တပ်မတော်၏ အားပေးကူညီမှုဖြင့် ထွန်းတောက်လာသည့် မြန်မာ့ရိုးရာလက်ဝှေ့

ပုဂံခေတ်မှစ၍ နှစ်ပေါင်း ၁၀၀၀ ကျော် တည်တံ့လာခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့သည် ယနေ့အခါတွင်  ပြည်တွင်း၌သာမက ပြည်ပနိုင်ငံအသီးသီးသို့ပါ စတင်ထိုးဖောက်လာနိုင်ပြီ ဖြစ်သည်။   ရှေးမြန်မာမင်း များလက်ထက်ကပင်  မြန်မာ့တပ်မတော်သားများသည်  လက်ဝှေ့၊ လက်ပွေ့၊ လက်ပမ်း စသည့်ကိုယ်ခံ ပညာများကို  စစ်မြေပြင်တွင်အသုံးချရန်  သင်ကြား ခဲ့ရသည်။ ထိုခေတ်က  သူရဲကောင်းချင်း တိုက်ခိုက်သည့်ပွဲများတွင်  မြန်မာတို့၏ ကိုယ်ခံပညာဖြင့် အနိုင်ယူခဲ့သည့် သာဓကများရှိခဲ့သည်။  ရှေးမြန်မာမင်း များလက်ထက်က လက်ဝှေ့ထိုးသတ်ပွဲများကို တခမ်းတနားကျင်းပ၍ လက်ဝှေ့ထိုးသတ်ခြင်း ထူးချွန်သူများကို လက်ဝှေ့တော်ဘွဲ့ချီးမြှင့်ပြီး ရွှေတိုက်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ပင်းယခေတ် တွင်  အောင်စည်းခုံသံဃရာဇာသည်  လက်ဝှေ့ထိုးသတ်ရာတွင်   တစ်ဖက်ကမ်းခပ်တော်သူ ဖြစ်ပြီး လက်ဝှေ့ဆုအဖြစ် နှစ်စဉ် မြင်း ၁၅ ကောင်မှ အကောင်၂၀ အထိရခဲ့သည်။

အင်းဝမင်းခေါင်လက်ထက်တွင် အုန်းပေါင်စော်ဘွားက လက်ဝှေ့အသတ်ကောင်းသော ရှမ်းကြီးကို အင်းဝသို့ခေါ်လာပြီး  လက်ဝှေ့ယှဉ်ပြိုင်မည်ဟု တောင်းဆိုလာသည်။ အဆိုပါ ရှမ်းကြီးအား လက်ဝှေ့ယှဉ်ပြိုင်ရန် အင်းဝနှင့်စစ်ကိုင်းတစ်ခွင်တွင် ရှာဖွေမရဖြစ်သဖြင့် အသက်အရွယ်အိုမင်းနေသော သံဃရာဇာကို ပင့်ခေါ်၍   ထိုးသတ်ရန်စီစဉ်ကြသည်။   သံဃရာ ဇာက “ငါသည်  အသက်  ၆၉ နှစ်အရွယ်ရှိပြီ။ ငယ်စဉ်က လက်ဝှေ့ကို ကျော်စောရုံမျှသာ ထိုးသတ်သည်။ ဤပွဲတွင် သေအောင်ထိုးသတ်တော့မည်” ဟု ဆိုလိုက်သည်။  ထို့နောက်   စကားကျောင်းတော် မော်ကွန်းစိုက်ရာ မုခ်ဝတံခါးအရှေ့ကုန်းတွင် လက်ဝှေ့ ပွဲကျင်းပသည်။

