လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ(၁၂၁)

မေး။   ။ ဆရာကြီးရှင့်။ အရင်တုန်းကဈေးမှာရောင်းတဲ့ ဆင်တုံးမနွယ်အပိုင်းလေးတစ်ခုကို ဝယ်လာ ခဲ့ဖူးပါတယ်။ အသုံးမရှိဘဲ ခြောက်သွေ့သွားလို့အပြင်ကို လွှင့်ပစ်လိုက်မိတာ အခုမိုးတွင်းရောက် လာတော့ ခြံစည်းရိုးနားမှာ အတက်တွေထွက်ပြီး နွယ်တက်နေတဲ့အပင်တွေ့ရလို့ သွားကြည့်မိတော့ ပစ်လိုက်မိတဲ့ ဆင်တုံးမနွယ်ပင်က ရှင်သန်ပေါက်ရောက်နေတာကို တွေ့ရပါတယ်။ ကျွန်မတို့ သူ့အရွက်ကိုခူးပြီး အတို့အမြှုပ် လုပ်စားတော့လေသက်ပါတယ်။ ဆီးချိုရောဂါရှိတဲ့ ဦးလေးကြီး တစ်ယောက်က တောင်းလို့ အရွက်ကလေးများ ခူးပေးလိုက်ပါတယ်။ သူကလည်းဆီးချိုတက်တာ သက်သာတယ်လို့ပြောပါတယ်။ ဆင်တုံးမနွယ်အရွက်ကိုစားရင် ဘယ်လိုရောဂါတွေအတွက် ကောင်း ပါသလဲရှင့်။ ရေရှည်စားသုံးလို့ရောဖြစ်ပါ သလားသိလိုပါတယ်ရှင့်။ ဖြေကြားပေးပါဆရာ။

ဖြေ။    ။ “မသေဆင်တုံးမနွယ်” ဆိုတဲ့စကားရှိပါတယ်။ ဆင်တုံးမနွယ်က နွယ်ပင်ဖြစ် ပါတယ်။ အလွန်လည်းဆေးဖက်ဝင်ပါတယ်။  ထိုနွယ်ပင်ကို  အပိုင်းပိုင်းဖြတ်ပြီး ပြန်စိုက်ရင်လည်း အပိုင်းတိုင်း က အတက်ထွက်လာပြီး အပင်ပေါက်နိုင်ပါတယ်။ ခါးတဲ့အရသာရှိလို့ ဆေးဖော်တာကလွဲပြီး ဟင်းသီးဟင်းရွက် အနေနဲ့တော့ စားသုံးလေ့မရှိကြပါဘူး။ အချို့ကတော့ အကြောလေလျှောက်ဖို့ လေနိုင်ဖို့အတွက် ဆင်တုံးမနွယ်ရွက်ကို နှစ်ရွက်သုံးရွက်ထက် မပိုဘဲစားသုံးလေ့ရှိကြပါတယ်။ အထူးသဖြင့်တော့ ထုံကျဉ်ရောဂါရှိတဲ့ သူတွေ၊ လေငန်းလေဖြတ်ရောဂါ ဝေဒနာခံစားနေရသူတွေ၊ သက်ကြီးရွယ်အိုဖြစ်ပြီး အကြောအခြင်အား နည်းတဲ့သူတွေအတွက် အသုံးဝင်ပါတယ်။ ဆင်တုံးမနွယ်ဟာ အဖြူမျိုး၊ အဝါမျိုး၊ အနက် မျိုးဆိုပြီး သုံးမျိုးရှိပါတယ်။ အပင်သရုပ်အားဖြင့် နွယ်ပင်မျိုးဖြစ်ပါတယ်။ အရည်ရွှမ်းပြီးအခေါက်က မီးခိုးနုရောင်ရှိပြီး ဖော့သားကဲ့သို့ဖြစ်ပါတယ်။ ပင်စည် အကိုင်းအခက်များက လေးထောင့်ပုံစံရှိပြီး မြောင်းပါတယ်။ အသီးကအညှာမရှိဘဲ အဝါရောင်အသီးများ သီးလေ့ရှိပါတယ်။ ဆီးသီးခန့်အသီးများအပြွတ်လိုက် သီးပြီးတပေါင်း၊ တန်ခူးလမှာ အသီးမှည့်ပါတယ်။

