အသိခေါက်ခက် အဝင်နက်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈ ရက်)

အသိခေါက်ခက် အဝင်နက်

မြန်မာတို့ပြောဆိုအသုံးပြုလေ့ရှိသောစကားများသည် နှောင်းခေတ်လူငယ်တို့အတွက် မှတ်သားစရာ များသာဖြစ်သည်။ မြန်မာမှုနယ်ပယ်တွင် မြန်မာစကားပုံများ၊ မြန်မာ ဆိုရိုးစကားများနှင့် ရှေးခေတ်ကစာဆို တော်ရဟန်း၊ ရှင်၊ လူများရေးသားခဲ့သော ဆုံးမ စာများသည်လေ့လာမှတ်သားလို့မကုန်နိုင်အောင်ပင်ဖြစ်သည်။လူသားတို့ ကောင်းကျိုး အတွက် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သောမင်္ဂလသုတ်သည် လူသားတို့ဘဝခရီးလမ်း သို့တည်းမဟုတ် ဘဝတစ်သက်တာ လိုက်နာကျင့်ကြံဖွယ်များသာဖြစ်သည်။ မင်္ဂလသုတ်ပရိတ်တော်အတိုင်း လိုက်နာပြုကျင့်ပါလျှင် ရန်သူအားလုံးအပေါ် မိမိက အောင်နိုင်ခြင်း၊ အရပ်ဒေသခပ်သိမ်းတို့၌ ချမ်းသာစွာ နေရခြင်းအကျိုးများကို ရနိုင်ပါသည်။

ထိုသုံးဆယ့်ရှစ်ဖြာမင်္ဂလာထဲမှ အသေဝနာစ ဗာလာနံ ဟူသောအပိုဒ်တွင် လူမိုက်ကို မမှီဝဲမပေါင်း သင်းခြင်း၊ ပညာရှိကို မှီဝဲဆည်းကပ်ပေါင်းသင်းခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟူသော မင်္ဂလာသုံးပါး ရှိပါသည်။ လူတိုင်းသည် ဤသုံးချက်မျှ ကလေးကိုပင်လိုက်နာပြုကျင့်မည်ဆိုပါက မိမိတို့ဘဝသည် အေးချမ်း သာယာ နေပေလိမ့်မည်။ ယနေ့အချိန်အခါတွင် ကြုံတွေ့နေရသော အဖြစ်အပျက်များကို လေ့လာလျှင် လူမိုက်များနှင့်ပေါင်းသင်းမိသောကြောင့် လူငယ်လူရွယ်တို့ဘဝ နစ်မွန်း သွားကြရသည်။ လူငယ်လူရွယ်တို့ဆိုသည်မှာ တစ်ခါတစ်ရံမှားတတ်သော်လည်း ထိုအမှားသည် ပြင်၍မရသောအမှားဖြစ်သွားသောအခါ ယင်းတို့၏အသက်တွေဆုံးရှုံး သွားရသည်။ အနာဂတ်တွေပျက်စီးသွားသည်။

လူငယ်တို့အနာဂတ် အဘယ်ကြောင့်ပျက်စီးသွားရသလဲလေ့လာကြည့်သောအခါ အဖြေမှာ လူမိုက် များနှင့်ပေါင်းသင်းမိ၍ဖြစ်သည်။ လူငယ်ကတော့ လူငယ်မို့ မှားသည့်အခါလည်း မှားပေမပေါ့ဟု ဖြေတွေးတွေး ပေးနိုင်သော်လည်း လူကြီးများ ဖြစ်လျက်နှင့် လမ်းကြောင်းမှားကိုလျှောက်လှမ်းသူများအတွက်မူ မြန်မာဆိုရိုးစကား တစ်ခုနှင့်ခိုင်းနှိုင်းရမည်ဆိုပါက “အသိခေါက်ခက် အဝင်နက်” သည်ဟူ၍ ဆိုရမည် ဖြစ်သည်။

အတတ်ပညာမြင့်မားစွာရှိပြီး အသိဉာဏ်ရှိနေပါလျက် မိမိပြုမူဆောင်ရွက်ချက် ၏ ဆိုးကျိုးကို ကြိုတင်မြော်တွေးမှု မရှိခြင်းသည် အသိခေါက်ခက်အဝင်နက် ခြင်းဖြစ် သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁)ကြိမ် မြောက်သတင်းစာရှင်းလင်းပွဲတွင် အံ့ဖွယ်သတင်းတစ်ခုကို အများပြည်သူတို့ မြင်တွေ့ လိုက်ရသည်။ ထိုသတင်းမှာ ရုပ်မြင် သံကြားနှင့်သတင်းစာများတွင် ဖော်ပြပြီးဖြစ်သော် လည်း အကြမ်းဖက်အဖျက်သမားအုပ်စုဝင်များကထိုသတင်းနှင့်ပတ်သက်၍ ပြက်ရယ် ပြုကြသည်။ သူတို့က သူတို့ထုံးစံအတိုင်းပင် ပါးစပ်ပိတ်ငြင်းနေသူများ သာဖြစ်သည်။ သန့်ရှင်းရေးဝန်ထမ်းကခိုင်းတာကို BE ဘွဲ့ရအင်ဂျင်နီယာကလုပ်ရတယ်ဆိုတာ သဘာဝယုတ္တိမရှိဘူး။ သတင်းကသတင်းမှန်မဟုတ်ဘူး စသည်ဖြင့်မျိုးစုံစွာ လူမှု ကွန်ရက်တွင် ပြည်ပအားကိုး မီဒီယာများက ရေးသားထုတ်လွှင့်ကြသည်။

