သြစတြေးလျက ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ၅ သန်းနီးပါးဝယ်ယူမည်

လက်ရှိတွင် အလားအလာရှိသော ဗိုင်းရပ်ကာကွယ်ဆေး စမ်းသပ်မှုနှစ်ခု အောင်မြင်ပါက ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး အလုံးပေါင်း ၈၅ သန်းနီးပါး ဝယ်ယူမည်ဖြစ်ကြောင်း  သြစတြေးလျအစိုးရက ပြောသည်။ အဆိုပါ ဗိုင်းရပ်ကာကွယ်ဆေးကို အသုံးပြုရန် ထောက်ခံ ချက်ရပြီးပါက ၂၀၂၁ ခုနှစ်တွင်လက်ခံရရှိရန်  သြစတြေးလျအစိုးရက သဘောတူစာချုပ် နှစ်ခုကို လက်မှတ် ထိုးပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်စကော့မောရစ်ဆန်က ပြောသည်။ ထိုကာကွယ်ဆေး အလုံးပေါင်း ၈၅ သန်းနီးပါး၏ ကုန်ကျစရိတ်မှာ သြစတြေးလျဒေါ်လာ ၁ ဒသမ ၇ ဘီလီယံရှိကြောင်း မောရစ်ဆန်ကခန့်မှန်းပြောဆိုထားသည်။

သြစတြေးလျပြည်သူ ၂၅ သန်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်၍  ကာကွယ်ဆေးရရှိ နိုင်မည်ဖြစ်သော်လည်း  အပြည့်အဝ အာမ မခံနိုင်သေးကြောင်း ၎င်းကပြောသည်။ ဗိုင်းရပ် ကာကွယ်ဆေးတစ်မျိုးမှာ အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာ ကုမ္ပဏီတို့က ပူးပေါင်း ထုတ်လုပ်ထားသည့် ဆေးဖြစ်ပြီး ဆေးအလုံးပေါင်း ၃၃ ဒသမ ၈ သန်းဖြစ်သည်။ နောက်တစ်မျိုးမှာ ပြည်တွင်းရှိ ကွင်းစလန်းတက္ကသိုလ်နှင့် CSL တို့က  ပူးပေါင်း ထုတ်လုပ် ထားသော ကာကွယ်ဆေးဖြစ်ကာ ဆေးအလုံးပေါင်း၅၁ သန်းဖြစ်သည်။ အဆိုပါ ဆေးများ အားလုံးသည် ဆေးအောင်ရန် နှစ်လုံးထိုးရမည့် ဆေးများဖြစ်သည်။ အဆိုပါကာကွယ်ဆေး အများစုကို သြစတြေးလျနိုင်ငံရှိ CSL ဇီဝနည်းပညာကုမ္ပဏီ၌ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။ သြစတြေးလျနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၂၆၀၀၀ ကျော်နှင့် သေဆုံးသူ ၇၆၉ ဦးရှိသည်။ အများစုမှာ ဗစ်တိုးရီးယားပြည်နယ်မှ ဖြစ်ကြောင်းသိရသည်။

Ref: BBC