ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သော ရောဂါများ

မြန်မာ့ဆေးဖက်ဝင်အပင်များ၏ ဆေးဖက်ဝင်ပုံ အကျဉ်းချုပ်အသုံးများသော အနှစ်သာရကို အလွယ်တကူ သိရှိနိုင်စေရန်အတွက်  အက္ခရာစဉ်အတိုင်း ဖော်ပြပါမည်။

ကစော့ခါး

ရုက္ခဗေဒအမည် - Solanum Indicum Lim

အင်္ဂလိပ်အမည် - Indin Night- Shade

မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက်သည်။ ဆီးချိုရောဂါ သက်သာ ပျောက်ကင်းစေနိုင်သော ဆေးပင်အဖြစ်  အသုံးများသည်။ အဆိပ်ရှိသော သတ္တဝါကိုက်လျှင် အရွက်ကိုကြိတ်ပြီး အုံပေး၍ရသည်။ အသီး၊ အရွက်၊ အမြစ်ပဥ္စငါးပါးလုံး အသုံးဝင်သည်။ နား၌ပိုးကောင်ဝင်လျှင် ကစော့ခါးသီးကို မီးရှို့ပြီးအခိုးအငွေ့နှင့် နားဝတွင်မှိုင်းတိုက်ပေးပါက ပိုးကောင်ပြန် ထွက်လာသည်ဟုဆိုသည်။ ကလေးငယ်များ သွားပိုးစားသောအခါ၊ သွားနာ သွားကိုက် ဖြစ်သောအခါ အမြစ်ကိုသွေး၍  သွားတွင်သိပ်ပေးခြင်း၊ အမြစ်မှုန့်ကို မီးခဲပေါ်တွင် ဖြူး၍ အခိုးအငွေ့ကိုရှူပေးခြင်းဖြင့် သွားနာရောဂါ၊ သွားကိုက်ရောဂါသက်သာ စေနိုင်သည်။ အမြစ်မှုန့်ကို ကော်ဖီဇွန်းသေးတစ်ဇွန်းခန့် ဆန်ဆေးရည်တစ်ဖန်ခွက်နှင့် ရောတိုက်ပါက အမျိုးသမီးများ ဆီးအောင့်ရောဂါ၊ မီးယပ်ဖြူဆင်းသည့် ရောဂါများပျောက်ကင်းနိုင်သည်။

မြန်မာ့ဆေးကျမ်းများအလိုအရ အရသာစပ်ရှားရှား ရှိ၏။ ခါး၏။ ပူ၏။ လေသလိပ်ကိုကြေစေ၏။ နှုတ်ကို မြိန်စေ၏။ နှလုံးအားကိုဖြစ်စေ၏။  နူနာ၊ အဖျား၊ ပန်းနာ၊ လေနာ၊ ယားနာတို့ကိုနိုင်၏။

ကစော့ပုပ်

ရုက္ခဗေဒအမည်- Cassia Occidentalis

အင်္ဂလိပ်အမည် - Negro Coffee

မြန်မာနိုင်ငံအနှံ့အပြားနေရာဒေသမရွေး ပေါက်ရောက်သည်။ အပင်ငယ်မျိုးဖြစ်သည်။ ဒန့်ကျွဲပင်နှင့် ခပ်ဆင်ဆင်တူသည်။ အပွင့်သည်အဝါရောင်သန်းလျက်  အဆုတ်လိုက်ပွင့်သည်။  အသီးသည် ၄ လက်မမှ ၅ လက်မအထိရှိသည်။   အသီးတောင့်တစ်ခုတွင် အစေ့၂၀ ခန့်အထိ ပါရှိသည်။ အဖြူမျိုး၊ အညိုမျိုးဟု နှစ်မျိုးရှိသည်။  အရွက်ကို ဟင်းချိုချက်သောက်နိုင်သည်။ အရွက်၊ အစေ့၊ အမြစ်တစ်ပင်လုံး ဆေးဖက်ဝင်သည်။ အရွက်ကိုဟင်းချိုချက် သောက်လျှင်ဝမ်းပျော့ ပျော့သွားစေသဖြင့် ဝမ်းချုပ်သူများ စားသုံးလေ့ရှိသည်။

