အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေးအထောက်အကူဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးလှူဒါန်း

အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေးအထောက်အကူဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၉

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ  အင်းလေးကန်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါကျော်ကြားသည့် ကန်ကြီးတစ်ခုဖြစ်သကဲ့သို့ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရားများသည်လည်း ဗုဒ္ဓဘာသာဝင်များအကြားတွင် ထင်ရှားကျော်ကြားသည့် သာသနာ့အမွေအနှစ်များဖြစ်သည်။ ထို့ပြင် အင်းလေးဒေသ၏ ထူးခြားချက်အနေဖြင့် လှေလှော်ရာတွင် လက်ဖြင့်သာမက ခြေထောက်ဖြင့်ပါ လှော်ခတ်နိုင်ကြသဖြင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားမှုရရှိထားပြီး အင်းလေးဖောင်တော်ဦးဘုရားကြီးကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများလာရောက်ဖူးမြော်ခြင်း၊ ကမ္ဘာလှည့်ခရီးသွားများလာရောက် လေ့လာခြင်းကြောင့် အင်းလေးဒေသ၏ လူနေမှုစီးပွားဘ၀များ များစွာတိုးတက်လျက်ရှိသည်ကို တွေ့ရှိရသည်။

အင်းလေးကန်အတွင်း ပလပ်စတစ်များနှင့် အမှိုက်များကင်းစင်ရေးသည် ဒေသအတွက် အလွန်အရေးကြီးသဖြင့် ပလပ်စတစ်ကို မဖြစ်မနေသုံးစွဲပါကလည်း စနစ်တကျဖြင့် စွန့်ပစ်ရမည်ဖြစ်သည်။ ပလပ်စတစ်သည် အင်းလေးဒေသတွင်သာမက ကမ္ဘာ့ပင်လယ်များတွင်ပါ များပြားလျက်ရှိပြီး ရေနေသတ္တဝါများနှင့် သဘာ၀သယံဇာတများကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက်ရှိသဖြင့် အင်းလေးဒေသခံများ၊ အုပ်ချုပ်သူများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်း၍ ထိန်းသိမ်းကြရန်အထူးလိုအပ်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် အင်းလေးဒေသသို့ လာရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်၌ ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍  အင်းလေးကန်၏ ဧရိယာအကျယ်အဝန်းသည် ဗေဒါ၊ ဒိုက်၊ နုန်းအနည်အနှစ်များနှင့် အမှိုက်စွန့်ပစ်မှုများကြောင့် ယခင်ထက် ဧရိယာပိုမိုကျဉ်းမြောင်းလာပြီး  ရေလျော့နည်းလာသည့် အခြေအနေများနှင့် အင်းလေးကန်ရေရှည်တည်တံ့ပြီး စိမ်းလန်းစိုပြေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ရာ ဒေသခံများက အင်းလေးကန်အတွင်း ရေစီးရေလာကောင်းမွန်ရန်နှင့် ရေဝပ်ဧရိယာပိုမို ကျယ်ပြန့်စေရေး သန့်ရှင်းရေးပြုလုပ်ရန်လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဒေသခံများ၏ တင်ပြချက်များနှင့် အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးကို လှူဒါန်းခဲ့ပြီး အဆိုပါယာဉ် ၂ စီးသည် စက်တင်ဘာလ ပထမအပတ်တွင် အင်းလေးဒေသသို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၈ ရက်တွင် ယာဉ်များအား အင်းလေးကန်အတွင်း စမ်းသပ်မောင်းနှင်၍ အမှိုက်၊ ဒိုက်နှင့် ဗေဒါများကို စတင်ရှင်းလင်းလျက်ရှိပြီး အင်းလေးဒေသ ရေရှည်သန့်ရှင်းတည်တံ့ရေး ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဒေသခံများနှင့် သက်ဆိုင်ရာဌာနများသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester စက်သည် ကနေဒါ နိုင်ငံထုတ် Aquamarine အမှတ်တံဆိပ်ဖြစ်ပြီး တစ်စီးလျင် ငွေကျပ် ၂၄၆၀ သိန်းတန်ဖိုး ရှိကြောင်း၊ ယာဉ်အလေးချိန် ၃ တန်ခန့်ရှိပြီး ဒိုက်နှင့် အမှိုက်သယ်နိုင်ဝန် ၂၀၁ ကုဗပေ ခန့်တင်ဆောင်နိုင်ကြောင်း၊ တစ်နာရီလျင် ဒိုက်နှင့် အမှိုက် ၂၀၀ ကုဗပေ ရှင်းလင်းနိုင်ကာ တစ်ရက်လျင် ၁၆၀၀ ကုဗပေ ရှင်းလင်းနိုင်မည်ဖြစ်ကြောင်း၊ ရှင်းလင်းရာတွင် ဒိုက်များအား ထိုးကော်ဖြတ်တောက်ခြင်း၊ ယာဉ်ပေါ်သို့ တင်ဆောင်ခြင်း၊ သတ်မှတ် တန်ချိန်ပြည့်ပါက စွန့်ပစ်မည့်မြေနေရာသို့သွန်ချခြင်း စသည်လုပ်ငန်းများကို Automatic System များဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သဖြင့် လူပင်ပန်းမှုကိုလည်း သက်သာစေမည်ဖြစ်သကဲ့သို့ အင်းလေးကန် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကိုလည်း ပိုမိုလျင်မြန်စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တပ်မတော်အနေဖြင့် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား၊ ရင်ပြင်တော်၌လည်း ဘုရားဖူးလာသူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်နိုင်စေရန် နေပူခံ ကျောက်ပြားများ လှူဒါန်းပူဇော်ခြင်း၊ အင်းလေးဒေသအတွင်း ရိုးရာလှေလှော်ပြိုင်ပွဲ များပြုလုပ်၍ ကမ္ဘာလှည့်ခရီးသွားများကို ရိုးရာဓလေ့များ ပြသနိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်၊ လူရွယ်များအား လက်ဆင့်ကမ်းအမွေပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် အင်းသားရိုးရာပြိုင်လှေများ လှူဒါန်းပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး အင်းလေးကန်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများတွင်လည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။