အယ်ဒီတာ့အာဘော် (၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၂  ရက်) အသက် ၁၂ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၂  ရက်)

အသက် ၁၂ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရေး

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို  အရှိန်အဟုန်မပြတ် နေ့စဉ်လုပ်ဆောင် လျက်ရှိသည်။ ပြည်ပမှဝယ်ယူရရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေး များ၊ အချို့သော နိုင်ငံများမှ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုလည်း အချိန်မဆိုင်းဘဲ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တပ်မတော် လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့်မြန်မာ့လေကြောင်းလိုင်းမှလေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိ သည်။

အောက်တိုဘာ ၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ ၁၄၀၁၃၅၃၀ ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေဖြင့်လည်း ဓာတ်ခွဲနမူနာများ စစ်ဆေးချက် အရေအတွက်အလိုက် ရာခိုင်နှုန်းမှာ ယခင်ကထက်များစွာလျော့နည်းလာနေ သော်လည်း မိဘပြည်သူများအနေဖြင့် ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိစဉ် ဆက်မပြတ်ရှိနေရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကို မြန်မာနိုင်ငံအတွင်းမှ ကွယ်ပျောက်သွားရေးမှာ ပြည်သူတစ်ဦးချင်းက ကိုယ်စီအသိ၊ သတိနှင့်လိုက်နာ ပြုမူကျင့်ကြံရန်လိုအပ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ယခုနှစ်ကုန်တွင် အသက် ၁၈ နှစ်အထက် လူဦးရေ၏ ထက်ဝက်ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးရေးဆောင်ရွက်လျက်ရှိသည်။ ရောဂါတစ်ခုကို မဖြစ်ခင်ကကြိုတင်ကာကွယ်ထားနိုင်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ရောဂါ တစ်ခုဖြစ်လာလျှင် ကိုယ်ဆင်းရဲစိတ်ဆင်းရဲနှင့်စိုးရိမ်ပူပန်ဖြစ်မှုကို လူတိုင်းကြုံ တွေ့နေကြရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ ကျန်းမာရေးအတွက် လိုအပ်ချက်မှန်သမျှဖြည့်ဆည်းပေးနေသည်မှာ လက်တွေ့မြင် နေရသောအရာများဖြစ်သည်။ လက်ရှိအခြေအနေတွင် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးမည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကလေးများတွင်လည်း ကိုဗစ်ရောဂါကူးစက် နိုင်ကြောင်း၊ ကလေးများတွင် သဘာဝဇီဝဖြစ်စဉ်ကိုယ်ခံအားစနစ် ကကောင်းစွာဖွံ့ဖြိုးပြီး ရောဂါပိုးကို တိုက်ထုတ်နိုင်စွမ်းရှိသဖြင့် ကလေးများမှာ လူကြီးများလောက် ရောဂါလက္ခဏာပြင်းထန်စွာမခံစားရကြောင်း၊ သို့သော် ကလေးများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ပါလျှင် အဝလွန်သောကလေးများ၊ ဆီးချို ရှိသူ၊ ပန်းနာရင်ကျပ်ရှိသူ၊ အဆုတ်မကောင်းသူ၊ သွေးထဲတွင် သွေးနီဥပုံပျက် နေသောရောဂါရှိသူ၊ ကိုယ်ခံအား ကျဆင်းသူ စသည့်ကလေးများတွင် သာမန်ကလေး များထက် အန္တရာယ်ပိုရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် ကလေးသူငယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ယခုအခါ အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည်ကာလ အလွန်တွင် စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်အောင်ဆောင် ရွက်လျက်ရှိ သည်။ ကျောင်းများပြန်လည်ဖွင့်လှစ်လျှင် ကလေးများစိတ်အေး ချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ မိဘဆရာများအနေဖြင့် ပူပန်သောကကင်းဝေးရေး အတွက် အသက် ၁၂  နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ ၌ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အလယ်တန်းနှင့် အထက်တန်း အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင် “ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ ဥက္ကဋ္ဌက မူလတန်း၊ အလယ်တန်း နှင့်အထက်တန်းကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူခွင့်တစ်နှစ် ဆုံးရှုံးမှုမရှိစေရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြောင်း သို့ရာတွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ကူးစက်ပြန့်ပွားမှု  သည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံကိုပါ ကူးစက်မှုများ ပြားလာသည့်အတွက် စာသင်ကျောင်းများကိုပြန်လည်၍ ယာယီပိတ်ခဲ့ရကြောင်း၊ ယခုအခါ ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်းသည် ယခင်ကလောက်မပြင်းထန်တော့ဘဲ ပိုးကူးစက်မှု ရာခိုင်နှုန်းသည် နေ့စဉ်စစ်ဆေးသည့်ပမာဏ၏ ၈ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည့် အတွက် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ်တစ်နှစ်နစ်နာမှုမရှိစေရေး အမြန်ဆုံးကျောင်းပြန်လည် တက်ရောက်နိုင်ရန် စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရေး  အသေးစိတ်အစီအမံများဆွေးနွေးခဲ့ကြသည်။

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးတွင် ကျောင်းသား၊ကျောင်းသူများ၊ မိဘများ၊ ဆရာများအနေဖြင့် တက်ကြွစွာပူးပေါင်းပါဝင်ဆောင် ရွက်ကြပါရန် မြဝတီက တိုက်တွန်းလိုက်ရပေသည်။   ။