ငြိမ်းငြိမ်းချမ်းချမ်းသာသာယာ ပြည်မြန်မာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းနှင့် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံ များအရ ယနေ့အချိန်အခါကာလတွင် ကမ္ဘာနှင့်အညီ၊ ခေတ်နှင့်အမီ ဖွံ့ဖြိုးတိုးတက်စေချင်သည်မှာ ရဟန်းရှင်လူ ပြည်သူအပေါင်း၏ဆန္ဒဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံလိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးရှိနေရန် လိုအပ်ပေသည်။ စည်းလုံးညီညွတ်ရေး ဆိုသည်မှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးဖြစ်သည်။ တစ်မြေတည်းအတူနေ၊ တစ်ရေတည်းသောက် နှစ်ပေါင်းမြောက်မြားစွာ အတူတကွနေထိုင်လာသော ဤနိုင်ငံသည် စိတ်ချင်း လည်းတူ ရည်ရွယ်ချက်ချင်းလည်း တူညီနေရန်လိုအပ်ပေသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး အမှန်တကယ်ရရှိစေလိုသော စိတ်ရင်းအမှန်ရှိနေသည်မှာ စကားဖြင့်ပြောဆိုခြင်းထက် အလုပ်ဖြင့် ထင်ထင်ရှားရှား ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ညီအစ်ကိုများအားလုံး ပြန်လည်သင့်မြတ်ရေးအတွက် အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရာတွင်လည်း တန်းတူအခွင့်အရေးပေးပြီး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ စာနာထောက်ထားမှုများနှင့် ကိုယ့်ရဲ့ဆန္ဒကို ရှေ့တန်းမတင်နိုင်ဘဲ နိုင်ငံတော်၏အကျိုးကို သယ်ပိုးထမ်းဆောင်လိုစိတ်နှင့် စိတ်ရှည်သည်းခံစွာ ဆွေးနွေးခြင်းဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ သဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသူများကိုလည်း အချိန်မရွေး လက်မှတ်ရေးထိုးနိုင်ရန် တံခါးဖွင့်ပေးထားလျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNU/KNLA(PC) ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ စောထော့လေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ  ၄ ရက် နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လည်းကောင်း၊ UWSA(ဝ) အဖွဲ့မှတာဝန်ရှိသူများအား  စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်  တာချီလိတ်တပ်နယ် အောင်ပြည်ဟိန်းရိပ်သာ၌ လည်းကောင်း၊ NDAA(မိုင်းလား)အဖွဲ့မှ တာဝန်ရှိသူများအား စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံဧည့်ခန်းမဆောင်၌ လည်းကောင်း လက်ခံတွေ့ဆုံကာ  COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  NDAA(မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံရာတွင် “မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် တစ်ဖွဲ့တည်း ရပ်တည်ဆောင်ရွက်၍မရဘဲ အားလုံးပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ NDAA ကိုးကန့်အဖွဲ့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်၍ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊  တပ်မတော်အနေဖြင့်  NCA လမ်းကြောင်း အပေါ် ခိုင်ခိုင်မာမာရပ်တည်လျက် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း” အမှာစကားပြောကြားခဲ့သည်။

တပ်မတော်သည် တိုင်းရင်းသားအရေးနှင့် ပတ်သက်လာပါက မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော် ရှိသည့်အတွက် မည်သူ့ကိုမျှ ချန်လှပ်မထားရေး၊ အားလုံးပါဝင်နိုင်မည့် အခြေအနေ ဖြစ်စေရေးနှင့် အားလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိသည်။ ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင် များ မွေးထုတ်ပေးနိုင်ရေး ပညာရေးကို အားပေးလျက်ရှိသည်။ ကျန်းမာမှ ပညာသင်နိုင်မည် ဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ပါဝင်ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ပြင် တိုင်းရင်းသားများ၏ အရေးကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသား ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးတွင် ကိုယ်စားပြု ခွင့်ပိုမိုရရှိလာစေရေးအတွက် တိုင်းရင်းသားအရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုများ၊ တိုင်းရင်းသားရေး၊ ဘာသာရေးဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့်လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာ လက်နက်ကိုင် ပဋိပက္ခ များသည် ပါတီစုံဒီမိုကရေစီလျှောက်လှမ်းမှုတွင် အနှောင့်အယှက် အဟန့်အတားဖြစ်စေသည်။ တပ်မတော်အနေဖြင့် ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အတိုင်း ခိုင်ခိုင်မာမာရပ်တည် လျှောက်လှမ်းသွားမည်ဖြစ်ရာ မကြာမီအချိန်တွင် ငြိမ်းငြိမ်းချမ်းချမ်း သာသာယာ ပြည်မြန်မာ ကို ကမ္ဘာနှင့်အညီ၊ ခေတ်နှင့်အမီ အဖြစ် မြင်တွေ့နိုင်တော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။