ခင်ဦးမြို့နယ်၌ သမန်းနှိုး ပေါင်းထိုးကိရိယာထုတ်လုပ်ဖြန့်ဖြူး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အောင်ချမ်းသာရပ် ဇော်လယ်ယာသုံး ပစ္စည်းရောင်းဝယ်ရေးက တောင်သူများအတွက် စိုက်ပျိုးရေးသုံး သမန်းနှိုး၊ ပေါင်းထိုး ကိရိယာကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။ သမန်းနှိုး၊ ပေါင်းထိုး ကိရိယာကို စိုက်ပျိုးရေးသုတေသနမှ ထုတ်လုပ်ထားသော ပေါင်းထိုးကိရိယာကို အခြေခံ၍ ထုတ်လုပ်ထားပြီး သမန်းနှိုး၊ ပေါင်းထိုး ကိရိယာရှေ့ဘက်ရှိ လှေခွက်မှာ သမန်း၏ အနိမ့် အမြင့်ကို ညှိပေးပြီး ဆူးလုံးကွင်းက မြေကိုနှိုးဆွကာ နောက်ဘက်ရှိ ဓားကွင်းစက်တုံးက ပေါင်းမြက်ကို ဖြတ်ပေးခြင်းဖြစ်ကြောင်း၊ ယခုထုတ်လုပ်ထားသည့်ကိရိယာကို စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနများက အလက်ရေ ၆၀၀ ကျော် မှာယူထားကြောင်း၊ တောင်သူများကလည်း အလက် ၇၀၀ ကျော်မှာယူထားရှိကြောင်း၊  သမန်းနှိုး၊ ပေါင်းထိုးကိရိယာကို တောင်သူများစိုက်ပျိုးထားသည့် ပင်ကြားတန်းကြားပေါ် မူတည်၍ လေးမျိုး ထုတ်လုပ်ထားကြောင်း ကိရိယာထုတ်လုပ်သူ ဦးခင်မောင်ဇော်က ပြောသည်။

ခင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပေးစင်တာအလိုက် မိုးစပါးစိုက်ပျိုးထားသော တောင်သူများအတွက် သမန်းနှိုး၊ ပေါင်းထိုးကိရိယာ အလက် ၂၀ ကို ပေးပို့ထားပြီး တောင်သူများကို အလှည့်ကျငှားရမ်းပေးထားကြောင်း၊ ၎င်းကိရိယာကို အသုံးမပြုမီ တစ်ရက်ကြိုတင်ရေသွင်းထားပြီး စိုက်ခင်းအနေအထားကြည့်ပြီးအနည်းဆုံး နှစ်ကြိမ်မှ လေးကြိမ်အထိ ကိရိယာကို သုံးစွဲနိုင်ကြောင်း၊  သမန်းနှိုး၊ ပေါင်းထိုးကိရိယာကို အသုံးပြုခြင်း ဖြင့် ပေါင်းမြက်နှိမ်နင်းနိုင်ပြီး မြေဆီလွှာအတွင်း ပြန်လည် နှစ်မြှုပ်ထည့်သွင်း ပေးခြင်းဖြင့် အာဟာရဓာတ်များ ပြန်လည် ဖြည့်တင်းပေးခြင်း၊ သီးနှံပင်အမြစ်များ လေဝင်လေထွက် ကောင်းမွန်ခြင်း၊ အပင်ပွားစည်းမှုများခြင်းကြောင့် သီးနှံအထွက်နှုန်းများပြီး ပိုးမွှားရောဂါများ ကိုလည်း ကြိုတင်ကာကွယ်ခြင်းစသည့်   အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)