လက်တွဲညီညီ ရှေ့သို့ချီ ယုံကြည်တည့်မတ်အနာဂတ်

ယမန်နေ့မှအဆက်

အစိုးရအနေဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တောင်းဆိုချက်ကို  အတတ်နိုင်ဆုံးသည်းခံ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် နိုင်ငံ့အကျိုးကို ထိခိုက်စေသော တောင်းဆိုချက်များမှအပ အတတ်နိုင်ဆုံး လိုက်လျောခဲ့သည်။ သို့သော် အစိုးရဘက်မှညှိနှိုင်းချက်များကိုမူ ဗဟို၏ အမိန့်မရသဖြင့် ဗဟိုခွင့်ပြုချက်စောင့်ပါဟူ၍သာ  အကြောင်းပြန်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစုနှင့်  သုံးပါတီသည်  ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် လက်ခံသော် လည်း ၎င်းင်းတို့၏တောင်းဆိုချက်များမှာ မိမိတို့ပါတီများ၏အကျိုးကိုသာကြည့်၍ တစ်ပြည်လုံး အတိုက်အခိုက် ရပ်စဲရေးကိုတောင်းဆိုကာ တပ်မတော်တစ်ရပ်လုံး၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းလာခဲ့ကြသည်။

တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် သုံးပါတီပဏာမ ကိုယ်စားလှယ်အဖွဲ့၏ တောင်းဆိုချက်ကိုပြန်ကြားရာ၌ တစ်ပြည်လုံးအတိုက်အခိုက်ရပ်စဲရေးမှာ လက်မခံသော အဖွဲ့အစည်းများရှိနေသဖြင့် လက်တွေ့မဖြစ်နိုင်ကြောင်း၊ သုံးပါတီအနေနှင့် တာဝန် ယူနိုင်သောနယ်မြေအတွင်း အတိုက်အခိုက်ရပ်စဲထားပါက လုံလောက်ပြီဟု ယူဆကြောင်း၊ ဒုတိယအချက်တွင် တောတွင်းလက်နက်ကိုင်အဖွဲ့ အစည်းအချင်းချင်း တွေ့ဆုံ ညှိနှိုင်းရန် လွယ်ကူသည်မဟုတ်သဖြင့် မိမိပါတီကို မိမိတာဝန်ယူ၍သာ ဆွေးနွေးကြစေရန် လိုကြောင်း ပြန်ကြားခဲ့သည်။ ၎င်းင်းအပြင် လိုအပ်သော အကူအညီများကိုလည်း တတ်နိုင်သမျှ   ပေးမည်ဟုကတိပြုခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအင်အားစုများ လက်နက်စွဲကိုင် တိုက်ခိုက် နေခြင်းဖြင့် ပြည်တွင်းအင်အားကို ဆုတ်ယုတ်စေသည်ဟု တော်လှန်ရေးကောင်စီက ခံယူထားသည့်အတွက် လက်နက်ကိုင်အင်အားစုများအား ခေတ်ပြောင်း တော်လှန်ရေး ဆင်နွှဲရာတွင် အတူတကွပါဝင်ရန် ရိုးရိုးသားသား ဖိတ်ခေါ်ခဲ့သော်လည်း သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ်တွင် အမြတ်ထုတ် အကောက်ကြံခဲ့သည်ကို တွေ့ရနိုင်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်ပရောက် ဗဟိုကော်မတီများနှင့် အဆက်ပြတ်နေရာမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလအတွင်း ပြန်လည် အဆက်အသွယ်ရရှိသွားခဲ့သည်။ ထို့နောက် ပြည်ပပေါ်လစီများကို အကြွင်းမဲ့လိုက်နာခြင်းဖြင့်  အမျိုးသားသစ္စာဖောက်ဘဝသို့ လုံးလုံး လျားလျားကျရောက်ခဲ့သည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ၎င်း၏ လက်အောက်ခံသဖွယ်ဖြစ်နေသော   ကေအင်န်ယူပါတီတို့မှာ ရောထွေးနေပြီး အဖျက်လုပ်ငန်း မှန်သမျှကို အတူတကွကျူးလွန်ခဲ့ကြသည်။ ကချင်ပြည်နယ်တွင် ကေအိုင်အေများက လှုပ်ရှား ထကြွနေခဲ့သကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း ရှမ်းသောင်းကျန်းသူအဖွဲ့များက ဆူပူသောင်းကျန်း လျက်ရှိသည်။ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် ကေအင်န်ယူ၊ ကရင်အမျိုးသား တိုးတက်ရေး ပါတီနှင့် မွန်ပြည်သစ်ပါတီကဲ့သို့ အဖွဲ့ငယ်များ ပေါ်ပေါက်လှုပ်ရှားထကြွခဲ့သည်။

