ရာသီဥတုဖောက်ပြန်မှု့ကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

ရာသီဥတုဖောက်ပြန်မှု့ကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၈
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်း ဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကန်ရေကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့် တပ်နယ်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
    
ဦးစွာ တပ်နယ်မှ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက သီးနှံများပျက်စီးခဲ့သည့်ကျေးရွာ ၄ ရွာမှ အိမ်ထောင်စု ၅၃၀ စု၊ လူဦးရေ ၂၁၂၀ ဦးအတွက် ဆန် ၃၃၇ အိတ်၊ ဆီ ၅၉၇ ပိဿာ၊ ဆား ၅၃၁ ပိဿာနှင့် ပဲ ၈၉၉ အိတ်တို့ကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက လက်ခံရယူပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။ 
    
အလားတူ ရာသီဥတုဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီး ဆုံးရှုံးခဲ့ သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ တောင်သူ ၂၇၃ ဦးအတွက်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန် ၄၃ အိတ် ၁၀ ပြည်၊ ဆီ ၇၆ ပိဿာ ၄၄ ကျပ်သား၊ ဆား ၆၆ ပိဿာ ၈၅ ကျပ်သား၊ ပဲ ၁၁၄ ပိဿာ ၆ ကျပ်သာ တို့ကို  ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် မိုးကြည်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူ အိမ်ထောင်စု ၁၀၅၆ စု၊ လူဦးရေ ၄၃၂၀ ဦးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန် ၆၈၇ အိတ်၊ ဆီ ၁၂၁၀ ပိဿာ၊ ဆား ၁၀၅၉ ပိဿာ၊ ပဲ ၁၈၁၅ ပိဿာ တို့ကို မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီး မိုးဟိန်းက လည်းကောင်း အဆိုပါကျေးရွာများ၌ သွားရောက်ထောက်ပံ့လှူဒါန်းရာ ကျေးရွာများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။