သံဃရာဇာသည် ရှမ်းကြီးအား ခြေဖြင့် ခတ်သယောင်ပြုပြီး ညာလက်သီးတစ်လုံးကို  အဆုံးထိုးချလိုက်သည်။ ပြင်းထန်လှသော သံဃရာဇာ၏ ညာလက်သီးကြောင့် ရှမ်းကြီး၏ မျက်နှာသည် နောက်သို့ရောက်သွားသည်။ အုန်းပေါင်စော်ဘွားက သေသော်ပင် အမြင်မကောင်းပါလား ဆိုလိုက်သဖြင့် သံဃရာဇာက ဘယ်လက်ဖြင့် ထိုးသတ်လိုက်ရာ ရှမ်းကြီးမျက်နှာမှာ ရှေ့သို့ပြန်ရောက်လာသည်။ ထိုအခြင်းအရာကို တွေ့ရသော အင်းဝ မင်းခေါင်နှင့် အုန်းပေါင်စော်ဘွားတို့က သံဃရာဇာအား မြင်းနှစ်ကောင်၊ ဖျင်သုံးလိပ်နှင့် ငွေတစ်ပိဿာ ဆုပေးခဲ့သည်။ သူ့ကျွန်ဘဝတွင် အင်္ဂလိပ်တို့က  လက်ဝှေ့ကို  ချိုးနှိမ် ထားသော်လည်း ရေနံမြေ သပိတ်ခေါင်းဆောင်ဖြစ်လာမည့် သခင်ဖိုးလှကြီးသည် ပထမကမ္ဘာစစ်အတွင်း မက်ဆိုပိုတေးမီးယား စစ်မျက်နှာတွင် စစ်မှုထမ်းရင်း မြန်မာ့လက်ဝှေ့ အစွမ်းကို ပြသခဲ့သည်။ မြန်မာ့လက်ဝှေ့သည် ကမ္ဘာပေါ်ရှိ  မည်သည့် ကိုယ်ခံပညာနှင့်မှ မတူသည့်အချက်မှာ    ခေါင်းဖြင့် တိုက်ခိုက်ခွင့်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် ခြေ၊  ဒူး၊ တံတောင်၊ လက်သီး၊ ဦးခေါင်း တစ်ကိုယ်လုံးထိုးသတ် နိုင်သဖြင့် လက်သီးမှာအထိုး၊ တံတောင်မှာ အတွတ်၊ ခေါင်းမှာ အရိုက်၊ ဒူးအရှိုက်နှင့်  ခြေဖျားကိုစိုက်၊ လက်ဖျံရိုက်ဟူသည့် စာချိုးပင်ရှိခဲ့သည်။

