အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၂  ရက်)

မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူတို့၏ ရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သောနိုင်ငံ ပြည်ထောင်စု စစ်စစ်ဖြစ်လာရေးပင်ဖြစ်သည်။ လက်ရှိကျင့်သုံးနေသောစနစ်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်သည်။ မြန်မာနိုင်ငံသည်အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်၍ တက်<ကပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးလျက်ရှိသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)တွင်လည်း အာဆီယံပဋိညာဉ် စာတမ်း အတိုင်းလိုက်နာပြီး သူတစ်ပါး၏ ပြည်တွင်းရေးကို မည်သည့်အခါမျှစွက်ဖက်ခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်(TCA) ကို ၁၉၉၅ ခုနှစ် (၂၈) ကြိမ်မြောက် အာဆီယံဝန်ကြီး အဆင့် အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၇ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့သည်။

(TCA) သည် ဒေသတွင်းနိုင်ငံများအကြားဆက်ဆံရေးတွင်လိုက်နာရမည့်အဓိကစည်းမျဉ်းတစ်ရပ်ဖြစ်သည်။ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအတွက် (TCA) ကိုဆက်လက်ကျင့်သုံးသဖြင့်အဖွဲ့ဝင်နိုင်ငံများအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ကိုတိုးမြင့်စေပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုကြီးမားစွာ ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အစိုးရ၊ လွှတ်တော်နှင့် UEC တို့က ထိုမဲမသမာမှုကို ပြေလည် အောင်ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ခဲ့သည်။ ပုဒ်မ၄၁၉ အရ နိုင်ငံတော်အာဏာလွှဲအပ်ခြင်းခံရသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပေါ်ပေါက်လာခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင်ပြုလုပ်သည့်အာဆီယံထိပ်သီးအစည်းအဝေးသို့ ကိုယ်တိုင်တက် ရောက်ခဲ့ သည်။ ထိုထိပ်သီးအစည်းအဝေးတွင် မူအားဖြင့်ဘုံသဘောတူညီချက် (၅) ခုရရှိခဲ့သည်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ် တာဝန်ပေးရန်အတွက် အခက်အခဲအမျိုးမျိုးနှင့် ဆွေးနွေးပြီးနောက် သြဂုတ်လ ၄ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး (၂) ကို သဘောတူခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် သဘောတူညီချက်ကို မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့်အာဆီယံ Charter များနှင့်အညီ ဆောင်ရွက်သွားမည်ဟူ၍ ဖော်ပြခဲ့သည်။

ဘုံသဘောတူညီချက် (၅) ချက်ထဲက ပထမအချက်သည် အကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန်နှင့် အားလုံးက ထိန်းသိမ်း ကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံးဆောင်ရွက်ကြရန်ဖြစ်သည်။ ဧပြီလကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့ အဖြစ် ထုတ်ပြန်ကြေညာထားသော CRPH နှင့် NUG တို့၏လှုံ့ဆော်မှု၊ EAO အချို့၏ ပါဝင်ပတ်သက်မှုအားပေးမှုများနှင့် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာဖြစ်ပေါ်လာခဲ့သည်။ အကြမ်းဖက် လုယက်သတ်ဖြတ်ဖျက်ဆီးနေမှုကို မည်သူမှအလေးအနက်ထား ဟန့်တားထိန်းသိမ်းမှုပြုလုပ်ခြင်းမရှိခဲ့ပေ။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၈ ရက်နေ့ ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်းတွင် “အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စား လှယ်အဖြစ် မြန်မာနိုင်ငံလာရောက်ရေးကိစ္စမှာလည်း အဆိုပြုတောင်းဆိုချက်များ အမျိုးမျိုးဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေရဆဲဖြစ်ပါတယ်၊ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်၊ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့အမိန့်နဲ့ဥပဒေများမှအပ ပိုင်းခြားဆောင်ရွက်မှုအတိုင်း လုပ်ကြရတာ ဖြစ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နေတယ်ဆိုတာ ကြေညာထားပြီး ဖြစ်ပါတယ်။ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းပြီး မရနိုင်တာတွေရှိပါတယ်၊ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟူ၍ပြောကြား ခဲ့ပါသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံသည် အာဆီယံနှင့်ပတ်သက်လာလျှင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွား မည်ဖြစ်ရာ အာဆီယံထိပ်သီး အစည်းအဝေးနှင့် အာဆီယံအပေါင်း အစည်းအဝေးများကိုလည်း အာဆီယံ၏အခြေခံမူများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်းရေးသားလိုက်ရပေသည်။  ။