လက်တွဲချစ်ကြည်တို့တိုင်းပြည်

လက်တွဲချစ်ကြည်တို့တိုင်းပြည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၁  ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်းတွင် ''ကျွန်တော်တို့ ရည်မှန်းဆောင်ရွက်တဲ့ နေရာမှာ တိုင်းပြည်သာယာဝပြောရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့နိုင်ငံ ပြည်ထောင်စုစစ်စစ် ဖြစ်လာရေးတို့ အတွက်ဖြစ်ပါတယ်။  ဒါ့ကြောင့်  အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်တစ်ခု ပြောင်းလဲစေချင်တဲ့ ဆန္ဒရှိပါတယ်။  ကျွန်တော်တို့အနေနဲ့  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်အုပ်စုများဖြစ်တဲ့ CRPH ၊ NUG  တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်တဲ့အတွက်ကြောင့် ပြစ်ဒဏ်ကျမှု ခံရသူများနဲ့ အမှုစစ်ဆေးဆဲသူများမှ သင့်လျော်သူများကို  လာမယ့် သီတင်းကျွတ်အခါသမယမှာ စိတ်အေးချမ်းမြေ့စွာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း'' ပြောကြားပြီး လက်တွေ့ ဆောင်ရွက်ပေးခဲ့သည်။

မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များတွင် နှစ်သစ်ကူး သင်္ကြန်အခါသမယနှင့် သီတင်းကျွတ်ပွဲတို့သည် အထွတ်အမြတ်ထားရာ ပွဲများဖြစ်သည်။ ဘုရားတရား သံဃာရတနာမြတ်သုံးပါးကို လှူဒါန်းပူဇော်ခြင်း၊မိဘ၊ ဆရာများ၊ သက်ကြီးရွယ်ကြီးများအား ကန်တော့ခြင်းများကိုမူ အစဉ်အမြဲပြုလုပ်လေ့ရှိကြသည်။

အထူးသဖြင့် သီတင်းကျွတ်အခါသမယတွင် မိမိတို့၏ မိဘဘိုးဘွားများ၊ ဆရာသမားများကို တပည့်သားသမီးမြေးများက တတ်နိုင်သော ဂါရဝပစ္စည်းများဖြင့် ကိုယ်ထိလက်ရောက် ကန်တော့ကြသည်။ ချစ်စရာကောင်းသော မြန်မာ့ရိုးရာ အစဉ်အလာ ဓလေ့ကောင်းတစ်ခုဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန် အတွက်လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင်စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/ အကျဉ်းသူ  ၁၃၁၆ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ထို့ပြင် တရားစွဲဆိုခြင်း ခံနေရသူ ၄၃၂ဝ ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းပေးခြင်း၊ အနုပညာရှင် ၂၄ ဦးနှင့် လူမှုကွန်ရက်တွင် လူသိများသူ ၁ဝ ဦးတို့အား အရေးယူခဲ့မှုများကိုလည်း ပိတ်သိမ်းခြင်းများ ပြုခဲ့သည်။

လူဆိုသည်မှာ တစ်ကြိမ်တစ်ခါတော့ မှားတတ်ကြပါသည်။ ထိုအမှားကို အမှားမှန်းသိကာပြုပြင်၍ မိမိတို့ ဘဝတိုးတက် ကောင်းမွန်ရေးကို ကြိုးစားကြရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို စွဲလမ်းမှုကင်းရှင်းစွာ၊ အစွန်းရောက်မှု ကင်းရှင်းစွာကြည့်မြင်မည်ဆိုလျှင် အမှန်ကိုမြင်တွေ့ ပါလိမ့်မည်။ ထင်ရှားသော အကြောင်းအရာ ဖြစ်ရပ်မှန်များ မြင်နေပါလျက် မြင်အောင်မကြည့်သောအခါ အမှန်ကိုမမြင်နိုင်ဘဲ မိမိမြင်သိသမျှကို အမှန်ဟု ထင်မှတ်မှားနေတတ်သည်။ ဥပမာအားဖြင့် လက်တွေ့သာဓက ပြရပါလျှင် မည်သည့်နိုင်ငံတွင်မှမရှိသော နိုင်ငံခြားသား ၉ဝ ကျော်ကို မိမိ၏ ပြည်တွင်းရေးတွင် စွက်ဖက်ခွင့်ပြုထားမှု၊ ဒီမိုကရေစီအစိုးရဟု အမည်ခံထားလျက် လူမှုကွန်ရက်ကို သန်းပေါင်း ၆၄၂၄ ကျော်အကုန်အကျခံကာ ထိန်းချုပ်ထားမှု၊ အမျိုးဘာသာသာသနာကို ဖိနှိပ်ထားမှုတို့သည် ထင်ရှားသော အချက်များဖြစ်သည်။

တခြားမြင်သာမှုမရှိသော အကြောင်းအချက်များကို မဖော်ပြတော့ပါ။ ထို့ထက်ပိုမိုသော လုပ်ဆောင်မှုသည်ကား ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲမသမာမှုကြီးမားစွာ ပြုလုပ်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့သော ရှက်ဖွယ်ကောင်းသော မရိုးသားမှုများမှာ တိုင်းပြည်အတွက် အရုပ်ဆိုး အကျည်းတန်သောဖြစ်စဉ်ဖြစ်သည်။

ထိုဖြစ်စဉ်ကို ပြည်တွင်းပြည်ပသိရှိအောင် အသေးစိတ် သေသေချာချာ ချပြရှင်းလင်းခဲ့ပြီးဖြစ်သည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ မဲမသမာမှုမရှိကြောင်း ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။ ၁၁-၃-၂ဝ၂၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့၏ (၂/၂ဝ၂၁) သတင်းစာ ရှင်းလင်းပွဲတွင် ယခင် UEC အဖွဲ့ဝင် ဦးသန်းဌေး၏ ပြောကြားချက်ကို ထုတ်လွှင့်ပြသခဲ့သည်။ ထိုစဉ်က ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ခွင့်မရဘဲ နိုင်ငံတော်သမ္မတ၏ ကွပ်ကွဲမှုအောက်တွင်ဆောင်ရွက်ခဲ့ရကြောင်းပြောဆိုထားသည်။ အစွန်းရောက် ထောက်ခံနေသူများ အနေဖြင့် အထက်တွင် ပြောခဲ့သလိုစွဲလမ်းမှု ကင်းရှင်းစွာ၊ အစွန်းရောက်မှု ကင်းရှင်းစွာကြည့်ပါက အမှန်ကိုမြင်ပါသည်။

ကျွန်ုပ်တို့အားလုံးသည် မြန်မာနိုင်ငံသားများသာ ဖြစ်ကြရာ စိတ်ဆိုးစိတ်ကောက် ကြမည်ဆိုလျှင်လည်း တစ်ခဏသာဖြစ်သည်။ အားလုံးသည် နိုင်ငံနှင့်လူမျိုးကို ချစ်ကြသူများချည်း ဖြစ်ကြမည်ဟု ယုံကြည်မိသည်။

လွဲမှားသော အစွဲအလမ်းတစ်ခုကြောင့် စိတ်ဝမ်းကွဲခြင်း မဖြစ်ကြဘဲ နိုင်ငံတော် တိုးတက်သာယာ ဖွံ့ဖြိုးရေးအတွက် ချစ်ကြည်စွာ လက်တွဲပူးပေါင်းကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။   ။