ယခုအခါ  ကမ္ဘာ့နိုင်ငံအသီးသီးတွင်   ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပလာကြသည်။ အချို့နိုင်ငံ များ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်များ ဖွဲ့စည်းလာကြသည်။ လက်ရှိတွင် ပြည်ပနိုင်ငံများ၌ ရုရှား၊ တရုတ် (တိုင်ပေ)၊ ဆိုက်ပရပ်စ်၊ အင်္ဂလန်၊ ဂျပန် ၊ ယူကရိန်းနိုင်ငံ တို့တွင် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်များ  ဖွဲ့စည်းပြီး   ပြိုင်ပွဲများကျင်းပလာကြသည်။   အလားတူ ပြည်တွင်းမှ  ရိုးရာလက်ဝှေ့ပွဲ စီစဉ်သူများကလည်း ပြည်ပနိုင်ငံများတွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲများ သွား ရောက်ကျင်းပလာကြသည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ် မှစပြီး ယခုအချိန်အထိ  ဂျပန်နိုင်ငံ   တိုကျိုနှင့်  အိုဆာကာမြို့တို့တွင် မြန်မာ့ရိုးရာလက်ဝှေ့ ၁၅ ပွဲ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ယခင်က ပြည်ပသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲဟူသည့် ခေါင်းစဉ်အောက်တွင် မဟုတ်ဘဲ  အဆိုပါနိုင်ငံရှိ ကိုယ်ခံပညာပြိုင်ပွဲတစ်ခုခုတွင် ရိုးရာလက်ဝှေ့တွဲဆိုင်း တစ်ဆိုင်းစ၊ နှစ်ဆိုင်းစသာ ဝင်ရောက်ထိုးသတ်ရခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌  ပထမဆုံးသော မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မြန်မာလက်ဝှေ့ သမားများဖြင့် မြန်မာမာရှယ်အတ်စ်ဂရုက အပြည်ပြည်ဆိုင်ရာ  ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်(ဂျပန်)ဖြင့် ပူးပေါင်းပြီးကျင်းပခဲ့သည်။ တိုကျိုနိုင်ငံ၏  ကိုယ်ခံပညာ အထင်ကရ ခန်းမဖြစ်သော ကိုလခုအန်ခန်းမကို ငှားရမ်းခွင့်ရရှိရန် အဆိုပါခန်းမပိုင်ရှင်များကို ရန်ကုန်သို့ ခေါ်ပြီး ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ပြသခဲ့ရသည်။  ထိုသို့မပြသမီက ရိုးရာလက်ဝှေ့ဆိုသည်မှာ စည်းမရှိကမ်းမရှိ  သတ်ပုတ်သော  သွေးသံရဲရဲကစားနည်း တစ်ခုသာဟု ထင်ထားရာမှ မြန်မာ့ လက်ဝှေ့ပြိုင်ပွဲကို  ကြည့်ရှုပြီးသောအခါ တစ်ဦးနှင့်တစ်ဦး လေးစားမှုနှင့် အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို တွေ့မြင်ရပြီး ရုံငှားရန်ခွင့်ပြုခဲ့သည်။   ပထမဆုံးကျင်းပသည့်ပွဲမှာပင်  ပရိသတ် ၃၀၀၀ ခန့် လာရောက်ပြီး ရုံပြည့်သွားခဲ့သည်။ သို့သော် ရှေ့ဆက်၍ကျင်းပမည့် ပြိုင်ပွဲများ အတွက် ငွေကြေးအခက်အခဲရှိသဖြင့် ဂျပန်ဘက်ကို အပြည်ပြည်ဆိုင်ရာ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်(ဂျပန်)မှ တာဝန်ယူမည်။ မြန်မာဘက်ခြမ်းကို မြန်မာပွဲစီစဉ် သူမှ တာဝန်ယူရန် ညှိနှိုင်းလာသည်။  ထို့အတွက် မြန်မာမာရှယ်အတ်စ်ဂရုမှ   ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် များထံ ရှင်းလင်းတင်ပြခဲ့သော်လည်း တိုင်းပြည်စီးပွားရေးအခြေအနေအရ  ပံ့ပိုးမည့်သူမရှိဘဲ လက်ဝှေ့ပွဲများ ပြည်ပတွင် ရပ်တန့်တော့မည့်အခြေအနေ ရင်ဆိုင်လာရသည်။

ထို့အတွက်   မြန်မာစီးပွားရေး ကော်ပိုရေးရှင်းကို တင်ပြအကူအညီတောင်းခံခဲ့ရာ  မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းက ကူညီပံ့ပိုးသဖြင့် ၂၀၁၆ ခုနှစ်မှ  ၂၀၂၀ ပြည့်နှစ်အထိ  ဂျပန်နိုင်ငံတွင် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ  ၁၅ ပွဲ၊   ထိုင်းနိုင်ငံတွင် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ နှစ်ပွဲ၊ တရုတ်(တိုင်ပေ)တွင်  မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတစ်ပွဲ  ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။   ထို့ပြင် ကမ္ဘာအရပ်ရပ်မှ ခရီးသွားများကို  ရိုးရာ လက်ဝှေ့ပြသနိုင်ရန်အတွက်   တန်ဆောင်မုန်း လပြည့်ညတွင် ရွှေစည်းခုံဘုရားပွဲ၌  မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့်  သုံးနှစ်ကျင်းပနိုင်ခဲ့သည်။

