လူအများသတိမထားမိသော လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်

မိမိတို့ပတ်ဝန်းကျင်တွင်ရှိသော အများသုံးပစ္စည်းများဖြစ်ကြသည့် မီးခလုတ်များ၊ တံခါးလက်ကိုင် ဘုများ၊ ဓာတ်လှေကား အတွင်း၊ အပြင်ခလုတ်များ၊ ကွန်ပျူတာလက်ကွက်များ၊ လှေကားလက်တန်း (လက်ရန်း)များ၊ တီဗွီရီမုခ်များ၊ ရေခဲသေတ္တာ တံခါးလက်ကိုင်များနှင့်  ငွေကြေးစက္ကူများ စသည်တို့မှ ကူးစက်ရောဂါ ဗိုင်းရပ်ပိုးမွှားအန္တရာယ် ဖြစ်စေနိုင်သည်ကို ကျန်းမာရေးအသိအမြင်ရှိသူတိုင်း သိထားကြပြီးဖြစ်သည်။

လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်သို့သော် “သတိမမူ ဂူမမြင်” ဆိုသကဲ့သို့ မိမိနှင့် လက်ပွန်း တတီးတွင်ရှိနေသော လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်ကို လူတိုင်းနီးပါး သတိမထားမိတတ် ကြပေ။ ကျန်းမာရေးသုတေသီများ၏ လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ  လက်ကိုင်ဖုန်း (ဟန်းဖုန်း) နှင့် တယ်လီဖုန်းများပေါ်ရှိ ဗက်တီးရီးယားပိုးမွှားများသည် မိလ္လာထိုင်ခုံထက် ၁၈ ဆမျှ ပိုများကြောင်းတွေ့ရှိရသည်။

ထို့ကြောင့် မကြာခဏလက်ဆေးခြင်းအပြင် လက်ကိုင်ဖုန်းကို မကြာခဏသန့်ရှင်းရေးလုပ်ခြင်းက လည်း ပိုးမွှားများနှင့် ထိတွေ့နိုင်မှုအလားအလာကို လျှော့ချပေးနိုင်ပါလိမ့်မည်။ ယနေ့ခေတ်အခါတွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းသုံးစွဲလာကြပြီး မိမိ၏ တစ်နေ့တာကာလအတွင်း နံနက်အိပ်ရာထချိန်မှ သည် ညအိပ်ရာဝင်သည်အထိ (ပထမဦးဆုံးနှင့် နောက်ဆုံး) တွေ့ထိရသော အရာဝတ္ထုပစ္စည်း ဖြစ်သည်။ လူ့ခန္ဓာကိုယ်တစ်ခုလုံး၏ အညစ်ပေဆုံးနေရာသည် လက်ဖဝါးဖြစ်သည် (လက်ဖဝါး နှစ်ဖက်ဟုဆိုရာ၌ ဘယ်ညာ လက်ဆယ်ချောင်းလုံး အကျုံးဝင်ပါသည်)။ ထိုအခါ မိမိလက်နှင့် ထိတွေ့မှုအများဆုံးဖြစ်သည့် သင့်ဖုန်း တွင် ဗက်တီးရီးယားများ ပေါက်ပွားရှင်သန်နေကြသည်။