ဧရာဝတီမြစ်အနောက်ခြမ်းတွင်     ဗမာပြည်ကွန်မြူနစ်ပါတီ၏ အနောက်တိုင်းနှင့် သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီတို့ နယ်မြေလုကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ၆၄ လမ်းစဉ်အရ စစ်ရေးအသွင် သဏ္ဌာန်ပြောင်းလဲ၍ ပိုမိုလှုပ်ရှားလာခဲ့သဖြင့် တပ်မတော်မှ ထိုးစစ်ကြီး ဆင်နွှဲကာ စစ်ရေးအရတိုက်ခိုက် အရေးယူရတော့သည်။ သောင်းကျန်းသူများသည် မိမိတို့ ရပ်တည်ချက်အတွက် ပြည်ပအကူအညီရှာဖွေလာကြပြီး သောင်းကျန်းသူ အဖွဲ့အစည်း အားလုံး၏ တူညီသောထူးခြားချက်တစ်ရပ်မှာ ပြည်ပအားကိုး၍ အမျိုးသားရေး သစ္စာဖောက်ခြင်းနှင့် တရားမဝင် ဘိန်း၊ ကျောက်စိမ်းနှင့် နယ်စပ်မှောင်ခိုစီးပွားရေး လုပ်ငန်းများ တွင် အပြိုင်အဆိုင်ဝင်ရောက်လာခြင်းပင်ဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် ပဲခူးရိုးမဒေသရှိ ဗကပ ကို ချေမှုန်းနိုင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်၊ မတ်လ၂၈ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်ထုတ်ပြန်ခဲ့သဖြင့်  တောတွင်း လက်နက်ကိုင် ၂၂၅၇  ယောက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တာဝန်ယူပြီးနောက် ကေအိုင်အိုအဖွဲ့ဖြင့် သုံးကြိမ်ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးစဉ် ကာလအတွင်း ကေအိုင်အေမှလူသစ်စုဆောင်းခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊  ဗကပထံမှလက်နက်/ ခဲယမ်းများရယူပြီး ကေအိုင်အေသို့ ခွဲဝေပေးခြင်း၊ နာဂသောင်းကျန်းသူများအား ကေအိုင်အေနှင့် ပူးပေါင်းတိုက်ရန်ညှိနှိုင်းခြင်း၊ ကေအိုင်အိုဥက္ကဋ္ဌ ဘရန်ဆိုင်း၏ သွေးထိုးလှုံ့ဆော်မှုစသည်တို့ကြောင့် ၁၉၈၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစ၍ ဆွေးနွေးပွဲရပ်စဲခဲ့ရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကာလမှသည် ၁၉၈၈ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကာလအထိ ပြည်တွင်းမငြိမ်သက်မှု၊ လက်နက်ကိုင်ပဋိပက္ခမှ နိုင်ငံရေး၊  လူမျိုးရေး ပဋိပက္ခမှုတို့ဖြင့်သာ ကြုံတွေ့ခဲ့ရသည်။

ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် ခေတ်အဆက်ဆက် အစိုးရတို့က ကြိုးပမ်းခဲ့ကြ သော်လည်း ငြိမ်းချမ်းရေး အမှန်တကယ်ရယူလိုစိတ်မရှိခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ရိုးသားလိုစိတ်မရှိခြင်း၊ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးမျှော်ကိုးပြီး ဆောင်ရွက်လိုစိတ်မရှိခြင်း၊ သံသယစိတ်ဖယ်ခွာ ၍ယုံကြည်မှုဖြင့် တည်ဆောက်လိုစိတ်မရှိခြင်း စသည်တို့ကြောင့် တည်ဆောက်နိုင်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။ တိုင်းရင်းသားအချို့မှာ နိုင်ငံခြားသားများ၏ သွေးခွဲမှုအပေါ်ယုံကြည်မှုလွန်ကဲခြင်း၊ တစ်ဦးနှင့်တစ်ဦး အမုန်းနှင့် သံသယတရားကြီးမားခြင်း၊ ဥမကွဲသိုက်မပျက် နေလိုစိတ်မရှိခြင်း စသည်တို့သည်ငြိမ်းချမ်းရေးတည်ဆောက်ရာတွင်သာမက အမိမြန်မာနိုင်ငံတော်ကြီး ထာဝရတည်တံ့နိုင်ရန် အတွက်ပါအန္တရာယ်ရှိသည်ဟု ဆိုနိုင်ပါသည်။ တပ်မတော်သည် အစဉ်အလာအရ မြန်မာ့နိုင်ငံရေးလောကတွင် ဦးစီးခေါင်းဆောင်ကဏ္ဍမှ ပါဝင်မှုမရှိဘဲ ပွဲကြည့်ပရိသတ်အနေဖြင့် ထိုင်ကြည့်နေမည်ဆိုပါက ၁၉၄၈ ခုနှစ်အခြေအနေသို့ သမိုင်းတစ်ပတ်ပြန်ကျော့ လိမ့်မည်သာဖြစ်ပေသည်။

နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည့်ဒေသများကို မျိုးရိုးတူဖြစ်သည့် သွေးရင်းသားရင်း အချင်းချင်း တို့က သူရထိုက်သည်၊ ငါရထိုက်သည်ဟု စိတ်ဝမ်းကွဲပြားအငြင်းပွားနေကြလျှင် စည်းလုံးညီညွတ်မှုပျက်ပြားကာ မည်သည့်ကောင်းကျိုးမှမခံစားရဘဲ နိုင်ငံနှင့် တိုင်းရင်းသား အားလုံးတို့ ပျက်ပြုန်းကြရန်သာရှိတော့သည်။ ထိုပြဿနာသည် တိုင်းရင်းသားလူမျိုးစု အားလုံးတို့၏ ပျက်စီးရာလမ်းစကြီးပင်ဖြစ်သည့်အတွက်  နိုင်ငံ၏အနာဂတ်ကို ထူထောင်ကြမည့် ခေါင်းဆောင်ပုဂ္ဂိုလ်များက တားဆီးရန်လိုအပ်ပေသည်။ လူနည်းစုပြဿနာသည် မျိုးနွယ်စု တစ်ခုခုနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားအားလုံးတို့နှင့် သက်ဆိုင်သည် ဆိုသည်ကို တိုင်းရင်းသားအားလုံးလက်ခံထားရမည်ဖြစ်ပြီး အစဉ်မမေ့အပ် ရဘဲ သတိပြုရမည်ဖြစ်သည်။  

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် တပ်မတော်မှ နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူခဲ့ပြီး ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး မူဝါဒအဖြစ်ချမှတ်ခဲ့ကာ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံရေးဦးတည်ချက်(၄)ရပ်၊ စီးပွားရေးဦးတည်ချက်(၄) ရပ်၊ လူမှုရေးဦးတည်ချက်(၄)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးတွင် “အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေး” အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား တရားဥပဒေဘောင်အတွင်း ပြန်လည် ရောက်ရှိစေရေး ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

တပ်မတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် စစ်ဆင်ရေးများ တစ်ဖက်သတ် ရပ်ဆိုင်းပေးခြင်း၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခြင်း စသည့်စေတနာမှန်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မှုများကြောင့် ၁၉၈၉ ခုနှစ်တွင် ကိုးကန့်တိုင်းရင်းသားများသည် ဗမာပြည်ကွန်မြူနစ်ပါတီမှခွဲထွက်ပြီး ငြိမ်းချမ်းရေးအား စတင်ရယူခဲ့သည်။ ၎င်းမှအစပြု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေးအား ဆက်လက် ရယူခဲ့ရာ   တစ်နိုင်ငံလုံးနီးပါး   ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေးရယူပြီးနောက် အထူးဒေသများအဖြစ် သတ်မှတ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ထောက်ပံ့ကူညီခဲ့သည့်အပြင် တရားဝင်စီးပွားရေး လုပ်ငန်း များကိုလည်း လုပ်ပိုင်ခွင့်ပေးခဲ့သည်။ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှုကို  အလျင်အမြန်အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်သွားနိုင်ရေးအတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည်   “နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ” ကိုဖွဲ့စည်းခဲ့သည်။ ၎င်းနောက် လုပ်ငန်းကော်မတီများ ထပ်မံဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည်။