အလားတူ ပြည်တွင်း၌လည်း ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဒဂုံရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ပံ့ပိုးမှုဖြင့် ကျင်းပနိုင်ခဲ့ရာ အဆိုပါ ပြိုင်ပွဲသည် မြန်မာ့ရိုးရာလက်ဝှေ့ကို တစ်ခေတ်ဆန်းသစ်နိုင်ခဲ့သည်။ ယခင်က မီးချောင်းလေး ချောင်းကန့်လန့်ဖြတ်ထွန်းပြီး  တစ်ခြမ်းပဲ့ဆိုင်းဝိုင်းဖြင့်ကျင်းပခဲ့သော ရိုးရာလက်ဝှေ့ပွဲများသည် ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲမှစပြီး ရောင်စုံမီးများ၊ မှန်စီရွှေချဆိုင်းဝိုင်းများဖြင့် နိုင်ငံတကာအဆင့်မီ ခမ်းနားလာပြီး ပြည်ပနိုင်ငံများဖြစ်သော  ရုရှား၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမန်၊ ဥဇဘက်ကစ္စတန်၊ အာမေးနီးယား၊ ထိုင်း၊ အီရန်တို့မှ လက်ဝှေ့ကျော်များပါ လာရောက် ထိုးသတ်ခဲ့ကြသည်။ ယနေ့ခေတ် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံများသည် ဒဂုံရွှေအောင်လံ လက်ဝှေ့ပွဲမှမွေးထုတ်ပေးလိုက်သည့် သူများဖြစ်နေသည်က ဒဂုံရွှေအောင်လံလက်ဝှေ့ပွဲ၏ အောင်မြင်မှုကို တိုင်းတာနိုင်သည်။

၂၀၁၆ ခုနှစ်တွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ ချန်ပီယံပြိုင်ပွဲကို  စတင်ကျင်းပခဲ့သည်။ အတန်းအလိုက် မြန်မာချန်ပီယံများက တစ်ခြမ်း၊ နိုင်ငံပေါင်းစုံမှ နိုင်ငံအဆင့် ကိုယ်ခံပညာချန်ပီယံများက တစ်ခြမ်း ထိုးသတ်ခဲ့ခြင်းဖြစ်သည်။  အဆိုပါပြိုင်ပွဲသို့  ရုရှား၊ ဂျပန်၊ အီရန်၊  ကနေဒါ၊  ဥဇဘက်ကစ္စတန်၊ ထိုင်းနှင့်  လာအိုနိုင်ငံတို့မှ  နိုင်ငံ အဆင့်ချန်ပီယံများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။  အဆိုပါပြိုင်ပွဲကိုလည်း မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက အဓိကပံ့ပိုးကူညီခဲ့သည်။   မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ ပံ့ပိုးကူညီမှု ဖြင့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲများကို ၂၀၁၆ ခုနှစ်မှစ၍ ယခုအထိ  စဉ်ဆက်မပြတ် ကျင်းပနိုင်ခဲ့သည်။ ယခုနှစ်တွင် ကိုဗစ်ကြောင့် ပြည်ပချန်ပီယံများ  ဝင်ရောက် မယှဉ်ပြိုင်နိုင် သော်လည်း မြန်မာချန်ပီယံများဖြစ်သည့် ထွန်းထွန်းမင်း နှင့် ရာမာဉ် တွဲဆိုင်း၊ သံမဏိစိုးလင်းဦးနှင့်   သွေးသစ် ဝင်းလှိုင်တွဲဆိုင်း၊   ရွှေခါးပတ်ရှင် ဗျဂ္ဃနှင့် စောထိန်လင်း တွဲဆိုင်းတို့သည် ပရိသတ်များအကြား ရေပန်းစားနေပြီး ပရိသတ်ဖြင့်သာ ကျင်းပခွင့်ရပါက  ရုံပြည့်ရုံလျှံဖြစ်မည့်ပွဲအဖြစ် နာမည်ကြီးလျက်ရှိသည်။      ကိုဗစ်ရောဂါကြောင့် ပရိသတ်မပါဘဲ      ကျင်းပရမည်ဖြစ်သော်လည်း Skynet ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သဖြင့် ကြည့်ရှုရန် ရိုးရာလက်ဝှေ့ပရိသတ်များအကြား စိတ်အားထက်သန်လျက်ရှိကြသည်။

