ဆန်းကြယ်တောက်ပ အင်းလေးဒေသ ပို၍လှပလာတော့မည်

အင်းလေးကန်အကြောင်း စဉ်းစားမိလေတိုင်း လွန်ခဲ့သော နှစ်ပေါင်းမြောက်မြားစွာက ကျောင်းသုံး စာအုပ်တွင် ပါရှိသောကဗျာတစ်ပုဒ်ကို သတိရမိသည်။ အင်းလေးကန်ရှိ လုပ်သားကြီးများ ခေါင်းစဉ်ဖြင့် နွေနှောင်းကာလ မိုးဦးကျတွင် အင်းခွင်တစ်လွှားမှာ ခြံလုပ်သားတို့အကြောင်း၊ ရေပြင်မှာသွားလာကာ ပိုက်ကွန်ကိုဖြန့်ပြီး ငါးရှာဖွေရသည့် ရေလုပ်သားတို့အကြောင်း၊ ငါးတစ်ပိဿာ သုံးကျပ်ရကြောင်း၊ ထို့အတူ ပန်းထိမ်၊ ပန်းပဲ ထုလုပ်ကြသူ လုပ်သားတို့အနေဖြင့် ဘော်၊ ငွေ၊ ကြေးနှင့် ရွှေထည်မကျန် လက်ရာကောင်းကောင်းနှင့် ထုလုပ်ကြကြောင်း ဖွဲ့ဆိုထားသည်။   စာရေးသူမှာ  မောင်ရွှေနွယ်(အင်းလေး) ဖြစ်ပေရာ  အင်းလေးအကြောင်းမှာ စုံလင်လှသည်။

အမျိုးသား၊ အမျိုးသမီးများအနေဖြင့် အင်းလေးဒေသထွက် ပိုးပုဆိုးနှင့်ချိတ်ထဘီတို့ကို လူကြိုက် များသည်။ အင်းလေးဒေသရှိ တိုင်းရင်းသားတို့သည် အလုပ်ကိုယ်စီလုပ်ကိုင်ကြသည်။ ကဗျာဆရာက အင်းလေးဒေသရှိ လှပျိုဖြူတို့၏ လုပ်ငန်းခွင်အကြောင်းကိုလည်း “ကညာပျိုလေး၊ ချိုတေးသံ လွင်လွင်၊ ရွာစဉ်တဲတန်း၊ ရက်ကန်း ခတ်သံရွှင်၊ လှိုက်လှဲခေါ်ငင်၊ ကြည်ရွှင်မနော၊ ပိုးစစ်ချည်ထယ် (ထည်)၊ အသွယ်သွယ်၊ ရှုဖွယ်သာတင့် မောသည်နှင့်လေး။ ပြန်ပြောသမျှ သတင်းမွှေးပျံ့ကာ သစ်ရော့မည်။ ကမ္ဘောဇမှ အင်းလေးကန်သာဖြစ်တော့သည်” ဟူ၍ တျာချင်းရေးနည်းဖြင့် ဖွဲ့ဆိုထား ပေသည်။

မှိုင်းညို့ညို့တောင်တန်းများ ဝန်းရံလျက်ရှိသော ရှုမောဖွယ်ကန်ရေပြင်၊ သန့်ရှင်းလတ်ဆတ်သော လေပြည် လေညင်းနှင့် အေးချမ်းသော သဘာဝပတ်ဝန်းကျင်၊ ရေပေါ်တွင် အိမ်ဆောက် နေထိုင်ကြသော အင်းသားတို့၏ လူနေမှုနှင့် လှေကိုလက်ဖြင့်မလှော်၊ ခြေဖြင့်လှော်သော အင်းသားတို့၏ ဓလေ့၊ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သော အင်းလေးဖောင်တော်ဦး ဘုရား ဗုဒ္ဓပူဇနိယပွဲတော်စသည်တို့မှာ အင်းလေးကန်၏အကြောင်း အချက်များဖြစ်သည်။ အင်းလေးကန်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်း၌တည်ရှိသည်။

အင်းလေးဒေသရှိ အင်းလေးကန်သည် မြန်မာနိုင်ငံသာမက ကမ္ဘာတွင်ပါ ကျော်ကြားသည့် ကန်ကြီး တစ်ခုဖြစ်သည်။ ပြည်တွင်းပြည်ပဧည့်သည်များ၊ ဘုရားဖူးများ အခါမလပ်လာရောက်ခြင်းကြောင့် အင်းလေးဒေသ၏ လူနေမှုစီးပွားဘဝများမှာ တိုးတက်လျက်ရှိပေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် အင်းလေးဒေသသို့ရောက်ရှိစဉ် ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အင်းလေးကန်၏ ဧရိယာအကျယ်အဝန်းသည် ဗေဒါ၊ ဒိုက်၊ နုန်းအနည်အနှစ်များနှင့် အမှိုက်စွန့်ပစ်မှုများကြောင့် ယခင်ထက်ဧရိယာ ပိုမိုကျဉ်းမြောင်းလာပြီး ရေလျော့နည်းလာသည့် အခြေအနေများနှင့် အင်းလေးကန် ရေရှည်တည်တံ့ပြီး စိမ်းလန်းစိုပြည်ရေးအတွက် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ပေသည်။

ဒေသခံများကလည်း ဒေသအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဒေသခံများ၏ တင်ပြချက်များနှင့် အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်အရ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ဒိုက်နှင့်ဗေဒါရှင်းစက်   Aquatic Weed Harvester နှစ်စီးကို လှူဒါန်းခဲ့ပြီး  အဆိုပါယာဉ်နှစ်စီးသည်  စက်တင်ဘာပထမပတ်တွင် အင်းလေးဒေသသို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၈ ရက်တွင် ယာဉ်များအား အင်းလေးကန်အတွင်း စမ်းသပ်မောင်းနှင် ၍ အမှိုက်၊ ဒိုက်နှင့် ဗေဒါများကို စတင်ရှင်းလင်းလျက်ရှိသည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က အင်းလေးကန်အတွက် ဒိုက်၊ ဗေဒါရှင်းစက်များနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို တာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်သည်။ Aquatic Weed Harvester တစ်ခုလျှင် ငွေကျပ်သိန်း ၂၄၆၀ တန်ဖိုးရှိသည်။

တပ်မတော်အနေဖြင့်  အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်များ   ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  ဖန်ပေါင်းချောင် စေတီလှူဒါန်းခြင်း၊ ရင်ပြင်တော်အပြည့် နေပူခံကျောက်ပြားများ လှူဒါန်းပူဇော်ခြင်း၊ အင်းလေးဒေသအတွင်း ရိုးရာလှေလှော်ပြိုင်ပွဲ များပြုလုပ်၍ ကမ္ဘာလှည့်ခရီးသွားများကို ရိုးရာဓလေ့များ ပြသနိုင်ရန်နှင့် မျိုးဆက်သစ် လူငယ်လူရွယ်များအား လက်ဆင့်ကမ်း အမွေပေး ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် အင်းသားရိုးရာ ပြိုင်လှေများလှူဒါန်းပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထားလျက်ရှိရာ ဆန်းကြယ်တောက်ပ အင်းလေးဒေသ ပို၍လှပလာတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။