လူတိုင်းစာတတ်မြောက်ရေးပါဝင်ကူညီပေး

ယနေ့ စက်တင်ဘာ ၈ ရက်နေ့သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ ယခုနှစ် အတွက် ဆောင်ပုဒ်မှာ “COVID-19 ကာလနှင့်အလွန်မှာ ဆန်းသစ်ထိရောက်သော သင်ကြား သင်ယူမှု နည်းလမ်းများအသုံးချလို့ စာတတ်မြောက်ရေးဆောင်ရွက်စို့” ဖြစ်သည်။ နိုင်ငံတိုင်းတွင် စာပေသည် လွန်စွာအရေးကြီးသည့် ကဏ္ဍတွင်ပါဝင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းလည်း ပါဝင်သည်။ စာပေသည် လူတို့အတွက် အသိအလိမ္မာတို့သိုမှီးရာ ဘဏ္ဍာသိုက်ကြီးလည်းဖြစ်သည်။ ထုတ်ယူသုံးစွဲရာ ပညာဘဏ်တိုက်ကြီး ဟုဆိုလျှင်လည်းမမှားပေ။ လူတိုင်းစာတတ်မြောက်ရေးသည် ဤကမ္ဘာ ကြီးတွင် လိုအပ်လာသည့်အတွက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့် ၁၉၆၅ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကမ္ဘာ့စာတတ်မြောက်ရေးညီလာခံကျင်းပခဲ့သည်။ စတင်ကျင်းပ ခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ကို ယူနက်စကိုအဖွဲ့ကြီးက နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ ကမ္ဘာ့နိုင်ငံအများစုက နှစ်စဉ် နှစ်တိုင်း စက်တင်ဘာ ၈ ရက်ကို  နိုင်ငံတကာစာတတ် မြောက်ရေးနေ့အဖြစ် ကျင်းပလာ ခဲ့သည်။ ကမ္ဘာ့နိုင်ငံပေါင်းများစွာသည် ကိုလိုနီနယ်ချဲ့တို့၏ဗိုလ်ကျစိုးမိုးမှုအောက်တွင် နှစ်ပေါင်း များစွာ ခံခဲ့ရသည် နှင့်အမျှ ဒေသခံပြည်သူများ၏ စာတတ်မှုနှုန်းမှာလည်း လျော့နည်းလာ ခဲ့သည်။ မြန်မာနိုင်ငံသည်ပင် ကိုလိုနီခေတ်မတိုင်မီက စာတတ်မြောက်မှုလွန်စွာ မြင့်မား ခဲ့သော်လည်း ကိုလိုနီလက်အောက်ခံ မြန်မာတို့၏  စာတတ်မြောက်မှုနှုန်း လျော့နည်းကျဆင်း ခဲ့ရသည်။ ကိုယ့်မင်းကိုယ့်ချင်းနှင့်နေစဉ်က ဘုန်းတော်ကြီးများ၏ စာပေသင်ကြားပို့ချပေးမှု ကြောင့် စာတတ်နှုန်းမြင့်မားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသောအခါ နိုင်ငံအတွင်း စာတတ်မြောက်ရေး လှုပ်ရှားမှုကို ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ် စမ်းသပ်ကာလအဖြစ် ဆောင်ရွက် ခဲ့သည်။

ထိုအချိန်က အရေးအဖတ်အတွက်ပညာ အ သုံးလုံးဟူသောစကားရပ်တွင်ကျယ်ခဲ့သလို ၀ ထ က လသ စာလုံးများသည်လည်း ဂီတသံဖြစ်ခဲ့သည်။ ၁၉၆၉ ခုနှစ် နွေရာသီ မတ် ၂၅ ရက်တွင် မိတ္ထီလာရှေ့ပြေးစမ်းသပ်ခရိုင်အတွင်း တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ စေတနာလုပ်အားပေး ၇၀ ဦးသည် တစ်လကြာ “အ” သုံးလုံးကျေသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့သည့်အတွက် ၁၉၆၉ ခုနှစ်တွင် မိတ္ထီလာခရိုင်တစ်ခုလုံး စာတတ်မြောက်ခဲ့ကြသည်။ ၁၉၆၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းခြောက်ခုတွင် အပြည့်အဝစာတတ် မြောက်အောင်ဆောင်ရွက် နိုင်ခဲ့သည်။ လူထုလှုပ်ရှားမှုအသွင်ဖြင့် အောင်ပွဲကြီးကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အလေးထား အသိအမှတ်ပြုခဲ့သည်။ ယူနက်စကိုအဖွဲ့က မြန်မာနိုင်ငံ စာတတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုကို ဂုဏ်ပြုသည့်အနေဖြင့် ၁၉၇၁ ခုနှစ်တွင် မိုဟာမက်ရီဇာပါလဗီဆု နှင့် ၁၉၈၃ ခုနှစ်တွင် နိုမာ ဆုများချီးမြှင့်ခဲ့လေသည်။

နိုင်ငံတစ်နိုင်ငံကို တည်ထောင်ရာတွင် ပညာရည်ပြည့်ဝသူများနှင့် ထူထောင်နိုင်မှသာ ဖွံ့ဖြိုး တိုးတက်နိုင်ပေမည်။ နိုင်ငံသားတိုင်း စာတတ်မြောက်ရေးမှာ အရေးကြီးလှသည်။ ၂၁ ရာစု ကာလကို ပညာခေတ်ဟုသတ်မှတ် ခေါ်ဆိုသည့်အတိုင်း အသိပညာ၊ အတတ်ပညာ၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ လူ့ဘောင်သစ်ကို တည်ထောင်နေကြသည်။ စာမတတ်သူများ များပြားနေသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းကွာ ဝေးနေမည်သာဖြစ်သည်။  ပညာဗဟုသုတနှင့် ပြည့်စုံလျှင် ပြည့်စုံသလောက်  နိုင်ငံ၏အခြေအနေသည် တိုးတက်ပေမည်။ စာတတ်သူများလာမှ ဆင်းရဲမှုသည်လည်း အထိုက်အလျောက်လျော့နည်းမည်ဖြစ်သည်။ စာပေတတ်မှ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်တို့ကို ခွဲခြားသိမြင်နိုင်ပေမည်။ စာတတ် သော်လည်း စာမဖတ်ဘဲ နေပြန်လျှင် မသွေးဘဲထားသောဓားကဲ့သို့တုံးနေပေလိမ့်မည်။ စာတတ်အောင်သင်ခြင်းသည် ရှက်စရာ၊ ကြောက်စရာမဟုတ်ပါ။ စာမတတ်ခြင်းသည်သာ ရှက်စရာ၊ ကြောက်စရာဖြစ်သည်။ အကယ်၍ သင့်ပတ်ဝန်းကျင်တွင်  စာမတတ်သူ တစ်စုံတစ်ယောက် ရှိနေမည်ဆိုပါက  ထိုသူစာတတ်မြောက်အောင်ကူညီခြင်းဖြင့် ပညာဒါနပြုလိုက်ပါ။ သင်လည်း ကုသိုလ်တိုးပွားမည်ဖြစ်သကဲ့သို့ တစ်ဦးတစ်ယောက်သည် စာပေတိုးပွား မည်ဖြစ်ပေရာ  စာမတတ်သူပပျောက်ရေးအတွက်  ကူညီပေးကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပေသည်။      ။