လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၃  ရက်)

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ မည်မျှပင်ပေါကြွယ်ဝ စေကာမူ လူသားအရင်းအမြစ်ကြွယ်ဝမှု မရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပါ။ နိုင်ငံတိုင်းမိမိနိုင်ငံရှိ  လူသားအရင်းအမြစ် ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ်လူငယ်များကို ဘက်ပေါင်းစုံတွင်ထူးချွန်ထက်မြက်  အောင်ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။

မြန်မာနိုင်ငံတွင်လည်း လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးလျက်ရှိပါသည်။ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီး ပုံဖော်ကြမည့်မျိုးဆက်သစ်များဖြစ်ကြသည်။ မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင် တော်နေတတ်နေသိနေဖို့လိုပေသည်။ လူငယ်များကိုယ်တိုင် ကြိုးစားရမည်ဖြစ်သလို လူကြီးများကလည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။ ပညာဆိုသည်မှာ ဘောင် အကန့်အသတ်မရှိ၊ နက်ရှိုင်းကျယ်ပြန့်လှသည်။ မိမိ၏ကာယ၊ ဉာဏစွမ်းအား အပေါ်မူတည်ပြီး ထူးချွန်ထက်မြက်မည်သာဖြစ်သည်။ ပညာတတ်မြောက်ချင်း တူလျှင်သော်မှ စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေသူက အမြဲသာလွန်နေပေ လိမ့်မည်။

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ်တည်ဆောက်ရာတွင် အသိပညာ တစ်ခုတည်းဖြင့် တည်ဆောက်၍မရနိုင်သကဲ့သို့ အတတ်ပညာတစ်ခုတည်းနှင့်လည်း တည်ဆောက်၍မရနိုင်ပေ။ အသိပညာ နှင့်အတတ်ပညာနှစ်မျိုးပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ် ကျွမ်းကျင်တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်လူ့ဘောင် အဖွဲ့အစည်းကို တည်ဆောက်နိုင်ပေမည်။ အသိပညာကိုအခြေခံပြီး လက်တွေ့ နယ်ပယ်တွင် အတတ်ပညာရှင်အဖြစ် အများအကျိုးကိုဖော်ဆောင်ပေးနိုင်အောင် ယနေ့လူငယ်တိုင်းကြိုးစားသင့်လှပေသည်။ အသိပညာအတတ်ပညာများအတွက် အကောင်းဆုံးမိတ်ဆွေမှာ စာကောင်းပေမွန်များဖတ်ရှုခြင်း ဖြစ်သည်။ အလိမ္မာစာမှာရှိသည်ဆိုသည့်အတိုင်း အကျိုးရှိသည့်စာများကို များများဖတ်ကြရမည် သာဖြစ် သည်။ ဖတ်ရုံသာမက မှတ်လည်းမှတ်ရပေမည်။ယနေ့လူငယ်အချို့သည် အတုမြင်လျှင် အတတ်သင်တတ်ကြသည်။ အရာရာကို စူးစမ်းလိုကြသည်။ ကောင်းသောနေရာတွင် အတုယူသည်မှာ ကောင်းသည့်ကိစ္စဖြစ်သည်။ မကောင်းသော အရာတွင် စူးစမ်းလျှင်ကား မကောင်းသောကိစ္စဖြစ်လာမည်။ မကောင်းသည့်အရာ အရက်ကလေးတစ်ခွက်လောက်၊ မူးယစ် ဆေးဝါးလေးတစ်ပြားလောက်စူးစမ်းမိလျှင် ကား မိမိဘဝ၏ တိုးတက်မှုကိုဖျက်ဆီးနင်းခြေပစ်လိုက်သည်နှင့်တူပေသည်။ အတုယူ လွဲမှားခြင်းမရှိအောင်ပြုမူနေထိုင်သင့်လှပေသည်။ အပေါင်းကြောင့် ဂုဏ်ပျက်၊ အပေါင်း ကြောင့် ဂုဏ်တက်ဆိုစကားကဲ့သို့ မိမိဂုဏ်တက်စေမည့်အပေါင်းအသင်းမျိုးကိုသာ ပေါင်းသင်းသင့်ပေသည်။

ယနေ့ခေတ်သည် နည်းပညာအမျိုးမျိုး၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် ပညာရေး နယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အတုယူလွဲမှားစေသောအရာများ တွေ့မြင် နေကြရသည်။ ယနေ့လူငယ်များဆောင်ရွက်သမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက် ကြီးပွားရေးအတွက်သာဖြစ်သင့်သည်။ လူငယ်တိုင်းစိတ်ဓာတ်ခိုင်မာရမည်။ မိမိနိုင်ငံ၏ ကြီးမားသည့်ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းကြောင်းများကိုလည်း ထဲထဲဝင်ဝင် လေ့လာသိရှိထားသင့်သည်။ ပြီးခဲ့သည့်ငါးနှစ်ကာလအတွင်း နိုင်ငံ့တာဝန်ယူခဲ့သော အစိုးရတစ်ရပ်သည် အမျိုးဘာသာ၊ သာသနာ၊ မျိုးချစ်စိတ်ဓာတ်ဟုဆိုလိုက်သည်နှင့် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာကွက်ကွက်ကလေးကိုသာမြင်လေ့ရှိသည်။ အမှန်စင်စစ် အမျိုးဘာသာသာသနာမျိုးချစ်စိတ်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံတိုင်းတွင် ရှိနေသော စိတ်ဓာတ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် မျိုးချစ်စိတ်ဓာတ်မရှိသောနိုင်ငံနှင့်လူမျိုး၊ ၎င်းင်းတို့ကိုးကွယ် သောသာသနာကို ဦးစားမပေးသောနိုင်ငံနှင့်လူမျိုးဟူ၍ တစ်နိုင်ငံမျှ မရှိသေးပါ။ ရှိလိမ့်မည်လည်းမဟုတ်ပါ။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များကို တိုင်းပြည်နှင့်လူမျိုးကို ချစ်တတ်သောစိတ်၊ မိမိတို့ကိုးကွယ် သောဘာသာတရားကို မြတ်နိုးတန်ဖိုးထားသော စိတ်များရှိနေရန်လိုအပ်ပေသည်။

နိုင်ငံတော်တစ်ရပ်  စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာပြုစု ပျိုးထောင်ပေးခြင်းဖြစ်သည်။ အနာဂတ်တွင်အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာကြမည့်လူငယ်အပေါင်းတို့သည် မိမိတို့အတွက် အသိပညာအတတ်ပညာများတိုးတက်သည်ထက်တိုးတက်အောင်ရှာဖွေဖြည့်ဆည်းနေကြရမည်ဖြစ်သကဲ့သို့ တိုင်းပြည်နှင့်လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာသာသနာကို တန်ဖိုးထားသောစိတ်ဓာတ်များကိုလည်း မွေးမြူရမည်ဖြစ်သည်။ သူများထက်ပိုတော်စေချင်လျှင် သူများထက်ပိုကြိုးစားရမည်မှာ အမှန်တရားဖြစ်သည်။ လူငယ်မှန်သမျှသည်အနာဂတ်ကာလတွင် လူရွယ်များအဖြစ်၊ ထိုမှတစ်ဆင့်လူကြီးများအဖြစ် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ကြရ မည်ဖြစ်ပေသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသားအားလုံး၏  အမျိုးသားရေးကိစ္စတစ်ရပ်ဖြစ်ပေရာ လူငယ်မောင်မယ် တိုင်း ကြိုးစားလုပ် ဆောင်ကြပါရန် ရေးသားလိုက်ရပေသည်။   ။