သီတင်းကျွတ်နှင့် ယဉ်ကျေးမှုဓလေ့ကောင်း

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၀  ရက်)

သီတင်းကျွတ်နှင့် ယဉ်ကျေးမှုဓလေ့ကောင်း

မြန်မာအဘိဓာန်တွင်ဖော်ပြထားသော ဆယ့်နှစ်ရာသီအရုပ်၊ ပွဲ၊ ပန်း၊ နက္ခတ်ပြဇယားတွင် သီတင်းကျွတ်သည် ရာသီအားဖြင့် တူရာသီ၊ ရာသီရုပ်မှာ ချိန်ခွင်ကိုင်ယောကျ်ား၊ ရာသီပွဲမှာ မီးမြင်းမိုရ်ပွဲ၊ ရာသီပန်းမှာကြာဖြစ်ပြီး စန်းယှဉ်နက္ခတ်မှာ အသဝနီဖြစ်သည်။ ပုဂံခေတ်က သီတင်းကျွတ်လကို သန်တူလ ဟူ၍ခေါ်သည်။ သန်သည် “ကောက်၊ စပါး”၊ တူသည် “ထောင်မတ်သည်” ဟု အဓိပ္ပာယ်ရသည်။ ကောက်စပါးပင်များပေါက်ပွားထွက်ကာ ထောင်မတ်လာသောလဟုဆိုလိုပါသည်။ သီတင်းကျွတ်ဟူသော အသုံးကို လအမည်အဖြစ် အင်းဝခေတ်တွင်မှသုံးကြောင်း၊ သတင်းဟုရေးလေ့ရှိကြောင်းလည်းသိရှိရသည်။ ရဟန်းတော်များ သီတင်း သီလဆောက်တည်ကျင့်သုံးသည့် ကာလကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်ဟု ခေါ်ခြင်းဖြစ်သည်။

သီတင်းကျွတ်လဆိုသည်နှင့် ဆီမီးရောင်ရှိန် ထိန်ဝါလင်း သီတင်းကျွတ်တော့မည် ဆိုသောသီချင်းသံနှင့်အတူ ထိန်ထိန်လင်းအောင် ထွန်းညှိပူဇော်သည့် မီးထွန်းပွဲတော်ကို သတိရတတ်ကြပါသည်။ ဂေါတမဘုရားရှင်သည် ခုနစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူ၍ မယ်တော်သန္တုသိတနတ်သား အမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောတော်မူပြီးနောက် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူပါသည်။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသုံးသွယ်ကို ဖန်ဆင်းပေးသည်။  ယင်းစောင်းတန်းသုံးသွယ်တို့၏အခြေသည်  သင်္ကဿမြို့ တံခါးတွင် တည်ကုန်သည်။ စောင်းတန်းဦးမှာ မြင်းမိုရ်တောင်ထိပ်၌ တည်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့သက်ဆင်းမည့်အခါ မြင်းမိုရ်တောင်ထိပ်တွင် ရပ်တော်မူကာ ရေမီး အစုံစုံ တန်ခိုးပြာဋိဟာပြတော်မူပြီး ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူသည်။ နတ်အပေါင်းက လက်ယာဘက် ရွှေစောင်း တန်းဖြင့်လိုက်ပါသက်ဆင်းလာကြသည်။ ဗြဟ္မာကြီးများက လက်ဝဲဘက်ငွေစောင်းတန်းဖြင့် သက်ဆင်းလာကြသည်။ လူ့ပြည်သို့ အရောက် စောင်းတန်းဦး၌ ဘုရားရှင်လက်ယာခြေတော်ကိုချမိလျှင် ဘုရားရှင်ကို တပည့်ကြီး ရှင်သာရိပုတ္တရာမထေရ်သည် ရှေးဦးစွာ ရှိခိုးပူဇော်သည်။ ထို့နောက်မှ ကျန်သောပရိသတ်တို့ မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြသည်။

မြန်မာတို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် တာဝတိံသာမှဆင်းသက်တော်မူခဲ့သည်ကို အကြောင်းပြု၍ “တာဝတိံသာပွဲတော်” ဟုလည်း ကောင်း၊ တာဝတိံသာနတ်ပြည်တည်ရှိရာမြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြုပြီး “မီးမြင်းမိုရ်” ဟူ၍ လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်သည် အနယ်နယ်အရပ်ရပ်တွင် လွန်စွာစည်ကားသော ပွဲတော်တစ်ခုဖြစ်ခဲ့သည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းတော်များနှင့်သာ ဆိုင်သောပွဲတော်မှာ ပဝါရဏာပွဲတော်ဖြစ်သည်။ မိမိတို့ဝါဆိုကြသော ကျောင်းတိုက်နှင့်သိမ်၌ ပွဲတော်ကို နှစ်စဉ်ကျင်းပမြဲဖြစ်သည်။