ဆင်တုံးမနွယ်ကို  ရုက္ခဗေဒအမည်အားဖြင့် (Tinospora cordifolia Miers) လို့ခေါ်ပါတယ်။ မျိုးရင်း ကတော့ (Menispermaceae) ဖြစ်ပါတယ်။ အင်္ဂလိပ်အမည်အားဖြင့် (Heart Leaved Moon Seed) လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံအနှံ့ စိမ့်စမ်းပေါသော တောတောင်ကြီးများတွင် သဘာဝအလျောက် ပေါက်ရောက်ပါတယ်။ အသုံးပြုပုံအားဖြင့် အသီး၊ အရွက်၊ အရိုး၊ ပင်စည်ပဥ္စငါးပါးလုံးဆေးဖက်ဝင် ပါတယ်။ မြန်မာဆေးကျမ်းများအလိုအရတော့  ဆင်တုံးမနွယ်သည် ပူ၊ စပ်၊ ခါး၊  ဖန်သောအရသာ ရှိ၏။ ခွန်အားကိုပြုတတ်၏။ အသက်ရှည်စေ၏။ သွေး ကိုငြိမ်းစေ၏။ ဝမ်းမီးကိုတောက်စေ၏။ အစာကြေခြင်းကိုဖြစ်စေ၏။ အဖျားအနာ၊ ဆီးရောဂါအမျိုးမျိုးကို နိုင်သည်ဟုဆိုသည်။ သက်ကြီး ရွယ်အိုများအတွက် ရောဂါစုံကာကွယ်စေနိုင်သဖြင့် “အသက်ကြီးလျှင် ဆင်စီးပါ” ဟုဆိုစကား ရှိပါသည်။

စာရေးသူ၏ကိုယ်တွေ့အားဖြင့်  မန္တလေးမြို့အရှေ့မြောက်အရပ်ရှိ ခမောက်တောင်ပေါ်တွင် ဘုန်းကြီးကျောင်းငယ်တစ်ခုရှိပြီး ထိုကျောင်းတွင် တစ်ပါးတည်း သီတင်းသုံးသောသက်တော် ၈၀ ကျော် ၉၀ ခန့်ရှိသည့် ဆရာတော်ကြီးသည်ဆေးဝါးအဖြစ် ဆင်တုံးမနွယ်ကို  ခပ်ပါးပါးလှီးနေလှန်း ထားပြီး ခြောက်သွေ့သောအခါ သင်္ကြန်တာအိုးအရွယ်ရှိသည့် မြေအိုးငယ်ကလေးများတွင်ထည့်ပြီး ထန်းလျက်အမည်း  ခုနစ်ခဲခန့်ရောထည့်ကာရေဖြည့်ပြီး  အိုးအဝကို သင်္ကန်းဟောင်းများဖြင့် ပိတ်စည်းထားသည်။ ထိုအိုး ကလေးများကို နေပူတွင်ပြထားပြီး  ခုနစ်ရက်ခန့်ကြာသောအခါ  ထိုအိုးထဲမှ ဆင်တုံးမနွယ်ထန်းလျက် စိမ်ထားသောအရည်ကို ညအိပ်ရာဝင်ခါနီးအခါတိုင်း သောက်သုံးပေးသည်ဟုဆိုသည်။  ဆရာတော်၏ ခြေသလုံးနှင့် အကြောအခြင်များ တောင့်တင်း သန်မာလျက်ရှိသည်ကို တွေ့ရှိရပြီး နေ့စဉ်တောင်အောက်သို့ ဆင်း၍ဆွမ်းခံပြီးတောင်ပေါ်သို့ ခြေကျင်ပြန်တက်ကာ ဆွမ်းဘုဉ်းပေးပြီး တစ်ပါးတည်း တရားအားထုတ်လျက်ရှိသည်ကို  လွန်ခဲ့သော  ၁၅  နှစ်ခန့်က  တွေ့ခဲ့ဖူးပါသည်။

ဆေးဖက်ဝင်ပုံများကတော့ (ပဥ္စပါးပါး)

၁။   ဆင်တုံးမနွယ်ကို သုံးခွက်တစ်ခွက်တင်ပြုတ် သောက်ပါကအဆိပ်များပြေပျောက်စေ၏။

၂။ ဆင်တုံးမနွယ်ကိုမြင်းခွာရွက်နှင့်ရော၍ ပြုတ်ပြီး သောက်သော်နှလုံးတုန်ခြင်း၊ စိတ်ချောက်ချား ခြင်းကို ပျောက်ကင်းစေနိုင်သည်။

၃။ ဆင်တုံးမနွယ်ရွက်ကိုလောက် သေရွက်၊ အုန်းနှဲရွက်၊ သင်္ဘောမဲဇလီရွက်၊ ကုန်းထိကရုန်း         ရွက်တို့နှင့်ရောစပ်ပြီး လက်ဖက်ရည်အဖန်ကဲ့သို့ ပြုတ်သောက်ပါက အသက်ရှည်၍အနာ     ကင်းစေနိုင်သည်။