တပ်မတော်၏ကြိုးပမ်းမှုကြောင့် နယ်မြေအေးချမ်းစ ပြုလာသည့်ဒေသများ၌ ဒေသခံ တိုင်းရင်းသား ညီအစ်ကိုခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မဖွံ့ဖြိုးသေးဘဲ နောက်ကျကျန်ခဲ့သည့် ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တတ်နိုင်သမျှအချိန်တိုအတွင်း မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ရန်ကြိုးစားခဲ့သည်။ တိုင်းရင်းသားလူမျိုးများအရေးသည် မိမိတို့ သွေးချင်းသားချင်းများ၏ အရေးပင်ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် တောင်ပေါ်၊ မြေပြန့်နှင့် နယ်စပ်ဒေသ မခွဲခြားဘဲ သက်ဆိုင်ရာဒေသ အေးချမ်းမှုရှိလာသည်နှင့်အမျှ တိုးတက်အောင် ဆောင်ရွက်ပေးခဲ့ကြသည်။ တိုင်းရင်းသားနယ်မြေများတွင် လယ်ယာ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ စွမ်းအင်၊ ပညာရေး၊  ကျန်းမာရေး  စသည့်ကဏ္ဍမျိုးစုံတို့  တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ စက်မှုလက်မှုသင်တန်းကျောင်းနှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့အား ဖွင့်လှစ်ပေးခဲ့သည်ကိုကြည့်ခြင်းဖြင့် တပ်မတော်သည် တိုင်းရင်းသားအကျိုး အမြဲဦးထိပ်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။           

တပ်မတော်သည် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက်  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံကောင်းများကို ဖန်တီးပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ပေးခဲ့ပြီး  ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ဒီမိုကရေစီအစိုးရသို့ နိုင်ငံတော်အာဏာအရပ်ရပ်ကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးအပ်ခဲ့သည်။ တပ်မတော်၏ ပါတီစုံ ဒီမိုကရေစီနိုင်ငံရေး အသွင်ကူးပြောင်းမှုသည် အတည်ငြိမ်ဆုံးအသွင် ကူးပြောင်းမှုဖြစ်ခဲ့သည့်အတွက် နိုင်ငံတကာမှ အာရှနွေဦးအဖြစ် အာရပ်နွေဦးဖြစ်စဉ်နှင့်နှိုင်းယှဉ်ကာ အသိအမှတ်ပြုခဲ့ရသည်။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ  ၁၈ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး  နိုင်ငံငြိမ်းချမ်းရေးအတွက်  ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်ပေးခဲ့သည်။ တပ်မတော် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များအား ထမ်းဆောင်လျက်ရှိရင်း နိုင်ငံတော်အစိုးရက ချမှတ်ပေးသည့်မူဝါဒများအတိုင်း  ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေး အကောင်အထည်ဖော် လျက်ရှိသည်။   

၂၀၁၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်။ ဗဟိုကော်မတီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွဲ့ဝင်အဖြစ် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ချုပ်ဆိုနိုင်ခဲ့သည်။  

ဃြဗ သည် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခသမိုင်းတစ်လျှောက် တွင် ပထမဦးစွာ ချုပ်ဆိုခဲ့သည့် အပြည့်စုံဆုံးသော ငြိမ်းချမ်းရေးစာချုပ် တစ်ခုပင်ဖြစ်သည်။ NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုသည်ထက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် တစ်ခုတည်းသော တံခါးပေါက်ပင်ဖြစ်သည်။ NCA ပါ သဘောတူညီချက် အားလုံးနီးပါးသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ယူဆောင်လာသော အချက်များဖြစ်သည်။ ဃြဗ လက်မှတ်ရေးထိုးခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အာမခံချက်များ၊ သဘောတူညီချက်များ ရရှိရေးလမ်းစဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲများကို ငြိမ်းချမ်းစွာဆွေးနွေးနိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး

