တတိယအကြိမ် COVID-19 Fund ချေးငွေများထုတ်ချေးပေးရာတွင် ခရီးသွားကဏ္ဍအတွက် ပါ ထည့်သွင်းပေးရန် တောင်းဆိုထား

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်း ကော်မတီမှ တတိယအကြိမ်ထုတ်ချေးပေးမည့် COVID-19 Fund ချေးငွေတွင် ခရီးသွားကဏ္ဍကိုပါ ထည့်သွင်းပေးရန် တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း၏ ပြောဆိုချက်အရ သိရသည်။ COVID-19 Fund ချေးငွေများကို ပထမအကြိမ် ထုတ်ချေးပေးစဉ်က အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေး ထုတ်ချေး ပေးခဲ့သော်လည်း ခရီးသွားကဏ္ဍအတွက် ချေးငွေရရှိမှုနည်းပါးခဲ့ကြောင်း သိရသည်။

“အစိုးရက COVID-19 Fund ချေးငွေအဖြစ် အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ပထမအကြိမ် ချေးငွေ ပေးတုန်းက ဟိုတယ်အများစုရပေမယ့် ခရီးသွားကုမ္ပဏီတွေရရှိမှုနည်းတယ်။ ဒုတိယအကြိမ် ပေးတဲ့ ချေးငွေလည်းမရခဲ့ဘူး။ ဒါကြောင့် တတိယအကြိမ် ချေးငွေထုတ်ချေးပေးတဲ့အခါ ခရီးသွားကဏ္ဍကိုပါ ထည့်သွင်းပေးဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက တစ်ဆင့် ကော်မတီကို တင်ပြထားပါတယ်”ဟု ဦးရန်ဝင်းကပြောသည်။ ပြည်တွင်းခရီးသွား ဒေသများ ဖြစ်သည့် ပုဂံ၊   ကလော၊  ပင်းတယ၊  ပြင်ဦးလွင် စသည့်ဒေသတို့သို့ သြဂုတ်လအထိ  ခရီးသွားရောက်မှု  အနည်းငယ်ရှိခဲ့သော်လည်း လက်ရှိ COVID-19 ရောဂါအခြေအနေကြောင့်  ခရီးသွားကဏ္ဍမှာ Zero အနေအထားသို့  ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။      

ကျော်ကို