၄။ ဆင်တုံးမနွယ်ကိုလေရောဂါ၊ သည်းခြေရောဂါ၊ ဆီးရောဂါ၊ မီးယပ်ရောဂါ၊ နားကိုက်၊ သလိပ်      ပွနာ၊ နာတာရှည်အဆစ်ရောင်ရောဂါတို့ အတွက်လည်းဆေးအဖြစ် ဖော်စပ်သုံးသည်။

၅။     ဆင်တုံးမနွယ် လေးခွက်တစ်ခွက်တင်ပြုတ်ရည်        ကိုသောက်ခြင်းဖြင့် နာတာရှည် အဆစ်ရောင်ရောဂါ ပျောက်ကင်းနိုင်သည်။

၆။  ဆင်တုံးမနွယ်ကို အရည်ညှစ်ယူ၍ကြက်သီး နွေးမျှပြုတ်ပြီးနား၌ဆေးကြောပေးပါက နားကိုက်ရောဂါ ပျောက်ကင်းနိုင်သည်။

၇။   ကျွဲ၊ နွား၊ ဆင်၊ မြင်းတို့တွင် ဝမ်းချုပ်လေချုပ်ရောဂါဖြစ်ပါက  ဆင်တုံးမနွယ်ကိုစဉ်းပြီးအစာ တွင်ရော ကျွေးပါက ဝမ်းလေကောင်း၍ ရောဂါကင်းပြီးဝဖြိုးစေသည်။  တိရစ္ဆာန်ဆေးအဖြစ်လည်း သုံးစွဲနိုင်သည်။

၈။  ဆင်တုံးမနွယ်ကိုအခြောက်လှန်း၍ အမှုန့်ကြိတ် ပြီးပျားရည်နှင့်တေစားလျှင် လေဖြတ်ခြင်း ရောဂါမှ ကာကွယ်နိုင်သည်။

၉။  ဆင်တုံးမနွယ်အမှုန့်ကို  ရှောက်သီးအရည်၊ ပျားရည်တို့နှင့်ရောစပ်ပြီးလည်း အစာကြေ လေသက်ဆေးအဖြစ် အသုံးပြုနိုင်သည်။

မေး။   ။မင်္ဂလာပါဆရာ။ ကျွန်တော်ကုပ်ကျီးပေါင်းဖြစ်နေတာ တစ်နှစ်ခွဲလောက်ရှိပါပြီ။ ကျီးပေါင်း တက်ရင် မူးဝေပြီးကုပ်ကြောများလည်း အရမ်းတက်ပါတယ်။ မိမိကိုယ်ကိုလည်းတစ်ခုခုဖြစ်သွားမှာ အရမ်းစိုးရိမ်ပါတယ်။ အင်္ဂလိပ်ဆေးသောက်တာလည်း တစ်နှစ်ခွဲလောက်ရှိပါပြီ။ အလျှင်းပျောက် သွားခြင်းမရှိပါ။ အသက်က ၄၀ ရှိပါပြီ။ အလုပ်ကကားမောင်းပါတယ်။ တစ်နေ့ကို နှစ်နာရီလောက်ပဲ မောင်းနိုင်ပါတယ်။ မောင်းနေရင်းတစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့ပါ။ ဆရာ့မှာကုပ်ကျီးပေါင်း အမူးရောဂါ အတွက် အလျှင်းပျောက်တဲ့နည်း သို့မဟုတ် ဆေးရှိပါက နည်းလမ်းပြပေးစေချင်ပါတယ်။ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုများ နေတဲ့အချိန်တွေမှာ ကျီးပေါင်းပိုတက်ပါတယ်ဆရာ။ ကျွန်တော် အဲ့ရောဂါကို အလျှင်းပျောက်သွားချင်လို့ပါဆရာ။ လမ်းပြကူညီပေးပါဆရာ။