ဆွေးနွေးမှုပူးတွဲကော်မတီ၊  ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီ (JMC) များကိုဖွဲ့စည်းနိုင်ရေး NCA စာချုပ်တွင် သဘောတူညီခဲ့သည်။  တပ်မတော်သည်  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ငြိမ်းချမ်းရေးမူဝါဒ (၆)ချက်ချမှတ်ပြီး “ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မဟာဗျူဟာကို ကျင့်သုံးခြင်း ” နှင့် “ ထာဝရငြိမ်းချမ်းရေးရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိခြင်း” တို့အား အမြဲနှလုံးသွင်းခဲ့သည့် အလျောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစတင်၍ ယနေ့အချိန်အထိ တစ်ဖက်သတ်အပစ် အခတ်ရပ်စဲရေး ရှစ်ကြိမ်အား သတ်မှတ် ကာလများဖြင့်ရပ်စဲပေးပြီး ငြိမ်းချမ်းရေးလုပ်ငန်းများဖော်ဆောင်နိုင်ရန် လမ်းဖွင့်ပေး ခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်ထောင်စုကြီး အစဉ်တည်တံ့ခိုင်မြဲစေရန် နှင့် ပြည်သူတို့၏ လူမှုဘဝ အေးချမ်းစွာ နေထိုင်စေရန် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်ပြေးညီ စိတ်ရင်း စေတနာမှန်ကို ဖော်ထုတ်ပြသ၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်။ အတိတ်သမိုင်းတွင် နယ်မြေပိုင်ဆိုင်လိုမှုနှင့် လူမျိုးရေး ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ဖူးပြီ။ တိုင်းရင်းသားတို့၏ စည်းလုံးမှုလမ်းစကိုပြနိုင်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့၏ လွတ်လပ်ရေးသည်လည်း ရရှိခဲ့ကြပြီးဖြစ်သည်။ ယနေ့ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေတို့အရ တိုင်းရင်းသားများတစ်ဦးနှင့်တစ်ဦး စိုးရိမ်စိတ်၊ သံသယစိတ်၊ မယုံကြည် စိတ်များ ဖြေဖျောက်နိုင်မှသာ ရရှိပြီးသောလွတ်လပ်ရေးနှင့် တိုင်းပြည်ပါဆုံးရှုံးနိုင်မည် မဟုတ်ချေ။ တပ်မတော်အနေဖြင့် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ဒေသများတွင် တည်ငြိမ်အေးချမ်းမှုများရရှိအောင် ဆောင်ရွက်လျက်ရှိပြီး တစ်ပြိုင်တည်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် နယ်မြေခံတိုင်းရင်းသားတို့၏ လူမှုဘဝစောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ကျေးလက်ဒေသရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးအတွက် တပ်မတော်နယ်လှည့်အထူးဆေးကုသရေး အဖွဲ့များဖြင့် လည်းကောင်း၊ တိုင်းစစ်ဌာနချုပ်များမှ အထူးဆေးကုသရေးအဖွဲ့များဖြင့်လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများအတွက် မြစ်တွင်းသွားဆေးရုံရေယာဉ်များဖြင့်လည်းကောင်း၊   ကမ်းရိုးတန်းဒေသရှိ ပြည်သူများအတွက် ကမ်းရိုးတန်းသွား ဆေးရုံရေယာဉ်များဖြင့် လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိပြီး လိုအပ်ပါကလည်း တပ်မတော်ဆေးရုံ^ဆေးတပ်ရင်းများသို့ တက်ရောက်ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ် ကုသနိုင်ရေးအတွက်လည်း လိုအပ်သည့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း၊  နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်နှင့် ရွှေညောင် စသည်တို့တွင် Quarantine Center များဖွင့်လှစ်ပြီး အသွားအလာ ကန့်သတ်ထားရှိသူများကို အာဟာရပြည့် ကျွေးမွေးစောင့်ရှောက်ခြင်း များဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။ တပ်မတော်သားအရာရှိ၊ စစ်သည်များမှလစာ၏ တစ်ရက်စာ၊ အရာရှိကြီးများမှ လစာ၏ တစ်လစာ ၂ ကြိမ် စုစုပေါင်းငွေကျပ် ၄ ဒသမ ၄၇ ဘီလီယံအား COVID-19 ရောဂါ ကြိုတင်ကာကွယ် ကုသရေးအတွက် ထည့်ဝင်လှူဒါန်းနိုင်ခဲ့ပါသည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ နယ်မြေဒေသများအထိ သွားရောက်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအတွက်လည်း COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် လိုအပ်သော ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား တပ်မတော်မှသွားရောက် လှူဒါန်းပေးခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း လက်နက်ကိုင်သောင်းကျန်းသူများ ကျန်ရှိနေ သေးသည်။ အထူးသဖြင့် မဖွံ့ဖြိုးသောနယ်ပယ် ဒေသများတွင် သောင်းကျန်းသူများ ဝင်ရောက်ခိုအောင်းလှုပ်ရှား

