စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်

စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  အောက်တိုဘာ  ၉  ရက်)

ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော သတင်းများကြားရတိုင်း ပီတိဖြစ်ကာ ကြည်နူးမိသော ခံစားချက်ကို လူတိုင်းခံစား ဖူးပါလိမ့်မည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်၍ မိမိတိုင်းပြည်နှင့် လူမျိုးကိုထိလျှင် မချိအောင် နာတတ်သူတိုင်းသည် မိမိနိုင်ငံ၏ ကာကွယ်ရေး စွမ်းအားမြင့်မားနေခြင်းကို အထူးလိုလားကြသည်။ ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ ရုပ်မြင်သံကြား သတင်းများတွင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရေယာဉ်များ တပ်တော်ဝင် အခမ်းအနားကျင်းပသော သတင်းကောင်းကို မြင်တွေ့ရသည်။ မြန်မာနိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့ကို ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းခြင်းဖြစ်သောကြောင့် စိတ်ဝင်စားဖွယ် သတင်းကောင်းဖြစ်ခဲ့သည်။

ထိုသတင်းကို အောက်တိုဘာ ၇ ရက်နေ့တွင် သတင်းစာများ၌ ပြည့်ပြည့်စုံစုံ ဖော်ပြထားပြန်သည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန် အထိဧရိယာ အတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအား တာဝန်ခံစီမံ ကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော် မှုခင်းများ နှိမ်နင်းရန်၊ သတင်းအချက်အလက်များ ဖလှယ်ရန်၊ နိုင်ငံတကာ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အကျိုးစီးပွား၊ ပြည်သူလူထု၏ အကျိုးစီးပွားများအတွက် နိုင်ငံတော်၏ လိုအပ်ချက်များနှင့်အညီ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းခဲ့ပြီဖြစ်သည်။ တပ်ဖွဲ့ဝင်များ အနေဖြင့် တပ်ဖွဲ့ဆိုင်ရာ မျှော်မှန်းချက်အမြင် (Vision) ရည်မှန်းချက်တာဝန်(Mission)များ သတ်မှတ် ဆောင်ရွက်ကြမည်ဖြစ်သည်။ ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပေသည်။ ကမ်းခြေစောင့် တပ်ဖွဲ့အတွက် ရည်မှန်းချက် တာဝန်များနှင့် ကိုက်ညီမည့် တပ်ဖွဲ့ဆောင်ပုဒ်မှာ Guard, Protect and Save Our Sea ''စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်'' ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရေယာဉ်များ တပ်တော်ဝင် အခမ်းအနား ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်   ''မိမိတို့နိုင်ငံ၏ ပင်လယ်ပြင်အခြေပြု စီးပွားရေး လုပ်ငန်းများ(Ocean Based Economy) တစ်နည်းအားဖြင့် ပင်လယ်ပြာ စီးပွားရေးလုပ်ငန်း(Blue Economy)များဖြစ်သည့် ရေကြောင်း ခရီးသွားလုပ်ငန်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းများ လုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းများ ဘေးကင်းလုံခြုံရေး၊ ပင်လယ်ပြင်မှ တရားမဝင်ဖြတ်သန်း ဝင်ရောက်မှု မရှိစေရေးနှင့် ပင်လယ်ပြင်တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ပေးရန်အတွက် ယနေ့ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း'' ထည့်သွင်းပြောကြားခဲ့ရာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များ ထမ်းဆောင်ရမည့် တာဝန်များမှာ ပင်လယ်ပြင်နှင့်အမျှ များပြားကျယ်ဝန်းလှပေသည်။

မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်း အရှည် မိုင်ပေါင်း ၁၂ဝဝ ကျော်ခန့်နှင့် ရေပြင်ဧရိယာ ၁၄၄၉၁၂ စတုရန်းမိုင်ခန့် ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ ထိုမျှကျယ်ဝန်းသော ပင်လယ်ပြင်ကို ကာကွယ်ရန် မြန်မာနိုင်ငံအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ ရှိသင့်သည်မှာကြာခဲ့ပြီဖြစ်သည်။ ထိုလိုအပ်ချက်ကို အောက်တိုဘာ ၆ရက်နေ့တွင် သမိုင်းဝင်မော်ကွန်းတင် ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ကျယ်ဝန်းသည့် ပိုင်နက်ပင်လယ်ပြင်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်းနိုင်ငံဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်မှာ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ နှစ်ခုအကြား မဟာဗျူဟာ ကျကျတည်ရှိနေပါသည်။

ကမ်းခြေစောင့်တပ်ဖွဲ့ အနေဖြင့် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး ကဏ္ဍ၊ လူသားချင်းစာနာမှု အကူအညီပေးရေး ကဏ္ဍများကို အဓိကထား ဆောင်ရွက်မည်ဖြစ်ပြီး ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို လုပ်ဆောင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုန်းမြေဧရိယာ ၂၆၁၂၂၈ စတုရန်းမိုင်ခန့်နှင့် ရေပြင်ဧရိယာ ၁၄၄၉၁၂ စတုရန်းမိုင်ခန့် ပိုင်ဆိုင်သည်။ ကမ်းရိုးတန်း တစ်လျှောက်တွင် ကျွန်းပေါင်း ၁၄ဝဝ ကျော်ရှိပြီး သဘာဝက ပေးအပ်သည့် အရင်းအမြစ်များ၊ စီးပွားရေး အခွင့်အလမ်းများ များစွာရှိသည်။ ထို့ပြင် ကမ်းရိုးတန်းနှင့် ပိုင်နက်ပင်လယ်ပြင် သဘာဝအလှတရားများ၏ ဆွဲဆောင်အားနှင့်  ပင်လယ်ပြင်ရေကြောင်း ခရီးသွားလုပ်ငန်းအတွက် အခြေခံကောင်းများလည်း များစွာရှိသည်။ အနှစ်ချုပ်ဆိုရသော် စောင့်ရှောက် ကာကွယ်ဒို့ပင်လယ် ဟူသော မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့၏ဆောင်ပုဒ်နှင့်အညီ ရည်မှန်းချက် တာဝန်များကိုအောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။  ။