ပြဒါးသေတစ်ဆွေ၀ သံသေတစ်ပြည်ဝ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆  ရက်)

ပြဒါးသေတစ်ဆွေ၀ သံသေတစ်ပြည်ဝ

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံ တိုးတက်မှုရှိရေးဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ချမှတ်ကာ နိုင်ငံတော်ကို တိုးတက်သာယာဝပြောအောင်ဆောင်ရွက်နေပါသည်။

စီးပွားရေးဦးတည်ချက်များတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များ စွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ဟူသော ဦးတည်ချက်တစ်ရပ်ပါရှိသည်။ ထိုဦးတည်ချက် ကို အကောင်အထည် ဖော်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနကို သီးခြားပြန်လည် ဖွဲ့စည်းပေးခဲ့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သော်လည်း ပိုမိုဖွံ့ဖြိုး တိုးတက် ရေးအတွက်စက်မှုလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြင့်မားစွာလည်ပတ် နေရမည် ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများကို လေ့လာကြည့်လျှင် စက်မှုလုပ်ငန်းသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ကိုတွေ့ရသည်။ ယခင်ဒုတိယ ဒီမိုကရေစီ အစိုးရ လက်ထက်တွင်  နိုင်ငံ့မျက်နှာမကြည့်ဘဲ  လုပ်ငန်းများရပ်ဆိုင်းထားခဲ့သောစက်ရုံ စီမံကိန်းများစွာရှိခဲ့သည်။

ထိုအထဲတွင် အမှတ် (၂)သံမဏိစက်ရုံ(ပင်းပက်)လည်းပါဝင်သည်။ ထိုစက်ရုံ စီမံကိန်း ကို ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက်အကောင် အထည်ဖော်ခဲ့သည်။ စီမံကိန်းလုပ်ငန်းများ ၉၈ ဒသမ ၈၆ ရာခိုင်နှုန်းအထိပြီးစီးခဲ့သည်။ ၂၀၁၅ ခုနှစ် တွင် တက်လာသည့် အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စီမံကိန်းတည်ဆောက်မှု လုပ်ငန်း များရပ်ဆိုင်းခဲ့သည်။

သံမဏိစက်ရုံကြီးသာ ပီပီပြင်ပြင်ထင်ထင်ရှားရှားပေါ်ပေါက်လာမည်ဆိုပါက မြန်မာတို့ အတွက် သံထည်ပစ္စည်းများ ပြည်ပမှမှာယူနေရသည့် ငွေကြေးအကုန်အကျ သက်သာ မည်ဖြစ်သည်။ NLD အစိုးရသည် မြန်မာတို့ကြီးပွားချမ်းသာမည်ကို စိုးရိမ်ခဲ့လေသလား ဟူ၍ပင်ထင်မှတ်နိုင်စရာဖြစ်သည်။ မြန်မာတို့၏ ဆိုရိုးစကားတွင် ပြဒါးသေတစ်ဆွေဝ၊ သံသေတစ်ပြည်ဝဟူသော ဆိုစကားရှိခဲ့သည်။ ဆိုလိုရင်းမှာ ပြဒါး ကိုနိုင်အောင်ပြုပြင် နိုင်လျှင် တစ်ဆွေမျိုးလုံးကြီးပွားနိုင်သည်။

သံကိုသေအောင်နိုင်အောင်ပြုလုပ်နိုင်လျှင် တစ်ပြည်လုံးချမ်းသာသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သံဆိုသည်မှာ အလွန်မာကျော သော တွင်းထွက်သတ္တုတစ်မျိုးဖြစ်သည်။ ထိုသံကို လိုအပ်သောပုံစံအမျိုးမျိုးထုတ်လုပ်နိုင်မည်ဆိုလျှင် တစ်ပြည်လုံးချမ်း သာကြွယ်ဝ မည်မှာအမှန်ဖြစ်သည်။ မည်သည့်လုပ်ငန်းတွင်မဆို သံကိုအသုံးပြုရသည် ချည်းဖြစ်သည်။ အမှတ် (၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်အကောင်အထည်ဖော်ခဲ့သည့်  သံနှင့်သံမဏိစက်ရုံ စီမံကိန်းကြီးဖြစ် သည်။ ထိုစီမံကိန်းကြီးတည်ဆောက်မှုရပ်ဆိုင်းထားရသည်မှာ ၄ နှစ်နှင့် ၆ လ ကြာမြင့်ခဲ့ပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၂ ရက်နေ့တွင် အဆိုပါအမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) စီမံကိန်းပြန်လည်စတင်နိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းပြန်လည်စတင်နိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်အပေါ် နိုင်ငံတော်အကြီးအကဲက “စီမံကိန်းသည် နိုင်ငံတော်အတွက် လက်တွေ့အကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်း တစ်ခုဖြစ်သည့်အတွက် မိမိတို့အစိုးရလက်ထက် တွင် စီမံကိန်းတည်ဆောက်မှုများ အမြန်ဆုံးပြန်လည်စတင်နိုင်ရေး စီမံဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီမံကိန်း စတင်ရန် လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကုန်ကြမ်းနှင့်သယ်ယူပို့ဆောင်ရေးစနစ်တို့ကို အသင့်ကြိုတင်ပြင်ဆင် ထားရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက စက်ရုံများအတွက် ဆုံးရှုံးမှုတန်ဖိုး ကြီးမားသည့်အတွက် လိုအပ်သည့်လျှပ် စစ်ဓာတ်အားများ ပြတ်တောက်မှုမရှိစေရေး စနစ်တကျဆောင်ရွက် ရန်လိုကြောင်း၊ စက်ရုံအား သတ်မှတ်ရက်အတွင်းစတင်လည်ပတ်၍ သံမဏိထုတ်လုပ်မှုအား အမြန်ဆုံးဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင် မည်ဖြစ်ကြောင်း” လမ်းညွှန် မှာကြားခဲ့သည်။

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သည် တောင်ကြီးမြို့နယ် ပင်းပက်ဒေသ၊ ပင်ငို ကျေးရွာအနီးတွင်တည်ရှိသည်။ ထိုစက်ရုံကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင် လည်ပတ်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက် လျက်ရှိသည်။ စက်ရုံစီမံကိန်း ပြီးမြောက် ပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပေါများ လာမည်ဖြစ်သည်။ သံ၊ သံမဏိထုတ်ကုန်များကို ပြည်ပသွင်းကုန်အဖြစ်တင်သွင်းရန်မလိုဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပြဒါးသေ တစ်ဆွေဝ၊ သံသေတစ်ပြည်၀ ဆိုစကားအတိုင်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကြီးအောင်မြင်ပါစေကြောင်း ရေးသား လိုက်ရပေသည်။   ။