနဲ့ သူ့မိတ်ဆွေတွေ နားလည်လွယ်အောင် တိုတိုရှင်းရှင်းဟောပြလိုက်သည်။ တရား တိုလွန်းပြန် တော့လည်း အတုလျနဲ့သူ့မိတ်ဆွေတွေ စိတ်ကြိုက်မတွေ့ဖြစ်ရပြန်သည်။ နောက်ဆုံးတွင် အတုလျ နဲ့အဖွဲ့ မြတ်စွာဘုရားရှင်ထံရောက်ရှိသွားကြသည်။

ဘုရားရှင်က ''အတုလျ...ကဲ့ရဲ့ခြင်းဟာ ရှေးအခါကစပြီး အလေ့အထဖြစ်လာခဲ့တယ်။ ဘာမှမပြောဘဲ ဆိတ်ဆိတ် နေသူကိုလည်း ကဲ့ရဲ့တယ်။ များများပြောတဲ့သူကိုလည်း ကဲ့ရဲ့တယ်။ နည်းနည်းပြောသူကိုလည်း ကဲ့ရဲ့တာပါပဲ။ လောကမှာ ကဲ့ရဲ့မှုကိုချည်းခံရသူ၊ ချီးမွမ်းမှုကိုချည်းခံရသူဆိုတာမျိုးမရှိပါဘူး။  မိုက်မဲတဲ့ သူတွေရဲ့ ကဲ့ရဲ့ခြင်း၊ ချီးမွမ်း ခြင်းဟာ ပဓာနမဟုတ်ပါဘူး။ အသိအမြင်အဆင်ခြင်ရှိကြတဲ့ ပညာရှိတွေရဲ့ ကဲ့ရဲ့ခြင်းသာ ကဲ့ရဲ့ခြင်း အမှန်ဖြစ်တယ်။ ပညာရှိတွေရဲ့ ချီးမွမ်းခြင်းသာ ချီးမွမ်းခြင်းအမှန်ဖြစ်တယ်'' ဟူ၍ မိန့်တော်မူလေသည်။

ဤအကြောင်းအရာနှင့်ဆက်စပ်စဉ်းစားမိသည်မှာ  မလိုသူတွေက မည်သို့ပင်ကဲ့ရဲ့ပြောဆိုနေကြစေကာမူ တပ်မတော် ကား အပြုံးမပျက်ခရီးဆက်ကာ ပြည်သူ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိနေမည်သာဖြစ်ပါ ကြောင်း ရေးသား လိုက်ရပေသည်။     ။