လူငယ်မောင်မယ်တို့ သိစေချင်ပါသည်

လူငယ်မောင်မယ်တို့ သိစေချင်ပါသည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၁  ရက်)

နေ့စဉ်ထုတ် မြဝတီရောင်စုံသတင်းစာတွင် အယ်ဒီတာ့အာဘော်များကို ဖော်ပြလျက်ရှိရာ အဓိက ဦးတည်ရေးသားနေသည်မှာ လူငယ်များအကြောင်း ဖြစ်သည်။ လူငယ်များသည် နောင်တစ်ခေတ်တွင် တိုင်းပြည်တာဝန်ကို ဦးစီးဦးဆောင် ပြုရမည့်သူများဖြစ်ကြသည်။ လူငယ်တွေ အရည်အချင်းပြည့်ဝမှ တိုင်းပြည်တိုးတက် ကောင်းမွန်မည်ဖြစ်သည်။ မြစ်ကြီးဧရာဝတီသည် စဉ်ဆက်မပြတ် စီးဆင်းလျက် ရှိသကဲ့သို့ လူသားတို့၏ ဘဝသက်တမ်းများသည် စဉ်ဆက်မွေးဖွား ရှင်သန်နေသည်။ လူငယ်မှလူရွယ်၊ လူရွယ်မှ လူကြီးတို့ဖြင့် ဘဝသံသရာတွင် လိုက်ပါစီးမျောနေကြပေရာ အရေးကြီးသည်ကား လူငယ်ဘဝဖြစ်ပေသည်။

လူငယ်တို့၏ အသိပညာ၊ အတတ်ပညာနှင့် တွေးခေါ်မြော်မြင်မှုတို့ မြင့်မားနေရန် လိုအပ်ပေသည်။

လူငယ်တိုင်းတွင် ရှိသင့်သော စိတ်ဓာတ်ကို ညွှန်ရမည်ဆိုပါလျှင် အမျိုးဘာသာ သာသနာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လိုစိတ် ဖြစ်သည်။ ရှေးကဘိုးဘွားမိဘတို့သည် မြန်မာနိုင်ငံကြီး  ကိုလိုနီလက်အောက်ခံ ဘဝရောက်နေစဉ်မှာပင် (ထိုခေတ်က လူငယ်တို့သည်) အမျိုးဘာသာ သာသနာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို စောင့်ရှောက်ခဲ့ကြသည်။ ဤဆိုလိုချက်ကို ထင်ရှားစွာသိလိုလျှင် ရှေးကစာရေးဆရာကြီး ရေးသားခဲ့သော စာပေများတွင် ဖတ်ရှုသိမြင်နိုင်သလို မိမိတို့ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသော ဘုရားစေတီကျောင်းကန်များကို ကြည့်၍လည်း သိနိုင်သည်။

ကမ္ဘာပေါ်တွင်ရှိကြသော  တိုင်းပြည်များတွင် နေထိုင်သူများသည် သူတို့နိုင်ငံ၊ သူတို့လူမျိုး၊ သူတို့ရိုးရာဓလေ့ ထုံးစံများကိုစောင့်ရှောက်နေကြသူများသာဖြစ်သည်။ ဇာတိသွေး၊ ဇာတိမာန်မှသည် မျိုးချစ်စိတ်ဓာတ် မရှိသော လူမျိုးဟူ၍ ကမ္ဘာပေါ်တွင် မရှိသေးပါ။ မြန်မာနိုင်ငံတွင် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အထိတာဝန်ယူခဲ့သော အစိုးရလက်ထက်တွင် ထိုစိတ်ဓာတ်တို့ချိုးနှိမ်ခြင်းခံခဲ့ရသည်။ ဇာတိမာန်သီချင်းသီဆိုရသည်ကို ရှက်သယောင်ယောင်၊ နိုင်ငံတော်အလံ အလေးပြုရမည်ကိုပင် ကြောက်သယောင်ယောင် အတွေးအခေါ် မှားခဲ့ကြသည်။

ထို့ထက်ပို၍ ဆိုးရွားလွန်းလှသည်က တပ်မတော်ပြိုကွဲရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤလုပ်ရပ်သည် လွန်စွာအန္တရာယ် ကြီးမားလွန်းသည်။ ကာကွယ်ရေးအင်အား မတောင့်တင်း၍ ကျွန်ဖြစ်ခဲ့ရသော သင်ခန်းစာသည် မြန်မာတို့အတွက် ပူပူနွေးနွေးကြီး ရှိသေးသည်။ တပ်မတော်ဆိုသည်မှာ ပြည်ပနိုင်ငံသားများဖြင့် ဖွဲ့စည်း တည်ထောင်ထားသည် မဟုတ်ပါ။ ပြည်သူများမှ မွေးဖွားလာသော သားသမီးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားလာပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် လူငယ်မောင်မယ်တိုင်း တပ်မတော်သို့ ဝင်ရောက်နိုင်သည်။ တပ်မတော်ကို ပိုင်ဆိုင်သူများမှာ လူငယ်မောင်မယ်များသာဖြစ်သည်။