ဆေးဖက်ဝင်ပုံများမှာ ဆီးချိုရောဂါရှိသူများသည် အမြစ်ကိုလည်းကောင်း၊   အစေ့ကို လည်းကောင်း အမှုန့်ပြု၍ သင့်လျော်ရုံချိန်ဆ၍ သုံးစွဲနိုင်သည်။ အညောင်းအကိုက်ရောဂါရှိလျှင် အရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးလျှင်သက်သာသည်။ အဖောအရောင် ရောဂါများလည်း ပျောက်ကင်းစေနိုင်သည်။ ခါးနာ၊ ခါးကိုက်ရောဂါ၊အဆစ်ရောင်ရောဂါရှိသူ များသည် အရွက်ကိုထုချေပြီး အုံပေးစည်းပေးလျှင် အကိုက်အခဲအနာသက်သာစေနိုင်သည်။ အကြောကပ် ရောဂါရှိသူများအတွက်လည်း   အသုံးဝင်သည်။

ခြေသလုံး ကြွက်တတ်သူများသည် အရွက်ကိုကြိတ်၍ ခြေသလုံးကြွက်သားတွင် စည်းပေးနိုင် သည်။ သူငယ်နာသန်ထရောဂါဖြစ်လျှင် အရွက်ကိုပြုတ်၍ ပျားရည်အနည်းငယ်ရောပြီး   တိုက်ကျွေးနိုင်သည်။ အသက် ၂ နှစ်အထက်ကလေးငယ်များကို အကြမ်း ပန်းကန်တစ်လုံးစာ တိုက်ကျွေးနိုင်သည်။ ကင်းမြီးကောက်ကိုက်လျှင် ကစော့ပုပ်အမြစ်ကို ထုချေပြီးကိုက်သော နေရာတွင် အုံပေးလျှင် အဆိပ်များ ပြေစေနိုင်သည်။ ခရုသင်းရောဂါဖြစ်လျှင် ကစော့ပုပ် အမြစ်အစေ့ တို့ကိုကြိတ်ပြီး သနပ်ခါးနှင့်ရောစပ်လိမ်းကျံပေးပါ။ ဖြူသောအကွက်များမှာ အသားရောင်သို့ ပြောင်းလဲလာနိုင်ပါသည်။ ချောင်းခြောက်ဆိုးရောဂါဖြစ်လျှင်  ကစော့ပုပ် အရွက်ကို သုံးခွက်တစ်ခွက်တင်ကျို ဆားလှော်အနည်းငယ်ထည့်ပြီး  အကြမ်းပန်းကန် တစ်လုံး ခန့် မနက်ည သောက်ပေးပါ။    အပင်၏အမြစ်ကို နံ့သာဖြူနှင့် ရောသွေးပြီး လိမ်းပေးပါက ယားနာအမျိုးမျိုးပျောက် ကင်းစေနိုင်သည်။ အမျိုးသားအားနည်းရောဂါ၊ ပန်းသေပန်းညှိုးရောဂါ များအတွက် အမြစ်ကိုအမှုန့်ပြုပြီး ပျားရည်နှင့်ရောစားပါ။ ပြီးလျှင် နွားနို့တစ်ခွက် နေ့စဉ် သောက်ပေးပါ။

ကညွတ်

မျိုးရင်း - Liliaceae (နှင်းပန်းမျိုးရင်း)

ရုက္ခဗေဒအမည် - Asparagus officinalis Linn

အင်္ဂလိပ်အမည် - Comon Asparagus

ပင်ပျော့မျိုးဖြစ်ပြီး ၁၀ ပေခန့်ထိမြင့်သည်။ အပင်အောက်ခြေမြေကြီးထဲ၌ ဥကဲ့သို့သော အမြစ်များစွာ စီတန်းနေသည်။ မြန်မာနိုင်ငံ စွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသများတွင် သဘာဝ အလျောက်ပေါက်ရောက်သည်။ စားသုံးရန်အတွက်လည်း  စိုက်ပျိုးကြသည်။ မြေမှထွက်သော  ကညွတ်အစို့များကို ဖြတ်ယူစားသုံးကြသည်။ အညွန့်ကိုစားသုံးကြသည်။ အမြစ်သည် ဆေးဖက်ဝင်အဖြစ် အသုံးပြုသည်။