ရိုးရာလက်ဝှေ့နှင့်ပတ်သက်၍ပြောရလျှင် မျက်မှောက်ခေတ်၌  တပ်မတော်၏   ပံ့ပိုးကူညီမှုများ ဖြင့်သာ ပြည်တွင်းပြည်ပတွင် ထည်ဝါခမ်းနားသော ပြိုင်ပွဲကြီးများ ကျင်းပနေနိုင်သည်ကို မည်သူမှ မငြင်းနိုင်ပါ။ ထို့အတူ ယခုကာလတွင် လက်ဝှေ့များရပ်နားထားရသဖြင့်   စားသောက်ရေး အခက်အခဲတွေ့နေသော ရိုးရာလက်ဝှေ့ကလပ်များကို တိုင်းစစ်ဌာနချုပ် အလိုက် တိုင်းမှူးများက ဆန်၊ ဆီ၊  ဆား၊  ပဲ၊   ကြက်ဥ၊ နှာခေါင်းစည်း၊ လက်ဆေးရည်များ ပေးအပ်လှူဒါန်း ခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်  ရန်ကုန်မြို့ တပ်မတော် ခန်းမတွင်   ရိုးရာလက်ဝှေ့ အားကစားသမားများ အတွက် စားသောက်ဖွယ်ရာ များလာရောက် လှူဒါန်းပေးခဲ့သည်ကို ကြည်နူးဖွယ်ရာ မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် အရေးကြုံတိုင်း တပ်မတော်က ကူညီသည့် သမိုင်းအစဉ်အလာအရ ယခုလည်း  နိုင်ငံတော်အစိုးရက ခွင့်ပြုသည့် နေ့တွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ အဓိကပံ့ပိုးကူညီမှုဖြင့် ပဥ္စမအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ ချန်ပီယံပြိုင်ပွဲကြီးကိုကျင်းပရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

အလားတူ ၂၀၂၀ ပြည့်နှစ်အတွင်း  ကိုဗစ်ရောဂါ ကန့်သတ်ချက်များ  ရုပ်သိမ်းလိုက်ပါက   မြန်မာ စီးပွားရေးကော်ပိုရေးရှင်း၏  ပံ့ပိုးကူညီမှုပေးထားသော ပြည်ပပြိုင်ပွဲများကို ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။ တပ်မတော်၏ပံ့ပိုးကူညီမှုဖြင့် ပြည်ပသုံးနိုင်ငံတွင်  မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ၁၈ ပွဲကျင်းပခဲ့ပြီးဖြစ်ရာ  အဆိုပါပြိုင်ပွဲအားလုံးကို ပြည်ပနိုင်ငံများတွင် မြန်မာ့ ရိုးရာလက်ဝှေ့ဟူသော ခေါင်းစဉ်ဖြင့်  ကျင်းပနိုင်ခဲ့သည်မှာ  မြန်မာပြည်သူပြည်သား အားလုံး အတွက်  ဂုဏ်ယူဖွယ်ဖြစ်သည်။ အဆိုပါပြိုင်ပွဲများသို့ မြန်မာ့ ရိုးရာလက်ဝှေ့ အားကစားသမား များ  အမျိုးသား  ၅၂ ဦး၊ အမျိုးသမီး ခြောက်ဦး  သွားရောက်ယှဉ်ပြိုင် ပြီးဖြစ်သည်။ ထို့ကြောင့်  လာမည့်နှစ်များတွင်လည်း  ပြည်တွင်းပြည်ပပြိုင်ပွဲများကို  တပ်မတော်၏အဓိက ပံ့ပိုးကူညီမှုဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ  မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ဖုံးလွှမ်းနေသည့် အခြားကိုယ်ခံပညာအားကစား နည်းများနှင့်မတူသည့် ရိုးရာလက်ဝှေ့ပွဲများကို ပရိသတ် များအနေဖြင့် အားရပါးရ ဆက်လက်အားပေး ကြည့်ရှုနိုင်ဦးမည်ဖြစ်သည်။    ။