အင်းလေးဒေသ ပိုမိုသာယာလှပရေး

အင်းလေးဒေသ ပိုမိုသာယာလှပရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  အောက်တိုဘာ  ၇  ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော တိုင်းရင်းသားတို့သည် ရှေးနှစ်ပေါင်း များစွာကတည်းကပင် မြန်မာနိုင်ငံအတွင်း အေးအတူပူအမျှ နေထိုင်လာကြသူများ ဖြစ်သည်။ ယနေ့တိုင်လည်း ဥမကွဲသိုက်မပျက် ချစ်ခင်စည်းလုံးစွာ နေထိုင်လျက်ရှိပြီး တိုင်းရင်းသား အသီးသီးတို့တွင် ချစ်စရာကောင်းသော ဓလေ့များလည်း ရှိကြသည်။ မြန်မာနိုင်ငံအတွင်း လမ်းကိုမြေတွင်မတွေ့ရ၊ ရေတွင်သာ တွေ့ရသောအရပ်၊ ခရီးကိုလှည်းနှင့် မသွား၊ လှေနှင့် သွားသောအရပ်၊ လှေကို လက်ဖြင့်မလှော်၊ ခြေနှင့်လှော်သော အရပ်၊ အိမ်ကို ကုန်းတွင်မဆောက်၊ ရေတွင်ဆောက်သော အရပ်ကိုပြပါဆိုလျှင် အင်းလေးကန်ကို ပြရပါလိမ့်မည်။

ထိုအင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၂၉ဝဝ ကျော်မြင့်ပြီး ရှမ်းပြည်နယ်ညောင်ရွှေချိုင့်ဝှမ်းတွင် တောင်နှင့်မြောက်တန်းလျက် တည်ရှိသည်။ ယခင်က ဤအင်းကြီးသည် ၃၆ မိုင်ခန့်ရှည်၍ ၈ မိုင်ကျယ်ခဲ့ဖူးသော်လည်း ယနေ့တွင်မူ ၁၂ မိုင်ခန့်သာရှည်၍ ၄ မိုင်ခန့်သာ ကျယ်တော့ကြောင်း သိရှိရသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားသည့် ကန်ကြီးတစ်ခုဖြစ်သည်။ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရားသည်လည်း ဗုဒ္ဓဘာသာဝင်များ အကြားတွင် ထင်ရှားကျော်ကြားသည့် သာသနာ့ အမွေအနှစ်ဖြစ်သည်။  အင်းလေးဒေသတွင် ထူးခြားသည်မှာ  လှေကိုလှော်ရာတွင် လက်ဖြင့်သာမက ခြေထောက်ဖြင့်ပါ လှော်ခတ်နိုင်ကြသဖြင့်  နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားကြသည်။

အင်းလေးကန်မှာ ယခုအခါတွင်  ရေဖုံးလွှမ်းမှု ပမာဏသည် ရှေးယခင်ကထက်လျော့နည်းလာသည်ကို တွေ့မြင်နေရသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ''အင်းလေးကန်၏ အရွယ်အစားသည် ရှေးယခင်က ရှိခဲ့သည်ထက် ရေဖုံးလွှမ်းမှု ပမာဏ လျော့နည်းလာသည်ကို သတိပြုကြရန် လိုကြောင်း၊  ရေဖုံးလွှမ်းဧရိယာပေါ်တွင်  နေထိုင်သည့် လူဦးရေပမာဏ ထပ်မံတိုးမြှင့်မှု မရှိစေရေးနှင့် ရေပေါ်မှတစ်ဆင့်ရေစပ်၊ ရေစပ်မှတစ်ဆင့် ကုန်းပေါ်သို့  တဖြည်းဖြည်း ရွှေ့ပြောင်းနေထိုင်နိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ ကျွန်းမျောလုပ်ကိုင်မှုများကိုလည်း လျှော့ချရမည် ဖြစ်ကြောင်း'' အောက်တိုဘာ ၂  ရက်က  ရှမ်းရိုးမ မွေးမြူရေးဇုန် ရှင်းလင်းဆောင်တွင် လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။