အမြစ်၏ဆေးဖက်ဝင်ပုံ

(၁) အမြစ်ကို ချက်ပြုတ်စားသောက်၍ လည်းကောင်း၊ နွားနို့နှင့်ရော၍  နို့ထမင်းပြုလုပ်၍ လည်းကောင်း စားပါက ခွန်အားကိုဖြစ်စေသည်။

(၂) ကညွတ်မြစ်ဥအရည်ကို ကျိုချက်၍ရသော အဆီဖြင့်  အဆစ်ရောင်ခြင်း၊ ကိုက်ခြင်းနှင့် လေရောဂါတို့ကို လိမ်းကျံပေးကပျောက်ကင်း၏။

(၃) ကညွတ်မြစ်အရည်ကို   ပျားရည်၊ နွားနို့တို့နှင့် ရောသောက်ပါက ဆီးပူဆီးအောင့်ခြင်း၊ ကိုက်ခဲခြင်းနှင့် သည်းခြေနှင့်ဆိုင်သော ရောဂါများပျောက်ကင်း၏။

(၄) ကညွတ်မြစ်အရည်ကို နွားနို့နှင့်ဆတူရောစပ်၍ သောက်ပါက ကြာရှည်စွဲကပ်နေသော ကျောက်တည် ရောဂါပျောက်ကင်း၏။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်၏။

အညွန့်၏ဆေးဖက်ဝင်ပုံ

(၁) အညွန့်ကိုစားသုံးခြင်းဖြင့် လေကိုကြေစေ၏။အင်အားကို ဖြည့်တင်းစေ၏။ သွေးအား ကောင်းသဖြင့် မီးဖွားပြီးစမိခင်များ စားသုံးရန်အထူးသင့်လျော်၏။

(၂) မျက်စိအမြင်အာရုံအားနည်းသောရောဂါရှိသူများ ပုံမှန်စားသုံးပေးပါက မျက်စိအမြင် အာရုံပို၍ ကောင်းလာစေနိုင်သည်။

ဆေးကျမ်းများအဆို

ကညွတ်သည် ဝမ်းသက်စေ၏။  နှလုံး၏စွမ်းရည်သတ္တိကို အားပေး၏။ အညွန့်သည် လေကိုပယ်တတ်၏။ အနည်းငယ်ဝမ်းသက်စေ၏။ အမြစ်သည် ဝဖြိုးစေတတ်၏။ ဆီးရောဂါ၊ ဝါသင့်နာတို့ကို ပျောက်ကင်းစေ၏။ ကျောက်တည်ရောဂါ၊ သားအိမ်နာကျင်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝမ်းဗိုက်ရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ အဆစ်ရောင်ရောဂါများ ပျောက်ကင်းစေ၏။

ကညွတ်(ရှဉ့်မတက်)

မျိုးရင်း - Liliaceae (နှင်းပန်းမျိုးရင်း)

ရုက္ခဗေဒအမည် - Asparagus aceraosus Willd.

