နိုင်ငံနှင့်လူမျိုး ဂုဏ်ရှိန်တိုးအောင်

 

နိုင်ငံနှင့်လူမျိုး ဂုဏ်ရှိန်တိုးအောင်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၃  ရက်)

မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာကြည့်မိလေတိုင်း တွေ့မြင်ရသည်မှာ အနော်ရထာမင်း လက်ထက် ပထမ မြန်မာနိုင်ငံတော်သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအင်အား တောင့်တင်းခဲ့ခြင်းကြောင့် လူမှုရေးတွင်ပြည်သူတို့ ချမ်းသာကြွယ်ဝကာ ဘာသာရေးကို စိတ်အေးချမ်းသာစွာ လုပ်ဆောင်နိုင်ခဲ့ကြသည်။ ယနေ့တိုင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပုဂံဘုရားပုထိုး စေတီများက သက်သေပြလျက်ရှိသည်။ အနော်ရထာမင်းမြတ်၏ စစ်သူကြီးလေးဦးတို့သည် မြန်မာလူငယ်တို့အတွက် အားကျအတုယူဖွယ်ဖြစ်ခဲ့သည်။ ယနေ့တိုင် အနော်ရထာမင်းမြတ်၏ ပုဂံခေတ်ကို ပထမမြန်မာ နိုင်ငံတော်အဖြစ် သမိုင်းမော်ကွန်းတင်ထားသည်။ ပထမမြန်မာနိုင်ငံသည် နရသီဟပတေ့မင်း လက်ထက်တွင် ပြိုကွဲသွားခဲ့သည်။ နိုင်ငံတစ်နိုင်ငံ ပြိုကွဲရခြင်း၏ အဓိက အကြောင်းရင်းမှာ ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာမှု မရှိခြင်းကြောင့်ပင်ဖြစ်သည်။

ဘုရင့်နောင်လက်ထက် မြန်မာနိုင်ငံကို    ဒုတိယမြန်မာနိုင်ငံတော် ဟူ၍ မော်ကွန်းတင်ထားသည်။

တစုတစည်းတည်းသော နိုင်ငံတော်ကို တည်ဆောက်နိုင်ခဲ့ပြီး ပတ်ဝန်းကျင် နိုင်ငံများအထိ သြဇာအာဏာ သက်ရောက်ခဲ့သည်။ ကာကွယ်ရေးအင်အား တောင့်တင်းခဲ့သည်။ စီးပွားရေး ကောင်းမွန်ခဲ့သည်။ ဘုရင့်နောင်သည် နိုင်ငံတော်ကို စနစ်တကျစည်းစည်းလုံးလုံး တည်ဆောက်ပေးထားခဲ့သော်လည်း သားတော်နန္ဒဘုရင်လက်ထက်တွင် ပြိုကွဲမှုစတင်ခဲ့သည်။ ဘုရင့်နောင်၏ အခြားသားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမင်းသားက အင်းဝမင်းဆက်ကို တည်ထောင်ကာ နိုင်ငံတော်ကို ထိန်းသိမ်းထားနိုင်ခဲ့၍သာ ဒုတိယမြန်မာနိုင်ငံတော်သည် လုံးဝပြိုကွဲသွားခြင်းမျိုး မဖြစ်ခဲ့ပေ။ ဒုတိယမြန်မာနိုင်ငံတော်သည် မဟာဓမ္မရာဇာဓိပတိ လက်ထက်တွင် ပြိုကွဲသွားခဲ့သည်။