နေကြသဖြင့် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ တည်မြဲရေး၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်စောင့်ရှောက်ရေးအတွက် ခရီးဝေးကွာပြီး အလှမ်းကျယ်သည့် နယ်ပယ်ဒေသ အသီးသီးတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်လျက်ရှိသည်။ တပ်မတော်သားများသည် အခက်အခဲ၊ အတားအဆီးနှင့် ပင်ပန်းမှုများကိုအရင်းတည်၍ စစ်ရေးတာဝန်များကို မပြတ်လပ်ရအောင် ထမ်းဆောင်လျက်ရှိနေစဉ်မှာပင် တိုင်းရင်းသားများ နှင့် ထိတွေ့ခွင့်ရရှိအောင်ကြိုးပမ်း၍ ၎င်းတို့၏ဘဝအခြေအနေမှန်ကို သိအောင်လည်း ဆောင်ရွက် ခဲ့သည်။    တပ်မတော်သားများက သွေးချင်းများ၏ လူနေမှုဘဝတိုးတက်ဖွံ့ဖြိုးရေးအတွက် ထိရောက် အောင်ဆောင်ရွက်လိုသော စေတနာနှင့်စိတ်ဓာတ်ကို အရင်းပြုဆောင်ရွက် ခြင်းသည် တိုင်းရင်းသား သွေးစည်းညီညွတ်မှုအတွက် များစွာအထောက်အကူပြုစေခဲ့သည်။

အမျိုးသားနိုင်ငံရေး ဆိုသည်မှာ တစ်မျိုးသားလုံး၏ ဦးတည်ရည်မှန်းချက်ပင်ဖြစ်သည်။ ပါတီနိုင်ငံရေး ဆိုသည်မှာ ယှဉ်ပြိုင်ဘက်များ အပေါ်တွင်အနိုင်ယူပြီး မိမိပါတီအာဏာရရှိရေး၊ မိမိပါတီ၏မူဝါဒများကို အကောင်အထည်ဖော်ရေးပင်ဖြစ်သည်။     နိုင်ငံတစ်နိုင်ငံတွင် အရေးကြီးဆုံး ကိစ္စသည် အမျိုးသားရေးပင်ဖြစ်သည်။ အမျိုးသားရေး ရည်မှန်းချက်အတွက် ကြိုးပမ်းရာတွင် တပ်မတော်သည် အတွေ့အကြုံ

အရင့်ဆုံး၊  အစဉ်အလာအရှိဆုံးနှင့်  အင်အားအကောင်းဆုံးအဖွဲ့ အစည်းပင်ဖြစ်သည်။ ယနေ့အခြေအနေတွင် အမျိုးသားအရေးနှင့်ပါတီနိုင်ငံရေးမှာ ယှဉ်တွဲဖြစ်ပေါ်လျက်ရှိပေသည်။ ပါတီအသီးသီးသည် သက်ဆိုင်ရာ နယ်ပယ်ဒေသများတွင် အာဏာရရှိရေးအတွက် ကြိုးပမ်း နေကြသည်။ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများကလည်း ၎င်းတို့၏ ဒေသအသီးသီးတွင် အာဏာချုပ်ကိုင်နိုင်ရေးအတွက် ဖိအားပေးတောင်းဆိုလျက်ရှိကြသည်။ အမျိုးသားရေး အင်အားစုကြီးဖြစ်သော တပ်မတော်ကိုလည်း ပြိုကွဲပျက်စီးအောင် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိသည်။

ယနေ့အချိန်အခါသည် တိုင်းရင်းသားလူမျိုးအားလုံး တစ်ဦးနှင့်တစ်ဦး ယုံယုံကြည်ကြည်နှင့် ပြည်ထောင်စုအကျိုးကို လက်တွဲဆောင်ရွက်ရမည့် အချိန်ကာလပင်ဖြစ်သည်။ အတိတ်က သံသယရှိမှုများနှင့် ဆက်ဆံရေး မပြေလည်မှုများအပေါ်အခြေခံခဲ့သည့် လွဲမှားသော အယူအဆ များကို ချန်ထားရစ်ခဲ့ရတော့မည့်ကာလပင်ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖန်တီးရာတွင်လည်း ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် ပြည်ထောင်စုစနစ်ကိုသာ စဉ်းစားရမည့်အချိန်ပင်ဖြစ်သည်။

အချုပ်အားဖြင့် မြန်မာ့လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိ  အုပ်ချုပ်ခဲ့သည့် အစိုးရ အဆက်ဆက်သည် တိုင်းပြည်မဖွံ့ဖြိုးရခြင်း အဓိကအချက်မှာ ငြိမ်းချမ်းရေးမရရှိ၍ ဟူသည်ကို သိကြသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အတိတ်ကဖြစ်စဉ်များကို သင်ခန်းစာယူကာ ရိုးသားကြိုးစားစွာဖြင့် အမျိုးသားအကျိုးစီးပွားအပေါ် အစဉ်တစိုက် ရပ်တည်ဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုက်ရပါတော့သည်။  ။