တပ်မတော်ကို လူငယ်များနှင့် ရန်တိုက်ပေးနေခြင်းသည် နိုင်ငံတော် အနာဂတ်အတွက်  ကောင်းမွန်သော ရလဒ်မဟုတ်ပါ။ ထိုအစိုးရသည် လူငယ်များ၏ ဖြူစင်သောစိတ်ကို အရောင်ဆိုးပေးခဲ့သည်။ လွဲမှားသော အတွေးအခေါ် သိမြင်အောင် ဆွဲဆောင်ပြောဆို စည်းရုံးခဲ့သည်။ မှန်ကန်သော စကားကိုပြောရလျှင် တပ်မတော်သည်  နိုင်ငံတော်တွင် အခက်အခဲကြုံတိုင်း   မားမားမတ်မတ် ရပ်တည်ခဲ့ရသည်ချည်း ဖြစ်သည်။

တပ်မတော်သည် နိုင်ငံ့တာဝန်ယူရချိန်တိုင်း အကောင်းဆုံး၊ အတိုးတက်ဆုံး ဖြစ်အောင် လုပ်ဆောင်ပေးခဲ့သည်။ ထိုအောင်မြင်သော လုပ်ဆောင်မှုများအပေါ်   မနာလိုဝန်တိုစိတ်ဖြင့်   စီးပွားရေး ပိတ်ဆို့ခိုင်းခြင်း၊ ငြိမ်းချမ်းရေးကို အဆောတလျင် လက်မှတ်မထိုးရန် ဟန့်တားခြင်းတို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု နှောင့်နှေးနေခြင်းဖြစ်သည်။

ဤအဖြစ်အပျက်များသည် ဖြစ်ရပ်မှန်များသာဖြစ်သည်။ လူငယ်မောင်မယ်တို့ သိစေချင်ပါသည်။

အထူးသဖြင့် တရားမျှတသော Debate ပွဲမျိုး ကျင်းပပြီး လူငယ်မောင်မယ်တို့ ပါဝင်ဆွေးနွေး စေချင်ပါသည်။

လွန်ခဲ့သည့်ငါးနှစ်က ကျင်းပသည့် Debate လို တစ်ဖက်သတ်လိုရာ ဆွေးနွေးငြင်းခုံခြင်းမျိုး မဟုတ်ဘဲ အချက်အလက် မှန်မှန်ကန်ကန် ဆွေးနွေးကာ အသိအမြင်မှားနေသော လူငယ်များကို လမ်းကြောင်းမှန်သို့ ပို့ဆောင်ပေးစေချင်ပါသည်။ ယနေ့ဆုံးရှုံးနေသော အကြမ်းဖက်လူငယ်များ၊ မိသားစုများသည်လည်း မြန်မာနိုင်ငံသားများ ဖြစ်ပေရာ သူတို့သည်သာ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အမှန်၊ တပ်မတော်၏ လုပ်ဆောင်ချက် အမှန်တို့ကို သိမြင်ထားကြလျှင် ဤနည်းဤပုံဖြစ်လာမည် မဟုတ်ဟုထင်ပါသည်။ လူငယ်တို့၏ အနာဂတ်များ ဆုံးရှုံးသွားအောင် ဘယ်သူတွေက လုပ်ဆောင်ခဲ့သလဲဆိုသော အဖြေမှန်ကို သိစေချင်သည်။

ယနေ့လူငယ်များအကြောင်းကို အဓိကရေးလိုက်သည်မှာ အကြမ်းဖက် PDF အမည်ဖြင့် ဘဝဆုံးနေသူများ အမြင်မှန်ရစေလိုခြင်း ဖြစ်သည်။ ယောကျ်ားလေးများ ဖြစ်လျက်နဲ့ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းဖျက်နေချိန်တွင် အမျိုးသမီးများဖြစ်လျက်နဲ့ တပ်မတော်တွင် အမှုထမ်းကာ နိုင်ငံတော် ကာကွယ်ရေး၊ တိုးတက်သာယာရေး ကြိုးပမ်းနေသူများ ရှိသည်။ အောက်တိုဘာ ၈ ရက်နေ့က ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈) စစ်လက်ရုံး ရွေးချယ်ပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်စိစစ်ရွေးချယ် ပေးသောသတင်း တွေ့မြင်ရသည်။ ထိုအမျိုးသမီးတို့သည်  အများစုမှာ ဘွဲ့နှစ်ဘွဲ့ ရထားသူများဖြစ်သည်။ လူငယ်မောင်မယ်တို့ သိစေချင်သည်မှာ သင်သည် ယောက်ျားတစ်ယောက်ဖြစ်လျက် အမျိုးသမီး တစ်ယောက်လောက်မျှ တန်ဖိုးရှိသော ဘဝကို  ပိုင်ဆိုင်အောင် မကြိုးစားနိုင်ဘူးလားဟု မေးလိုက်ချင်ပါသည်။  ။