အယ်ဒီတာ့အာဘော် (၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၅  ရက်) လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၅  ရက်)

လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းလာနေပြီဖြစ်သောကြောင့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။ အသက် ၁၂ နှစ်နှင့်အထက်အလယ်တန်းနှင့်အထက်တန်းကျောင်းသား၊ ကျောင်းသူများ ကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနံှပေးလျက်ရှိနေသည်။

နေပြည်တော်တွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတို့မှ ထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်း ပေါင်း ၄၉၆ ကျောင်းရှိသည်။  ထိုကျောင်းများရှိအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၈၃၉၆၉ ဦးထိုးနှံပေးလျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျောင်းများအားလုံးတွင်လည်း အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

လက်ရှိအခြေအနေတွင် ပြည်သူများပူးပေါင်းပါဝင်လိုက်နာမှုများကြောင့် မြန်မာနိုင်ငံ အတွင်း ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ ၇ ရာခိုင်နှုန်းသို့ကျဆင်းလာပြီဖြစ်သည်။ ထို့ထက်ပိုမို၍ ကျဆင်းလာရေးအတွက် ယခုထက်ပိုမို၍ ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြုမူလုပ်ဆောင်သင့်လှပေသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ တွင် လိုအပ် ချက်မရှိအောင်ဖြည့်ဆည်း ပေးလျက်ရှိသည်။ အောက်ဆီဂျင်လိုအပ်မှု မရှိစေရေး အောက်ဆီဂျင်စက်ရုံများ ကို လိုအပ်သည့်နေရာတိုင်းတွင် ဖွင့်လှစ်ပေးခဲ့ ပြီဖြစ်သည်။ ဆေးဝါးဈေးနှုန်းများကြီးမြင့်ကာ ဈေးကွက်ကို လိုသလိုခြယ်လှယ် နေသော စီးပွားရေးသမားများကိုလည်း ထိန်းချုပ်ထားပြီးဖြစ်သည်။ ရောဂါအတွက်  ကာကွယ်ဆေးများကို ပြည်ပမှ ဝယ်ယူခြင်း၊ ပြည်ပမှလှူဒါန်းခြင်းတို့ကြောင့် နေရာ ဒေသတိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အချိန်နှင့်တစ်ပြေးညီ ထိုးနှံပေးနေပြီ ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲက ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ လူ့အသက်ထက် အရေးကြီး တာဘာမှမရှိ ဟူ၍ လမ်းညွှန်မှုပြုထားသည့်အတိုင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍လည်းကောင်း၊  အခြားသော ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်၍လည်းကောင်း လိုအပ်ချက်မရှိအောင် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုနှင့်ပတ်သက်၍ အသက်အုပ်စုအလိုက်ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အကျဉ်းထောင်/အချုပ် ထောင်မှ အကျဉ်းသားများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ  တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ရွှေ့ပြောင်းအုပ်စုများနှင့် ယာယီ စခန်းများမှာ ရောက်ရှိနေသူများ၊  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများစသဖြင့် ဦးတည်အုပ်စု ၂၄ ခုသတ်မှတ်ပြီး  ဦးစားပေးအစီအစဉ်များ အလိုက် ကာကွယ်ဆေးထိုးနှံခြင်းစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ်မှာစနစ်တကျ ထည့်သွင်းပြီး ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။   မည်သူတစ်ဦးတစ်ယောက် မျှမကျန်ရှိ စေရေးနှင့် လူမျိုး၊   ကိုးကွယ်သည့်ဘာသာ၊ ကျားမ၊ လူမှုစီးပွားအဆင့် အတန်း၊ နိုင်ငံရေးနှီးနွှယ်မှုအရခွဲခြား ခြင်းမပြုဘဲ ထိုးနှံပေးနေခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း ထိုးနှံပြီးကြောင်း QR code ပါရှိသော လက်မှတ်များ ထုတ်ပေးလျက်ရှိပါသည်။

နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များကို  အစွဲကင်းကင်းနှင့်မြင်အောင်ကြည့်မည် ဆိုလျှင်ထင်ရှားစွာမြင်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ကိုဗစ်-၁၉ ထိုးနှံရန် အကျုံးဝင်သော လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးစီးရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံကို ဘယ်သူတွေ၊ ဘယ်နိုင်ငံတွေက ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လျှော့ချသွားမည်မဟုတ်ပါ။ ရည်မှန်းချက် ကိုအောင်မြင်စွာလုပ်ဆောင်ရန်သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်နေပါသည်။ ကာကွယ်ဆေးထိုးနှံရန်ဆေးများကို  မိတ်ဆွေနိုင်ငံများမှ  ပံ့ပိုးပေးလျက် ရှိပြီးထပ်မံ ပံ့ပိုးပေးရန် သဘောတူညီချက်ရရှိပြီးလည်းဖြစ်ပါသည်။

ယခုအခါ အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး ထိုးခြင်းလုပ်ဆောင်လျက်ရှိရာ မိဘများ၊ ဆရာများအနေဖြင့် မိမိတို့၏သားသမီးများ၊ တပည့်များပညာရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါသည်။ ကာကွယ်ဆေးကို ယုံကြည်စိတ်ချစွာထိုးနှံကြပါရန်နှင့် ကာကွယ်ဆေး ထိုးနှံထားမှုမရှိခြင်းကြောင့် ရောဂါဖြစ်ပွားလာခဲ့လျှင် နစ်နာဆုံးရှုံးမှုရှိမည်မှာ မိမိတို့၏ သားသမီးတပည့်များသာဖြစ်ပါကြောင်း အသိပေးရေးသားလိုက်ရပေသည်။  ။