တိုင်းပြည်ကောင်းအောင် လုပ်ဆောင်လျက်ရှိ

အယ်ဒီတာ့တာ့အာဘော်

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်)

တိုင်းပြည်ကောင်းအောင် လုပ်ဆောင်လျက်ရှိ

တပ်မတော်တွင် ခေါင်းဆောင်မှုအင်္ဂါရပ်များ သတ်မှတ်ထားရှိသည်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရန် ဒီအရည်အချင်းတွေရှိရမည်ဟူ၍ ဖော်ပြထားသည်။ ထိုးထွင်းကြံဆ လုပ်ဆောင်တတ်မှုနှင့်တီထွင်လုပ်ကိုင်ဆောင်ရွက်တတ်မှုရှိရမည်။ကွပ်ကဲမှုနှင့် ကြီးကြပ်မှု ကောင်းရမည်။ ဗဟုသုတကြွယ်ဝပြီး လေ့လာလိုစိတ်ရှိရမည် အစရှိသည်ဖြင့် စုစုပေါင်း ၁၆ ရပ်ရှိပါသည်။ လက်တွေ့နယ်ပယ်တွင် ထို့ထက်မက ကြိုးစားလုပ်ဆောင် ကြရသည်။ ဆိုလိုသည်မှာ တပ်မတော်သားတို့သည် ခေါင်းဆောင်သည်လည်း ခေါင်းဆောင် အလျောက်၊ လက်အောက်ငယ်သားများသည်လည်း ငယ်သားများအလျောက် သတ်မှတ် အရည်အချင်းနှင့်ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်ခဲ့ကြသည်။ ထို့ကြောင့်မြန်မာ့သမိုင်း တွင်တပ်မတော်သည် ကျစ်လျစ်ခိုင်မာသိပ်သည်းသော အဖွဲ့အစည်းတစ်ခုအဖြစ် ခံ့ခံ့ ညားညားရပ်တည်နိုင်ခဲ့သည်။

အရေးပေါ်ကာလလိုအပ်ချက်များအရ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုရသည့် အခါတွင် လည်းတပ်မတော်သည်ကျရောက်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြ သည်။ နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လိုစိတ် ရှိထားသူများပီပီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အစဉ်ရှေးရှုဆောင်ရွက်လျက် ရှိသည်။ အခြားနိုင်ငံများနှင့်ရင်ပေါင်တန်းနိုင်အောင်လုပ်ဆောင် လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် အရေးကြီးသောကာကွယ်ရေးအင်အား၊ စီးပွားရေးအင်အားနှင့် ပညာရေး အင်အားတို့ကြီးမားပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက် ရှိသည်။

အောက်တိုဘာ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပိုင်နက်ပင်လယ်ပြင်နှင့်ရေကြောင်း အကျိုးစီးပွားများ၊ရေကြောင်းသယံဇာတများကိုကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်း လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်ရန် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ပထမဆုံးစတင် ဖွဲ့စည်းခဲ့သည်။အောက်တိုဘာ ၇ ရက်နေ့တွင်ပထမ ဆုံးသောမြေအောက်လမ်းကူး လူသွားဥမင် (Underpass)ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ထိုအခမ်းအနားနှစ်ခုစလုံးတွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ရန်ကုန်မြို့ အတွင်း လူဦးရေနှင့်ပို့ဆောင်ဆက်သွယ်ရေးယာဉ်အရေအတွက်တိုးပွားလာလျက်ရှိပြီး လမ်းဧရိယာများတိုးချဲ့ရန်မဖြစ်နိုင်သည့်အတွက် နှစ်ထပ်လမ်းကြောင်းများ၊ မြေအောက် ဥမင်လမ်းကြောင်းများကို မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်လာပါသည်။