ပဝါရဏာဟူသောပါဠိမှာ “ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း” ဟုအဓိပ္ပာယ်ရသည်။ ရဟန်းတော်အချင်းချင်း အပြန် အလှန်ဖိတ်ကြားသည် (ဝါ) တိုက်တွန်းတောင်းပန်သောပွဲဖြစ်သည်။ ရဟန်းတော် အချင်းချင်း အပြန်အလှန် ဖိတ်ကြားတိုက်တွန်း သောပွဲကို မြတ်စွာဘုရားသက်တော် ထင်ရှားရှိစဉ်ကပင်ရှိခဲ့သည်။ တစ်ပါးသောပုဂ္ဂိုလ်ပေါ်တွင်ဖြစ်စေ၊ မိမိအပေါ်တွင်ဖြစ်စေ တရားတော်နှင့်မလျော်ညီ၊ ဖီလာဖြစ်မှုများရှိခဲ့သော် အချင်းချင်းစုပေါင်းဝေဖန်ကြသောပွဲ၊ သုံးသပ်ကြသည့်ပွဲ၊ အမှားကိုပြုပြင် အမှန်ကို ဝန်ခံကြသော ပွဲပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ပဝါရဏာပွဲတော်သည် သူတစ်ပါးတို့၏ ဝေဖန်ရေးကို အနူးအညွတ်ဖိတ်ခေါ် သောပွဲဖြစ်သည်။ သံဃာတော်အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ပုဂ္ဂိုလ်သန့်စင်ရေးတရားများကို ရယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၂၅၀၀ ကျော်တည်တံ့အောင် ထိန်းသိမ်းနိုင်ခဲ့သည်။

သီတင်းကျွတ်လျှင် သံဃာတော်များက ဘုရားရှင်အား ဖူးမြော်ကန်တော့သည့်အစဉ်အလာတစ်ခုရှိသည်။ အရပ်တစ်ပါးပါးတွင် ဝါကပ်ဆိုကြရသည့်တိုင် သီတင်းကျွတ်လျှင် ဘုရားရှင်ရှေ့မှောက်သို့ အရောက်လာကာ ဘုရားရှင်အားဖူးမြော်ကန်တော့လေ့ရှိသည်။ ဗုဒ္ဓဘာသာဝင်မြန်မာတို့သည် ထိုဓလေ့ထုံးစံကို မျက်မှောက်ခေတ်အထိ လိုက်နာကြပြီး သီတင်းကျွတ်သည့်အခါတိုင်း ရွာဦး ကျောင်းဘုန်းတော်ကြီးအားလည်းကောင်း၊ နှစ်ဖက်မိဘဘိုးဘွားများအားလည်းကောင်း၊ ဆရာသမားများအားလည်းကောင်း၊ နှစ်ဖက် ဆွေမျိုးများထဲမှ သက်ကြီးဝါကြီးများအားလည်းကောင်း၊ ရပ်ကွက်မြို့ရွာများရှိ သက်ကြီးရွယ်အိုများအားလည်းကောင်း မုန့်၊ မျက်နှာ သုတ်ပဝါ၊ ဝတ်စုံစသောပစ္စည်းဝတ္ထုများဖြင့် အသီးသီး ပူဇော်ကန်တော့လေ့ရှိသည်။ လောကအကြောင်းအနေဖြင့် ကြည့်လျှင် သက်ကြီး ရွယ်အိုများထံမှ အဖိုးတန်သော ဆုံးမစကားများကို နာကြားရခြင်း၊ ပညာရှိသူတော်ကောင်းများ၏ ချီးမွမ်းမှုကိုခံရခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ ယဉ်ကျေးသူများဟု အသိအမှတ်ပြုခံရခြင်းစသော အကျိုးတရားများရရှိနိုင်သည်။ ဓမ္မကြောင်းရှုထောင့်မှ ကြည့်လျှင်ပူဇာစ ပူဇနေယျာနမင်္ဂလာ၊ ဒါနမင်္ဂလာ၊ ဂါရဝမင်္ဂလာ၊ နိဝါတမင်္ဂလာ၊ ကတညုတာမင်္ဂလာ၊ သောဝစဿတာ မင်္ဂလာတရားတော်များဖြင့် အကျိုးထူးများကို ခံစားနိုင်ကြောင်း ဘုရားရှင်ဟောကြားထားပါသည်။

သီတင်းကျွတ်အခါသမယသည် မြန်မာတို့အတွက် အစဉ်အလာဓလေ့ကောင်းအဖြစ် ယဉ်ကျေးမှုနယ်ပယ်တွင် အစဉ်ရှိနေမည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။