ထို့ကြောင့် စက်တင်ဘာ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် “ထူးဆန်းမှုတစ်ခုမှာ Air KBZ လေယာဉ်ဖြစ်စဉ်ဖြစ်ကြောင်း၊ မိမိ၏မကျေနပ်ချက်ကိုအရင်းတည်ပြီး လူအများသေကျေပျက်စီးအောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သန့်ရှင်းရေး ဝန်ထမ်း တစ်ဦးကခိုင်းစေသည်ကိုBE ဘွဲ့ရအင်ဂျင်နီယာ တစ်ယောက်ကလိုက်လုပ်ခြင်းမှာ မယုံနိုင်စရာဖြစ်ကြောင်း၊ ယင်းသတင်းတွေ့ရှိချက်အမှန်အတိုင်းထုတ်ပြန် စဉ်က ဝေဖန်မှုများ၊ လုပ်ကြံသတင်းဟုဆိုပြီး ပြောသူအများအပြားရှိကြောင်း၊ (ယင်းနောက် ထိုအင်ဂျင်နီယာ ဦးသိန်းလင်းထိုက်၏ ကိုယ်တိုင်ပြောဆိုချက် ဗီဒီယိုဖိုင်ကို ပြသခဲ့သည်။) ၎င်းတို့၏ ရည်ရွယ်ချက်မှာ လေယာဉ် ပျက်ကျစေရန် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး မီဒီယာများကိုပေးလိုက်မည်ဖြစ် ကြောင်း”သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကရှင်းလင်းပြောကြားခဲ့သည်။ လူမိုက်တွေနှင့်ပေါင်းလိုက် မိသောအင်ဂျင်နီယာတစ်ဦး၏ဘဝသည် ဝမ်းနည်းဖွယ်ရာ များနှင့်နိဂုံးချုပ်ရပေတော့မည်။ သူ၏လစဉ်ရရှိ သောလစာနှင့် ထမ်းဆောင်ရသော တာဝန်တို့သည် သဲထဲရေသွန်လိုက်သည့်ပမာရှိပေတော့သည်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို စေ့စေ့စပ်စပ်သေသေချာချာလေ့လာမည်ဆိုလျှင် ငါတို့နိုင်ငံသည် ပြည်ပအကြံပေး ၉၀ ကျော်အုပ်ချုပ်ခဲ့ခြင်းကြောင့် ကျွန်မဖြစ်ပေမယ့် ကျွန်စစ်ခဲ့ပါသည်ဟူသော ဆရာမကြီး ဒေါက်တာမတင်ဝင်းစကားကဲ့သို့ပင်ဖြစ်ခဲ့သည်။ နောက်ထပ်ငါးနှစ်သက်တမ်းတွင် စိတ်တိုင်းကျထင်တိုင်းကြဲ ရန်အတွက် မဲမသမာမှုကို စံချိန်တင်လုပ်ဆောင်ခဲ့သည်။ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသူ၊ မျိုးချစ် စိတ်ဓာတ်ရှိသူတိုင်းက ယခုနိုင်ငံရေးအပြောင်းအလဲကို နှစ်သက်လက်ခံသည်။ နား၊ မျက်စိများပိတ်ထားသူတွေ က ဖြစ်ရပ်မှန်ကိုလက်မခံနိုင်ဘဲ အဖျက်လုပ်ရပ်လုပ် ဆောင်နေခြင်းဖြစ်သည်။ ထိုသူများသည် ကောသလ မင်းကြီးအိပ်မက် ၁၆ ချက်ထဲက “နှောင်းသောကာလမှာ အနှစ်မရှိ သူယုတ်တို့၏စကားကိုသာ လူအများ နှစ်သက်၍ လက်ခံအတည်ပြုကြလိမ့်မည်” ဆိုစကားအတိုင်း အသိခေါက်ခက် အဝင်နက် နေခြင်းဖြစ်သည်။

ဤသည်ကိုသင်ခန်းစာယူ၍ အသိပညာ အတတ်ပညာရှိပါလျက် လမ်းလွဲသို့ဇွတ်တိုး၍ လိုက်ပါခြင်းမှ ရှောင်ရှားနိုင်ကြစေရန် ရည်ရွယ်ရေးသားလိုက်ရပေသည်။ ။