သစ်ထုတ်လုပ်ရေးဒေသသုံးခုမှ ကျွန်းသစ်တန် ၁၀၀၀ နှင့် သစ်မာတန် ၁၆၀၀၀ လျာထား ထုတ်လုပ်မည်

မကွေးတိုင်းဒေသကြီးအတွင်းရှိ သစ်ထုတ်လုပ်ရေးဒေသသုံးခုမှ ကျွန်းသစ်တန် ၁၀၀၀ နှင့် သစ်မာတန် ၁၆၀၀၀ တို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျာထားကာ ထုတ်လုပ်သွား မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးမြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာထံမှ သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်မှုကို ဂန့်ဂေါသစ်ထုတ်လုပ်ရေး ဒေသ၊ မင်းဘူးသစ်ထုတ်လုပ်ရေးဒေသ၊ သရက်သစ်ထုတ်လုပ်ရေး ဒေသသုံးခုမှထုတ်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

“သစ်ထုတ်လုပ်ရေးဒေသများမှ သစ်များထုတ်ယူရာမှာ ယခင်က သစ်မာတစ်ပင်ကို တစ်တန် ဝန်းကျင်ရှိရင် ထုတ်တယ်။ ကျွန်တော့်လက်ထက်မှာ သစ်မာတစ်ပင်ကို ၁ ဒသမ ၂ တန် လောက်၊ ကျွန်းတစ်ပင်ကို ၁ ဒသမ ၃ တန်လောက်ရှိမှ ထုတ်လုပ်ခိုင်းပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ သစ်ထုတ်လုပ်ရေးဒေသသုံးခုမှ ခွင့်ပြုပင်ထောင်ကျွန်းသစ် ၁၀၀၀ နှင့် ခွင့်ပြုပင် ထောင်သစ်မာ ၁၃၄၁၉ ပင်တို့ကို လျာထား ထုတ်လုပ်မှာဖြစ်ပါတယ်။ ထုတ်ယူရန်ခွင့်ပြုပင် ထောင်ပင်များမှ   ဂန့်ဂေါသစ်ထုတ်လုပ်ရေးဒေသတွင် ကျွန်းသစ် တန် ၇၀၀၊ သစ်မာတန် ၇၀၀၀၊ မင်းဘူးသစ်ထုတ်လုပ်ရေးဒေသတွင် သစ်မာတန် ၄၀၀၀၊ သရက်သစ်ထုတ်လုပ်ရေး ဒေသတွင် ကျွန်းသစ်တန် ၃၀၀၊ သစ်မာတန် ၅၀၀၀ စုစုပေါင်း ကျွန်းသစ်တန် ၁၀၀၀ နဲ့ သစ်မာ တန် ၁၆၀၀၀ တို့ကို ထုတ်ယူဖို့လျာထားပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ သစ်ထုတ်လုပ်ရေးဒေသသုံးခုမှ ခွင့်ပြုပင်ထောင်ကျွန်း ၃၃၆ ပင်နှင့် သစ်မာ ၁၃၈၈၂ ပင်တို့အား ခုတ်လှဲထုတ်ယူခဲ့ရာ ကျွန်းသစ် ၅၄၆ တန်နှင့်သစ်မာ ၁၆၃၆၆ တန်ထွက်ရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းဌာနမှ  သိရသည်။

ဘုန်းလင်္ကျာ(မင်းဘူး)