ယခုမြေအောက်လမ်းကူးလူသွားဥမင်သည် မြေအောက်ရထားလမ်း အကောင်အထည် ဖော်ဆောင် ရေးလုပ်ငန်းများ၏ ကနဦးခြေလှမ်းအစဖြစ်ကြောင်းသိရသည်။ အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင် သည် ဈေးဆိုင်ခန်းများပါဝင်သည့် မြေအောက်လမ်းကူး လူသွားဥမင်အမျိုးအစားဖြစ်သည်။ ပင်မဥမင် အနေဖြင့် အမြင့် ၁၁ ပေ၊ အကျယ်ပေ ၄၀၊ မြေအောက်အနက် ၁၅ ပေ ၃ လက်မရှိသည်။ ပင်မဥမင် စုစုပေါင်းအလျား ၄၂၇ ပေရှိပြီး ဝင်ပေါက်ထွက်ပေါက် လေးခုပါဝင်သည်။ တစ်နာရီလျှင် လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်အတွင်း ရွေ့လျားစက်လှေကား သုံးစင်း၊ သက်ကြီးရွယ်အို များနှင့်မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကားနှစ်စင်း ထည့်သွင်း တည်ဆောက်ထားပြီး ဈေးဆိုင်ခန်း စုစုပေါင်း ၁၈ ခန်း ထည့်သွင်း တည်ဆောက်ထား ကြောင်းသိရသည်။ ထို့ပြင် မီးဘေးအန္တရာယ်ကာကွယ် ရေး၊ အရေးပေါ်အခြေအနေ ကယ်ဆယ်ရေး၊ လုံခြုံရေးဆိုင်ရာ sensor  များ၊ ကင်မရာများတပ်ဆင်ထားရှိသည်။ မြေအောက်လမ်းကူးလူသွားဥမင်သည် အများပြည်သူအတွက် အကျိုးကျေးဇူးများ စွာရရှိ စေနိုင်မည့် အဆောက်အဦတစ်ခုဖြစ်သည်သာမက ရန်ကုန်မြို့၏ တိုးတက်လာသည့် မြို့အင်္ဂါရပ်ပြယုဂ်တစ်ခုလည်း ဖြစ်ပေသည်။

အဆိုပါမြေအောက်လမ်းကူးလူသွားဥမင် တည်ဆောက်ပေးလိုက်သည့် အတွက်  ယာဉ်ကြောပိတ်ဆို့ မှုနှင့်ယာဉ်အန္တရာယ်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ် နိုင်မည် ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ဟံသာဝတီအဝိုင်းအနီး ပြည် လမ်းမကြီးတွင် ဖောက်လုပ်ပေးထားခြင်းဖြစ်ပြီး ထိုနေရာတစ်ဝိုက်သည်

နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ အများပြည်သူများ အများဆုံးသွားလာရာ နေရာတစ်ခုလည်းဖြစ်သည်။ယခုကဲ့သို့ဖောက်လုပ်ပေးထားသည့်အတွက် အများပြည်သူ များသွားလာရေးတွင် လွယ်ကူ အဆင်ပြေသွားပေမည်။ ထို့ပြင် ဈေးဆိုင်ခန်းများပါ ထည့်သွင်းတည်ဆောက်ထားသည့်အတွက် ဈေးဝယ်သူ များဖြင့် စည်ကားနေပေမည်။

ရန်ကုန်မြို့တွင် ပထမဆုံးပေါ်ပေါက်လာသော လမ်းကူးလူသွားဥမင်အဖြစ် အနယ်နယ် အရပ်ရပ်မှခရီးသွားပြည်သူများသည်လည်း  တအံ့တသြလာရောက်နားနေကြည့်ရှုကြမည် သာဖြစ်သည်။ ထိုမြေအောက် လမ်းကူးလူသွားဥမင်သည် မြေအောက်ရထားလမ်း အကောင်အထည်ဖော်ရေးလုပ်ငန်းများ၏ ကနဦး ခြေလှမ်းဖြစ်ကြောင်းနှင့် ဆက်လက် လုပ်ဆောင်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍လည်း  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များဆွေးနွေးပြောကြား ခဲ့ကြောင်း သိရှိရသည်။

အနှစ်ချုပ်ဆိုရသော် ပထမဆုံးသောမြေအောက်လမ်း ကူးလူသွားဥမင်မှအစပြုကာ  မြေအောက် မီးရထားလမ်းများပေါ်ပေါက်လာမည်ကိုကြိုဆိုပါကြောင်း  ရေးသား လိုက်ရ ပေသည်။ ။