ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော် သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

နေပြည်တော်၊ သြဂုတ် - ၅

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ အတွက် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၈) ကျောင်းဆင်း အရာရှိများက ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၈) ကျောင်းဆင်းအရာရှိများ ကိုယ်စား ဗိုလ်မှူးကြီး ယုလွင်အောင် (အငြိမ်းစား)က ဂုဏ်ပြုချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၈) ကျောင်းဆင်းအရာရှိများကိုယ်စား ဗိုလ်မှူးချုပ် ကျော်သူ (အငြိမ်းစား)နှင့် ဒုတိယ ဗိုလ်မှူးကြီး သွင်မြင့်မောင်(အငြိမ်းစား) တို့က ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၄၅ သိန်းအား ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင် စကားပြန်လည် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။