အလောင်းမင်းတရားသည် နန်းစံသက် ရှစ်နှစ်မျှသာရှိခဲ့သော်လည်း သူ့ခေတ်သူ့ကာလက မြန်မာနိုင်ငံကို တစုတစည်းတည်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ တတိယမြန်မာ နိုင်ငံတော်အဖြစ် သမိုင်းမော်ကွန်းတင်ထားသည်။ စစ်ကိုနိုင်အောင် တိုက်ကာ တိုင်းပြည်ကို စည်းရုံးခဲ့သည်။ သူ၏ သားတော်များသည်လည်း တိုက်ပွဲ အတွေ့အကြုံရှိသူများဖြစ်သည်။ အလောင်းမင်းတရား၏ သားတော်များ လက်ထက်တွင် မြန်မာနိုင်ငံသည် ပြည်ပစွက်ဖက်နှောင့်ယှက်မှု ကင်းခဲ့သည်။ သားတော်များ နောက်ပိုင်း အုပ်ချုပ်သောမင်းများ လက်ထက်တွင် ပြည်ပကျူးကျော်မှုနှင့် ရင်ဆိုင်ရပြီး နောက်ဆုံးတွင် မြန်မာတို့ လွတ်လပ်ရေး ဆုံးရှုံးသွားခဲ့ရသည်။ တတိယမြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်မှာ သီပေါမင်းဖြစ်သည်။

နိုင်ငံတော်တစ်ရပ် ပြိုကွဲသွားခြင်း၊ လွတ်လပ်ရေး ဆုံးရှုံးသွားရခြင်း ဖြစ်ရပ်များတွင် အဓိကအားဖြင့် တွေ့ရသည်မှာ ကာကွယ်ရေး အင်အားဖြစ်သည်။ ဘက်ပေါင်းစုံ ညံ့ဖျင်း၍ဟုဆိုနိုင်သော်လည်း မြန်မာနိုင်ငံသည် ထိုအချိန်က ခေတ်မီအင်အား တောင့်တင်းသော တပ်မတော်တစ်ရပ်သာ ရှိနေပါက သမိုင်းတွင် နာကြည်းဖွယ် ကောင်းသည့်ဖြစ်ရပ်မျိုး ရှိလာမည်မဟုတ်ပေ။ ယနေ့ ၂၁ ရာစုခေတ်တွင် နည်းပညာများ မြင့်မားလာခြင်းနှင့်အတူ ထိုနည်းပညာကို အမီလိုက်နိုင်အောင်လည်း ကြိုးစားကြရမည်ဖြစ်သည်။ မိမိနိုင်ငံကို မိမိတို့ ကာကွယ်နိုင်ဖို့ နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းက ကြိုးပမ်းနေကြသည်။ မြန်မာနိုင်ငံရှိ တပ်မတော်သည်လည်း မိမိနိုင်ငံကို စွမ်းအားပြည့် ကာကွယ်နိုင်ရန် ကြိုးစား လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁ ရက်နေ့က တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားတွင်''တပ်မတော်သည် စတင်သန္ဓေတည် ပေါက်ဖွားလာကတည်းကပင် စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုကောင်းသည့် တပ်မတော်တစ်ရပ်ဖြစ်ပြီး စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်သည့် အတွက်တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာ၌ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး အမြဲတမ်း တိုက်ပွဲဝင်အသင့်(Fit for fight, Ready for fight) ဖြစ်နေရန် လိုအပ်မည်ဖြစ်ကြောင်း'' ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သားတို့၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် လေ့ကျင့်နေကြရသည်။ တပ်မတော်သားတို့သည် လက်ရုံးရည် ပြည့်စုံစေရေးအတွက် လေ့ကျင့်နေရသလို နှလုံးရည် ပြည့်ဝစေရေး အတွက်လည်း စာအုပ်စာပေဗဟုသုတများကို လေ့လာမှတ်သားလျက်ရှိကြသည်။ အထူးသဖြင့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့၏ မျိုးချစ်စိတ်အမွေကိုခံယူလျက် နိုင်ငံနှင့်လူမျိုး ဂုဏ်ရှိန်တိုးအောင် ကာကွယ် စောင့်ရှောက်လျက် ရှိပါကြောင်း ရေးသား လိုက်ရပေသည်။   ။