အင်္ဂလိပ်အမည် - Wild Asparagus

အလှစိုက်သော ချုံနွယ်ပင်မျိုးဖြစ်သည်။ နေအိမ်ဝင်ပေါက်များတွင်  ခုံးပြုလုပ်ပြီး အမိုးစင်ခံပေးပါက နွယ်တက်ပြီး အစိမ်းရောင်အရွက်မွှားများဖြင့် လှပစွာ ပေါက်ရောက်တတ် သည်။ ရွက်မြွှာများ အစိမ်းရင့်ရောင်ရှိပြီး အပ်ချောင်းသဏ္ဌာန်ရှိသည်။ ရွက်ညှာအောက်၌ ဆူးတစ်ချောင်းစီထွက်၏။ ဆူးများရှိသဖြင့်  ရှဉ့်များ မတက်သောကြောင့် ရှဉ့်မတက်ပင်ဟု ခေါ်ခြင်းဖြစ်နိုင်သည်။ အပွင့်သည် ဖြူ၍သေးငယ်၏။ မွှေးကြိုင်သော အနံ့ရှိသည်။ အခိုင်လိုက် ပွင့်သည်။ အသီးသည် ငရုတ်ကောင်းစေ့ခန့်ရှိသည်။ ခွန်ပျော့သီးဖြစ်ပြီး မှည့်သောအခါ အနီရောင်ရှိသည်။ မြန်မာတစ်နိုင်ငံလုံးတွင် သဘာဝအတိုင်းအလေ့ ကျပေါက်ရောက်သည်။ အချို့က အမြစ်ဥကို တူးယူပြီး အိမ်ခြံစည်းရိုးဝင်ပေါက်တွင် အလှစိုက်ကြသည်။

ဆေးကျမ်းများအလို

ရှဉ့်မတက်ဥသည် ခွန်အားနှင့်ပညာကို ပြုစေတတ် သည်။ ဝမ်းမီးကိုတောက်စေ၏။ ဝဖြိုးစေ၏။ နို့ရည် ကိုပွားစေတတ်၏။ နှလုံးရောဂါ၊ ဝမ်းသက်၊ သွေးအန် သွေးကျ၊ အဆုတ်နာတို့ကို ပျောက်ကင်းစေတတ်၏။  လေ၊ သည်းခြေ၊  သလိပ်ဒေါသ  သုံးပါးလုံးကို ပယ်ဖျောက်နိုင်၏။ အလုံးရောဂါ၊ ဖောရောင်ခြင်း၊ ဝမ်းသွန်ရောဂါ၊ မျက်စိရောဂါတို့ကို  အကျိုးပြု၏။ စရကသံဟိတာ ကျမ်းအလိုအရ အိုခြင်းတည်းဟူသော   ဘေးဆိုးမှကယ်တင်နိုင်ကြောင်း ထူးခြားစွာ ဖော်ပြထား သည်။ သုဿုတသံဟိတာကျမ်းအလိုအရ သွေးမြင်းသရိုက်ရောဂါ    (လိပ်ခေါင်းသွေးယိုရောဂါ) ကို ပယ်ဖျောက်နိုင်ကြောင်း ဖော်ပြထားသည်။ ကုထုံးကျမ်း များ၏အလိုအရ အဖျားကို ပယ်ဖျောက်စေတတ်၏။ ကျင်ငယ်ကိုပွားစေတတ်၏။ အက္ခေပ(ဆင်ဦးစီးလေ)ရောဂါကို  တားမြစ်စေတတ်၏။   (မှတ်ချက်- ဆင်ဦးစီးလေဆိုသည်မှာ  ဆင်ဦးခေါင်းတွင် ထိုင်ရသကဲ့သို့ ဦးခေါင်းအငြိမ်မနေ လှုပ်ခါနေသောရောဂါမျိုး ယခုခေတ်ပေါ် ပါကင်ဆန်ရောဂါမျိုးဖြစ်သည်။)

ရောဂါအလိုက်အသုံးပြုပုံများ

၁။ ရှဉ့်မတက်ဥအားဆေးအဖြစ်   နွားနို့နှင့်ပြုတ်ပြီးသုံးဆောင်နိုင်သည်။

၂။ အိပ်မပျော်ရောဂါဖြစ်လျှင် ကညွတ်ဥအမှုန့်ကို နွားနို့နှင့်ရောသောက်ခြင်း၊ နို့ထမင်းပြုလုပ်၍ စားခြင်း၊ ထောပတ်ထမင်းနှင့်နယ်၍ စားခြင်းပြုလုပ်နိုင်သည်။

၃။ အဆစ်ရောင်ကိုက်ခဲခြင်း ရောဂါဖြစ်လျှင် ရှဉ့်မတက် ဥမှချက်၍ရသောအဆီဖြင့် လိမ်းကျံပေးလျှင် သက်သာစေနိုင်သည်။