ဖြေ။    ။ ကျီးပေါင်းအတွက် အကောင်းဆုံး မိဿလင်ကြပ်ထုပ်ပြုလုပ်ပုံအဆင့်ဆင့်။     ။ နှစ်ကြာခါးနာ၊ ဇက်ကြောတက်ဝေဒနာသည်များ၊ ဆောင်းရာသီတွင် အအေးပတ်လျှင် ခေါင်းမူးတတ် သူများအတွက် ရေနွေးငွေ့ဖြင့် အပူပေး၍ အချိန်မရွေး ကြပ်ထုပ်ထိုးပေးနိုင်သည်။ အထုပ်နှစ်ထုပ် ပြုလုပ်ပြီး တစ်လှည့်စီ နာရီဝက်ခန့်ထိုးပါ။  မုန်ညင်းဆီ၊  နှမ်းဆီအရင် လိမ်းပြီးမှထိုးလျှင်ပို၍ ချောမွေ့ပါသည်။ ဆေးခန်းသွား၍ ငွေကုန်ခံမည့်အစားမိမိအိမ်တွင် သက်သာမည့်နည်းလမ်း ဖြစ်ပါသည်။  မိဿလင်တစ်မျိုးတည်းနှင့် ကျီးပေါင်းပြေစေပါသည်။  ဒဏ်ကြေစေနိုင်ပါသည်။   ပရဆေးဆိုင်မှာ မိဿလင်ဥဝယ်ပြီး အမှုန့်ကြိတ်အပ်လိုက်လျှင်ရပါသည်။ အခိုးထွက်သည့် ပိတ်စအကြမ်းကို အသုံးပြုပါ။   ဇက်ကျီး ပေါင်း၊ ခါးဆစ်ကျီးပေါင်းကို မိဿလင်ကြပ်ထုပ်ထိုး ပြီးလျှင် သင်္ဘောရွက်ကိုပျော့အောင် ရေနွေးခဏစိမ်ပြီးကပ်ပေးပါ။ ကျီးပေါင်းတဖြည်းဖြည်း ပါးသွားပါ လိမ့်မည်။ ဆေးပူတွေအမြဲမလိမ်းပါနှင့်။ ပရုတ်ဆီမလိမ်းပါနှင့်။ ပူလျှင်ယားလျှင် သနပ်ခါးမြစ် နှင့်သွေးလိမ်းပါ။

မေး။   ။ ဆရာ အသည်းကင်ဆာအတွက် မြန်မာဆေးအနေနဲ့ သင်္ဘောရွက်ထောင်း သောက်လို့ ရပါသလားရှင့်။

ဖြေ။    ။ ရပါတယ်။ သက်တမ်းရှည်စေပါတယ်။ နေ့စဉ်ဟင်းစားဇွန်းသုံးဇွန်းမနက်ညသောက်ပါ။ မေး။      ။ ဆရာရှင့် သမီးဗိုက်ထဲ လေတွေထနေပါတယ်။ လေထရင် လေကလည်ပင်းအထိ စို့နေပါ တယ်ဆရာ။ လေထရင်အသက်ရှူလည်း မဝပါဘူးဆရာ။ ဆရာဝန်လည်းစုံပါပြီ။ ဂက်စ်အပေါ် တက်တယ် ပြောပါတယ်။  ဆေးသောက်လည်းမောပါတယ်။ ထမင်းရည်သောက်ရင် နည်းနည်း သက်သာပါတယ် ဆရာ။ သမီးကိုဆေးနည်းလေးပေးပါလားဆရာရှင့်။ လေကဗိုက်ထဲ လှုပ်လှုပ်နဲ့ ပါဆရာ။

ဖြေ။    ။ လေပူကျဆေးသောက်ပါ။ တိုင်းရင်းဆေးအမှတ်(၂) လေမျိုးရှစ်ဆယ်ဆေးဝယ်ပါ။ ရှောက်ရည်နဲ့ သောက်ပါ။ ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားပါ။ လေပူထသက်သာစေပါတယ်။

မေး။   ။ အသံဝင်ရောဂါဖြစ်နေတာ နှစ်ချီနေပါပြီ။ ဆေးခန်းတွေပြတာမသက်သာဘူး။  သမီးစကား ပြောရင်တစ်ခွန်းနဲ့ နားမလည်ကြဘူး။ အသံကသြသြကြီး ဖြစ်နေတယ်ဆရာ။ သမီးကို ဆေးနည်း လေးပေးပါရှင့်။

ဖြေ။    ။ မက်လင်သီးကိုချဉ်ရည်ဟင်းချက်စားပါ။ တိုင်းရင်းဆေးအမှတ်(၁) မက်လင်ချဉ်လျက်ဆား ဆိုတာရှိတယ်။ ပရဆေးဆိုင်မှာဝယ်လျက်ကြည့်ပါ။ ဝံအူမြစ်သွေး လည်ပင်းမှာလိမ်းပေးရင်လည်း အသံထွက်တယ်လို့ ပြောပါတယ်။

မေး။   ။ ဆရာကျွန်တော့်အမျိုးသမီးက မိုးတွင်းရောက်ရင် ခြေထောက်က သဲဝဲစားတော့တာပဲ။ အသက် က ၄၁ နှစ်ပါ။ ကူညီပါဦးဆရာ။

ဖြေ။    ။ ပျားရည်၊ထောပတ်၊ကန့်မှုန့် သုံးမျိုးရောစပ်လိမ်းပါ။ ကန့်မှုန့်ကိုပရဆေးဆိုင်မှာဝယ်ပါ။

ကြည်လွင်မြင့်(မုဒြာ)