ဖုန်းမျက်နှာပြင်မှ စေးကပ်မှုနှင့် အခြားအော်ဂဲနစ် ပစ္စည်းများ၏ ဘေးပယောဂကြောင့်အပြင်၊ ဖုန်း၏ ပူနွေးမှုကြောင့်လည်း ပိုးမွှားများပေါက်ပွားရန် လွယ်ကူသည်။ ထို့ကြောင့် ဖုန်းတစ်လုံးတွင် မိလ္လာထိုင်ခုံထက် ပိုးမွှား ၁၈ ဆမျှ ပိုများကြောင်းကို သုတေသီများက သတိပေးအကြံပြုထား ရခြင်းဖြစ်သည်။ ယနေ့ကမ္ဘာကို ခြောက်လှန့်နေသော လတ်တလော COVID-19 ရောဂါဖြစ်ပေါ် နေချိန်၌ ဖုန်းသန့်ရှင်းမှုကို လျစ်လျူမရှုသင့်ပေ။   ၎င်းဗိုင်းရပ်သည်   သတ္တု၊ ဖန်သားပြင်၊ မှန်နှင့် ကြွေပြားများပေါ်တွင် ရှင်သန်နေနိုင်ပြီး မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်ဒေသတွင် ပျမ်းမျှသုံးရက်ခန့် ရှင်သန်နေနိုင်သည်။ အလူမီနီယံပေါ်၌ ထို့ထက်အတန်ငယ် လျော့ပါးသက်တမ်းရှိနိုင်သည်ဟုလည်း  သုတေသီများက သုံးသပ်ထားကြသည်။

လက်ကိုင်ဖုန်း သန့်စင်နည်း သင့်ကျန်းမာရေးအတွက် လက်ကိုင်ဖုန်းကို သန့်ရှင်းရေးလုပ်ဖို့လိုပါပြီ။ လက်သန့်စင်ဆေးရည်သည် အယ်ကိုဟော ၇၀ ရာခိုင်နှုန်း(အနည်းဆုံး ၆၀ ရာခိုင် နှုန်း) ပါဝင်နေသဖြင့် ပိုးမွှားကိုသုတ်သင်ရန် အကောင်းဆုံးဆေးရည်ဖြစ်သည်။ သို့သော် အယ်ကိုဟော ဓာတ်က ဖုန်းမျက်နှာပြင်ပေါ်မှ ဆီကျခြင်း၊  ရေစိုခြင်းတို့ကို  ခံနိုင်ရည်ရှိအောင်သာ လုပ်ထားသော အကာအကွယ် Coating (အကြည်လွှာ)ကို တိုက်စားသွားနိုင်သော အန္တရာယ်ရှိသည်။ ထို့ကြောင့် အယ်ကိုဟောပါသော ဆေးရည်တစ်ဆနှင့် ရေတစ်ဆရောကာ (ဆေးရည်နှင့် ရေဆတူရော၍) နူးညံ့သောအဝတ်တွင် ဆွတ်၍ ဖုန်းကိုသန့်ရှင်းရေးလုပ်ခြင်းသည် ဘေးထွက်ဆိုးကျိုးမရှိဘဲ ပိုးသတ်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။

နောက်တစ်နည်းမှာ Phone Soap ခေါ် Device တစ်ခုရှိပြီး  ၎င်းမှာ  ဖုန်းကိုအားသွင်းထားစဉ်  ခရမ်းလွန်ရောင်ခြည်သုံး၍  ဖုန်းကို ပိုးသတ်ပေးသော ပစ္စည်းဖြစ်သည်။ (သို့သော် ၎င်းပစ္စည်းသည် အထက်တွင် ဖော်ပြထားသောနည်းထက် ငွေကြေးကုန်ကျမှုများသည်။)

သို့ပါ၍ ယခုလို COVID-19 ရောဂါ စိုးရိမ်ရသော အခြေအနေတွင် လူထူထပ်သော နေရာများသို့ မဖြစ် မနေသွားရသောအခါ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ထားခြင်း၊ မကြာခဏလက်ဆေးခြင်း၊ အိပ်ရေး၀၀ အိပ်စက်ခြင်း၊ တစ်ကိုယ်ရေသန့်စင်ခြင်း၊ အာဟာရတန်ဖိုးမြင့် အစားအစာများစားသုံးခြင်း စသည်ဖြင့် မလုံလောက်နိုင်သေးဘဲ လက်ကိုင်ဖုန်းများကိုလည်း သန့်စင်ပေးကြစေလိုကြောင်း     အကြံပြုလိုက်ရပါသည်။  ။

ပေါက်ပေါက်