၄။ သွေးအန်နှင့် သွေးဝမ်းရောဂါဖြစ်လျှင် ကညွတ်ဥ အစိုကိုနွားနို့နှင့်ကြိတ်၍ အဖတ်များကို စစ်ပြီး အရည်ကိုသောက်ပါ။ သွေးဝမ်းသွားလျှင်  ဥမှသတ္တုရည်နှင့် ထောပတ်ထမင်းကို ရောချက်၍ ကျွေးပါ။

၅။ ခေါင်းကိုက်၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်လျှင် ကညွတ်ဥ လတ်လတ်ဆတ်ဆတ်ကိုထု၍ ရသောအရည် နှင့်နှမ်းဆီစစ်စစ်ကိုရောပြီး ချက်ပါ။ ထိုဆီကိုဦးခေါင်းတွင်လိမ်းကျံပေးပါ။

၆။ အသံပျက်၊ အသံဝင်ရောဂါဖြစ်လျှင် ကညွတ်ဥအခြောက်မှုန့်၊ ရွှေတံတိုင်းမြစ်အမှုန့်တို့ကို ပျားရည်နှင့် ရော၍စားသုံးပေးလျှင် ပျောက်ကင်းနိုင်သည်။

၇။ ရှဉ့်မတက်ဥကို  အခြောက်လှန်းအမှုန့်ကြိတ်ပြီး ငရုတ်ကောင်းမှုန့် အနည်းငယ်ရော၍ ပျားရည်နှင့် တေပြီးစားသုံးပါက ကျားခွန်အားတက်ကြွစေသည်။

၈။ ရှဉ့်မတက်ဥအမှုန့်ကို နွားနို့နှင့်ရော၍သောက်သော် သားသည်မိခင်များ နို့ရည်တိုးပွား စေသည်။

၉။ ကျောက်တည်ရောဂါဖြစ်လျှင် ကညွတ်ဥအစိုကို ကြိတ်၍ရသော သတ္တုရည်နှင့်နွားနို့(အစိမ်း) အရည်တို့ကိုရော၍ နေ့စဉ်တိုက်ပေးပါက ကြာမြင့်စွာစွဲကပ် နေသောကျောက်တည် ရောဂါ ပျောက်ကင်းနိုင်သည်။

၁၀။ အရက်မူးရောဂါ ကညွတ်ဥအရည်၊ နွယ်ချိုမှုန့်၊ နွားနို့ ဤသုံးမျိုးတို့နှင့်ချက်၍ရသော ထောပတ်ကို သောက်သုံးပေးလျှင် ပျောက်ကင်းနိုင်သည်။

၁၁။ ဆီးချုပ်ရောဂါဖြစ်လျှင် ကညွတ်ဥကိုရေနှင့်ငါးပုံ တစ်ပုံကြွင်းပြုတ်၍    ပျားရည်နှင့်သကြား ရော၍ သောက်သော်   ကြာမြင့်စွာဖြစ်နေသည့်   ဆီးချုပ် ဆီးအောင့်ရောဂါများ ပျောက်ကင်း နိုင်သည်။

၁၂။ သွေးဖောက်ပြန်သောရောဂါဖြစ်လျှင် ကညွတ်ဥသတ္တုရည်တွင်   သကြားခဲရော၍   ရှလပတ်ရည် ပြုလုပ်ပြီးလျှင် ထိုရေ၌ ကုံကုမံ၊ ဖာလာ၊ ဇာသီး၊ ဇာပွင့် စသောအမွှေး မဆလာများထည့်ခတ်ပြီး နောက် ၁၂ ပဲသားမှ ၁ ကျပ် ၄ ပဲသားအထိ ဆေးရည်ကို နွားနို့နှင့် အတူရော၍ ၆ ပတ်ခန့်မှီဝဲခဲ့သော် သွေးအမျိုးမျိုး ဖောက်ပြန်ခြင်းမှကင်း၍ သွေးများသန့်ရှင်း လာနိုင်သည်။   ။