အင်းလေးကန် ပတ်ဝန်းကျင် တစ်ခုလုံး သာယာလှပရေးမှာ ထိုဒေသရှိ သဘာဝသယံဇာတများ မပျက်စီး မဆုံးရှုံးစေရေးဖြစ်သည်။ ကန်ရေပြင် တစ်လျှောက်တွင် အမှိုက်များ ကင်းစင်ရန် လိုအပ်သည်။ အမှိုက်မျိုးစုံရှိသည့်အနက် ပလတ်စတစ်ကို အထူးသတိပြုသင့်သည်။ ပလတ်စတစ်သည် အင်းလေးဒေသတွင်သာမက ကမ္ဘာ့ပင်လယ်ပြင်များတွင်ပါ များပြားလျက်ရှိပြီး ရေနေသတ္တဝါများနှင့် သဘာဝသယံဇာတ များကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက်ရှိသည်။ ဒေသနေပြည်သူများ အနေဖြင့် မိမိဒေသကို ချစ်မြတ်နိုးစိတ် ထားရှိကာ အင်းလေးဒေသ ဝန်းကျင်သာယာ လှပရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခင်က အင်းလေးဒေသသို့  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရောက်ခဲ့စဉ် ဒေသခံများ၏ တင်ပြချက်အရ အင်းလေးကန် ထိန်းသိမ်းရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester နှစ်စီးကို လှူဒါန်းခဲ့သည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများမှ လှူဒါန်းသည့် အဆိုပါဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester နှစ်စီးမှာ ယာဉ်တစ်စီး တန်ဖိုးငွေကျပ် ၂၄၆ဝ သိန်းဖြစ်ပြီး လုပ်ဆောင်နိုင်မှုစွမ်းအားမှာ ၁ နာရီလျှင် ဒိုက်နှင့်အမှိုက် ၂ဝဝ ကုဗပေဖြစ်သည်။ အဆိုပါ စက်စွမ်းအားများကြောင့် အင်းလေးဒေသ သာယာလှပမှုကို များစွာ အကျိုးပြုလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါစက်များ ရေရှည်အသုံးပြုနိုင်ရေးအတွက် စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကို အစဉ်အမြဲ ထိန်းသိမ်း လုပ်ဆောင်ရန်နှင့် စက်သုံးဆီ လိုအပ်ချက်များရှိပါက နိုင်ငံတော်မှ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ဒိုက်နှင့်ဗေဒါရှင်းစက်များမှ ဆယ်ယူရရှိသော ဒိုက်၊ ဗေဒါများကို အလဟဿမဖြစ်စေဘဲ မြေသြဇာထုတ်လုပ် အသုံးပြုနိုင်ရေး လုပ်ဆောင်ကြရန်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲက လမ်းညွှန်မှုပြုခဲ့သည်။

အင်းလေးကန်မှာ ရေဖုံးလွှမ်းမှု လျော့နည်းမှုကြောင့် အင်းလေးကန်အတွင်း ရေဝင်ရောက်လျက်ရှိသည့် အဓိက ရေဝင်ပေါက် ချောင်းကြီးချောင်းငယ်များ မတိမ်ကောစေရေး အတွက်လည်း ထိန်းသိမ်းရန် လိုအပ်ပေသည်။ အင်းလေးဒေသ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ ပေါများရန် လိုအပ်လှသည်။

သစ်ပင်များ ပေါက်ရောက်စေရန်  တပ်မတော် ရဟတ်ယာဉ်များဖြင့် သစ်ပင်မျိုးစေ့များ ကြဲချခြင်းများကို ၂ဝ၂ဝ ပြည့်နှစ် ဇွန် ၁၉ ရက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးကန် အရှေ့ဘက်နှင့်အနောက်ဘက်ရှိ တောင်ကုန်းတောင်တန်းများတွင် သစ်စေ့မြေလုံး သုံးသိန်းကို ရွှံ့လုံးတစ်လုံးလျှင် မျိုးစေ့ငါးစေ့ခန့် ထည့်သွင်း၍ Seeds Ball များပြုလုပ်ပြီး တပ်မတော် ရဟတ်ယာဉ်များဖြင့် မျိုးစေ့ကြဲချ စိုက်ပျိုးခြင်းများ ဆောင်ရွက်ပေးထားသည်။ အနှစ်ချုပ်ဆိုရလျှင် အင်းလေးဒေသ ပိုမိုသာယာ လှပရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ဒေသခံပြည်သူများကလည်း ပူးပေါင်းဆောင်ရွက် အကောင်အထည် ဖော်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။